“အကြော်စုံရမယ်.... အကြော်စုံ ပူပူလေးရမယ်....”
တောမြို့လေးတစ်မြို့၏ လမ်းကြိုလမ်းကြားထဲတွင် စက်ဘီးတစ်စီးတွန်းပြီး
အကြော်လှည့်ရောင်းနေသော အဘိုးအိုတစ်ဦးကို နေ့တိုင်းလိုလို တွေ့ရတတ်သည်။
ဓာတ်ခဲထည့်ထားသော အပေါစား စပီကာမှ ချိုသာသော အသံသည် ရပ်ကွက်တိုင်းကို
ပျံ့လွှင့်သွားသည်။ ထိုအသံမှာ ကျွန်မ၏အသံဖြစ်သည်။ ပိန်လှီနေသော
ခန္ဓာကိုယ်နှင့် စက်ဘီးကို အားစိုက်တွန်းရင်း နေရာလပ်မကျန်အောင်
အကြော်လှည့်ရောင်းနေသော ဆွံအနားမကြား အဘိုးအိုမှာ ကျွန်မ၏ဖခင်ဖြစ်သည်။
ကျွန်မအသက်နှစ်ဆယ်ကျော် လွန်မြောက်လာမှ ကျွန်မတစ်သက်စာမက
အဖေအသုံးပြုခဲ့သော စက်ဘီးပေါ်က ခေါင်းလောင်းလေးနေရာတွင် ကျွန်မ၏အသံကို
သတ္တိရှိရှိ အစားထိုးတပ်ဆင် အသုံးပြုရဲခဲ့သည်။ ဆွံအသော
ဖခင်တစ်ဦးရှိခြင်းသည် ရှက်စရာကောင်းသည်ဟု ကျွန်မသုံးနှစ်သမီးအရွယ်ကပင်
နားလည်ခဲ့သည်။ သိတတ်စအရွယ်ကပင် အဖေ့ကို ကျွန်မရွံ့မုန်းခဲ့သည်။
ကျွန်မအရွယ်ကလေးများ အဖေ့ထံတွင် အကြော်ဝယ်ပြီး ပိုက်ဆံမပေးဘဲ
ထွက်ပြေးလျှင် လည်ပင်းကြောကိုဆန့်ပြီး တစ်ခုခုအော်ဖို့ ကြိုးစားနေသော
အဖေ့ကိုကြည့်ရင်း ကျွန်မ အလွန်ဝမ်းနည်းမိသည်။ အစ်ကိုများလို
ထိုကလေးနောက်သို့ ပြေးလိုက်ပြီး လက်သီးနှင့် ထိုးမပစ်တတ်။ ထိုကလေးများကို
ကျွန်မ မမုန်းမိ။ ကျွန်မမုန်းမိသည်မှာ အဖေဆွံအနေခြင်းဖြစ်သည်။
အမေဆုံးပြီးနောက်ပိုင်း အဖေနှင့်အစ်ကိုနှစ်ယောက်သည် ကျွန်မအပေါ်
အချစ်တွေပိုခဲ့ကြသည်။ အမေချန်ထားရစ်ခဲ့သော တစ်ခုတည်းသော ပစည်းမှာ
အမေအပျိုတုန်းက ဘေးအိမ်မှ အဒေါ်ကြီးနှင့်အတူ တွဲရိုက်ထားသော အဖြူအမဲ
ဓာတ်ပုံတစ်ပုံဖြစ်သည်။ အဖေ့ကို ကျွန်မစကားပြန်မပြောသည့် အခါတိုင်း၊
အဖေ့ကိုဆောင့်အောင့်ပြသည့်အခါတိုင်း အဖေသည် ထိုဓာတ်ပုံကို
ထုတ်ကြည့်တတ်သည်။
“လူ အ သမီး... လူ အ ကြီးသမီး” ဟု အခြားကလေးများ နောက်ပြောင်လျှင်
ကျွန်မအလွန်ဝမ်းနည်းမိသည်။ ထိုကလေးများကို
ကျွန်မပြန်မပြောနိုင်သည့်အခါတိုင်း အိမ်သို့ပြေးပြန်ပြီး
အကြော်ကြော်နေသော အဖေ့ရှေ့ မြေကြီးပေါ်တွင် စက်ဝိုင်းသဏ္ဍာန်
အ၀ိုင်းကိုဆွဲခြစ်ပြီး အလယ်ဗဟိုကို တံတွေးထွေးပစ်ခဲ့တတ်သည်။
ထိုအပြုအမူကို ကျွန်မကိုယ်တိုင် နားမလည်သော်လည်း ကျွန်မဒေါသထွက်တိုင်း၊
မကျေနပ်တိုင်း အဖေသည် ကျွန်မစိတ်ထွက်ပေါက်ရှာရာ နေရာဖြစ်ခဲ့သည်။
အလှောင်ခံရတိုင်း အဖေ့ရှေ့တွင် ကျွန်မပေါက်ကွဲမိတတ်သည်။
စိတ်တိုင်းကျပြောဆိုပြီးမှ ကျေနပ်စွာထွက်သွားသော ကျွန်မကိုကြည့်ရင်း
အဖေသည် တစ်ယောက်တည်း ငေးငိုင်ကျန်နေခဲ့မြဲဖြစ်သည်။
အလှောင်ခံရသော ပတ်ဝန်းကျင်မှ ကျွန်မရှောင်ပြေးချင်ခဲ့သည်။
ကျွန်မစာကြိုးစားခဲ့သည်။ ဘွဲ့ရပညာတတ်လျှင် ဤရွာကလေးမှ ကျွန်မခွာမည်။
လူအကြီး၏သမီးအဖြစ် လူတိုင်းလိုလိုသိနေသော နေရာမှထွက်သွားနိုင်ရန်
ကျွန်မဆုံးဖြတ်ချက်ချမိသည်။ အိမ်ထောင်ပြုကုန်ကြပြီဖြစ်သော
အစ်ကိုများ၏ရည်ရွယ်ချက်ကို ကျွန်မ မသိ။ အဖေ၏အကြော်ဖိုသည်
ထင်းမည်မျှစားလိုက်မှန်း ကျွန်မစိတ်မ၀င်စား။ နွေမှဆောင်း၊ ဆောင်းမှမိုး
ပြောင်းလဲနေသည်။ ပွတ်တိုက်ဖန်များသောကြောင့် အဆံတိုသွားသော အဖေ့၏ မပီမသ
ခေါင်းလောင်းသံမှာ ဘယ်နှစ်ရွာကို ဖြတ်ပြီးပြီဆိုတာကိုလည်း ကျွန်မ
သတိမထားမိတော့။ ကျွန်မ၏ တစ်ခုတည်းသော ဆုံးဖြတ်ချက်မှာ စာကြိုးစားပြီး
ဤရွာလေးကို စွန့်မည်။
++++++++++++++++++++++++
အဖေသည် အမေရှိစဉ်က ချုပ်ခဲ့သော အကောင်းဆုံးဟုထင်ရသော
ပိတ်ကြမ်းအင်္ကျီကိုဝတ်လျှက် မိုးဦး၏ မီးရောင်မှိန်မှိန်အောက်တွင်
ထိုင်နေသည်။ မျက်နှာပေါ်တွင် အားရကျေနပ်သော အပြုံးနှင့် ပါးစပ်မှ
ဝူးဝူးဝါးဝါး မပီမသပြောရင်း ဆီများပေကျံနေသော ငွေစက္ကူတစ်ထပ်ကို
ကျွန်မလက်ထဲသို့ အတင်းထိုးထည့်နေသည်။ ထိုနေ့က ကျွန်မ
အောင်စာရင်းထွက်သောနေ့ဖြစ်သည်။
တက္ကသိုလ်ကျောင်းသူဖြစ်တော့မည့် ကျွန်မကို ဂုဏ်ပြုသည့်အနေဖြင့် အဖေက
ထမင်းစားပွဲလေးတစ်ခု ကျင်းပပေးခဲ့သည်။ ထမင်းစားနေစဉ်
ဆွေမျိုးများရှေ့တွင် အဖေ့ပန်းကန်ထဲသို့ ဟင်းများကို
ကျွန်မခူးထည့်ပေးလိုက်သည်။
“အဖေ ဟင်းတွေစားပါ” အဖေမကြားနိုင်မှန်းသိသော်လည်း
ကျွန်မစိတ်ကိုခန့်မှန်းလို့ရသည် ထင်၏။ ဟင်းများကိုစားရင်း
မျက်ရည်နှင့်အရက်ကို ရောပြီး အဖေမျိုချလိုက်သည်။ (၁၈)နှစ်အတွင်း
ပထမဦးဆုံးမြင်ရသော ကျွန်မ၏ အဖေဟုခေါ်သော ပါးစပ်အမှုအရာကြောင့်ဖြစ်မည်။
ထိုညနေက အဖေသည် လက်ဟန်ခြေဟန်ဖြင့် စကားတွေများနေခဲ့သည်။ အဖေပျော်ပြီး
မူးနေခဲ့သည်။
အဖေ အလုပ်ပိုကြိုးစားခဲ့သည်။ ဆီပေနေသော အကြော်ရောင်းရငွေများဖြင့်
ကျွန်မကျောင်းပြီးသည်အထိ လိုလေသေးမရှိအောင် ပံ့ပိုးပေးခဲ့သည်။
ကျောင်းပြီးတော့ ကျွန်မတို့ရွာနှင့် မိုင်ပေါင်း(၃၀)ခန့်ဝေးသောမြို့တွင်
မူလတန်းပြဆရာမအဖြစ် အလုပ်ရခဲ့သည်။ အဆင်ပြေနေသားကျမှ ကျွန်မနှင့်အတူနေဖို့
အဖေ့ကို သွားရောက်ခေါ်ယူခဲ့သည်။ သမီးမိုက်၏ နောက်ကျမှသိလာသော
အမှားများအတွက် အဖေ့ကို ၀န်ချတောင်းပန်ရဦးမည်။
ကျွန်မစီးသောကားမှာ ရွာမရောက်ခင် လမ်းခုလပ်တွင် တိမ်းမှောက်သွားခဲ့သည်။
သတင်းကြားကြားချင်း အဖေနှင့်အစ်ကိုများက အခင်းဖြစ်ရာနေရာသို့
ချက်ချင်းရောက်လာခဲ့သည်။ အစ်ကိုနှင့်မရီးများက သွေးအလှိမ်းလှိမ်းဖြင့်
မေ့မြောနေသော ကျွန်မကို ပွေ့ဖက်ငိုလေသည်။
အဖေသည် သေလုမြောပါးဖြစ်နေသော
ကျွန်မကိုပွေ့ချီပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ အစ်ကိုများ၏
ပြောပြချက်အရ ပိန်လှီသောအဖေသည် ထိုအချိန်တွင် ကျွန်မကိုပွေ့ချီရာမှာ
ခွန်အားပါလှသည်။ ဆေးရုံသို့ရောက်သော် ဆရာဝန်မှာ စစ်ဆေးမှုများပြုလုပ်ပြီး
မြို့ဆေးရုံသို့ ပြောင်းစေခဲ့သည်။ အစ်ကို့ကိုလည်း ကျွန်မမှာကယ်တင်ဖို့
မရနိုင်ကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရကြောင်း အသိပေးခဲ့သည်။
ထိုအချိန်တွင် ကျွန်မမှာ မေ့မြောနေဆဲဖြစ်ပြီး သွေးတိုင်း၍မရအောင်
သွေးပေါင်များကျနေခဲ့သည်။
အဖေမှာ ကိုယ်လက်အမူအရာများဖြင့် ဆရာဝန်အား ကျွန်မကို ကြိုးစားကယ်တင်ဖို့
တောင်းဆိုနေသည်။
“ကြိုးစားကုသဖို့ ငွေတွေတော်တော်ကုန်လိမ့်မယ်။ ငွေကုန်တယ်ထားဦး
သူ့အသက်ပြန်ရှင်ချင်မှ ရှင်လိမ့်မယ်”
ဆရာဝန်၏ ပြောစကားကို အစ်ကိုကလက်ဟန်ဘာသာစကားဖြင့် အဖေ့ကို ပြန်ပြောပြသည်။
ထိုစကားကိုကြားကြားချင်း အဖေသည် ဆရာဝန်ရှေ့တွင် ဒူးထောက်ချလိုက်သည်။
ထို့နောက် ထရပ်လိုက်သည်။ အကြော်ကြော်သည့်ပုံစံ၊
ကောက်ရိတ်သည့်ပုံစံများကို လုပ်ပြသည်။ ဘာမှမရှိသောတော့ အင်္ကျီအိတ်ထဲသို့
လက်နှိုက်ပြပြန်သည်။ သဘောမှာ.....
ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်သမီးကို အတတ်နိုင်ဆုံး ကယ်တင်ပေးပါ။
ကျွန်တော်အကြော်ရောင်း ကောက်ရိတ်ပြီးရတဲ့ ငွေတွေကို ဆေးဖိုးဝါးခပေးပါမယ်။
ကျွန်တော်သားတွေ ရှိပါသေးတယ်။ လိုအပ်တဲ့ ငွေတွေကို
ကျွန်တော်တို့ကြိုးစားရှာပါ့မယ်” ဆရာဝန်က ခေါင်းခါပြသည်။
အဖေမှာ အိမ်ခေါင်မိုးကို လက်ညှိုးထိုးပြလိုက်၊ မြေကြီးကိုနင်းလိုက်၊
ရင်ဘတ်ကို ပုတ်ပြလိုက်နှင့် “အဲဒီငွေတွေ မလောက်သေးရင်
ကျွန်တော့်အိမ်ကိုရောင်း၊ မြေကွက်ကိုရောင်းပြီး ပေးပါ့မယ်။ ကြိုးစားပြီး
အသက်ကိုကယ်ပေးပါ။ လိုအပ်သလောက် ကျွန်တော်ပေးပါ့မယ်” ဆရာဝန်ကို
ဘာသာပြန်ပြနေသော အစ်ကိုမှာ မျက်ရည်တွဲလဲနှင့်၊ သေဆုံးသူများစွာကို
တွေ့ကြုံဖူးသော်လည်း နားထောင်နေသော ဆရာဝန်များနှင့် နပ်စ်များလည်း
မျက်ရည်ဝဲလျှက်ရှိနေသည်။ သို့သော် အဖေလုံးဝ မျက်ရည်မကျခဲ့....
အဖေ၏ ကြီးမားသောမေတ္တာသည် ကျွန်မကိုကယ်တင်ဖို့ ဆရာဝန်များအား
ယုံကြည်မှုနှင့် ဆုံးဖြတ်ချက်ကို ပေးခဲ့ခြင်းဖြစ်သည်။
ခွဲစိတ်ခန်းအပြင်ဖက်တွင် အဖေသည် ပါးစပ်မှ တတွတ်တွတ်ရွတ်ရင်း
ခေါက်တုန့်ခေါက်ပြန်လျှောက်နေသည်။ ခွဲစိတ်ပြီး ကျွန်မမေ့မြောနေခဲ့သေးသည်။
ဆရာဝန်များက ကျွန်မကို လက်လျှော့လိုက်လေပြီ။ သို့သော်အဖေမှာ မေ့မြောနေသော
ကျွန်မဘေးတွင်ရှိနေခဲ့သည်။ လက်ကြမ်းကြီးနှင့် ကျွန်မမျက်နှာကို
ပွတ်သပ်ပေးပြီး ပါးစပ်မှလည်း ၀ူးဝူးဝါးဝါး ရေရွတ်နေသည်။
“သမီးလေး နိုးလာပါတော့ သမီးလေးရယ်.... အဖေစောင့်နေတယ် သမီးလေး”
ကျွန်မ ဆေးကုသဖို့အတွက် အဖေသည် ရွာတကာလှည့်ပြီး အကြော်ရောင်းခဲ့သည်။
အဖေ့အကြောင်းကို သိထားကြသူများက အဖေ၏ သမီးအပေါ်ထားသော
ကြီးမားသောမေတ္တာကြောင့် အဖေ့ကို အားပေးကြသည်။ သမီးအသက်ရှင်ဖို့အတွက်
အဖေ့ယုံကြည်မှုများက ပိုခိုင်မြဲခဲ့သည်။
တစ်လအကြာ မေ့မြောနေရာမှ ကျွန်မသတိပြန်လည်လာခဲ့သည်။
မျက်လုံးဖွင့်ဖွင့်ချင်း ကျွန်မတွေ့လိုက်သည်မှာက အရိုးပေါ်အရေတင်နေသော
အဘိုးအိုတစ်ဦး၊ မျက်နှာမှာ အံ့သြ၀မ်းသာသော အရိပ်ဖြင့် ပါးစပ်ကြီးဟလျှက်
တစ်ခုခုအော်ဖို့ ကြိုးစားနေသော အဘိုးအိုတစ်ဦး၊ တစ်လအတွင်း ဆံပင်များ
ဆွတ်ဆွတ်ဖြူကုန်ပြီး ပိုအိုစာသွားသော အဘိုးအိုတစ်ဦး...... ကျွန်မ၏
ဖခင်ဖြစ်သည်။ သားသမီးအပေါ်ထားသော အဖေ၏ ချစ်ခြင်းမေတ္တာ၊ ငယ်စဉ်က အဖေ့အပေါ်
ဆက်ဆံခဲ့သော ကျွန်မ၏ ရိုင်းပျသော အပြုအမှုများကို အမှတ်အတေး မထားတတ်သော
အဖေ့၏ ခွင့်လွတ်တတ်သော စိတ်တွေကြောင့်ပင် ကျွန်မအသက်
ဆက်လက်ရှင်သန်နေခဲ့ခြင်းဖြစ်သည်။
+++++++++++++++++++++++++++
တစ်ခါတရံ ခေါင်းကိုက်တတ်သည်မှလွဲ၍ ကျွန်မပကတိ ကျန်းမာခဲ့သည်။
ကျန်ရှိနေသေးသော ဆေးဖိုးအကြွေးများကို အဖေနှင့်အတူ ကျွန်မတို့
ကြိုးစားဆပ်ခဲ့ကြသည်။ ကျွန်မအလုပ်လုပ်သော မြို့လေးတွင် အဖေကို
ကျွန်မနှင့်အတူ နေစေခဲ့သည်။ အကြော်ဆက်မရောင်းရန် ပြောသော်လည်း မရောင်းရ
မနေနိုင်သော အဖေ့အတွက် စက်ဘီးတစ်စီး ၀ယ်ပေးခဲ့သည်။ “ လူ အကြီး၏သမီး” ဟု
အခေါ်ခံလှောင်ပြောင်ရမည်ကို ကျွန်မ မကြောက်တော့။ ထိုကဲ့သို့
အကြင်နာကြီးမားသော ဖခင်တစ်ဦးရှိခြင်းကို ကျွန်မ ဂုဏ်ယူမိနေသေးသည်။
အဖေ၏ စက်ဘီးပေါ်တွင် ကျွန်မအသံသွင်းထားသော စပီကာတစ်ခု တပ်ဆင်ပေးလိုက်သည်။
ကျွန်မ၏ ချိုသောသောအသံကို အဖေမကြားနိုင်သော်လည်း စပီကာခလုတ်ကို
တစ်ချက်နှိပ်လိုက်တိုင်း အဖေသည် ခေါင်းမော့်ပြီး အားရကျေနပ်စွာ
ပြုံးနေတတ်သည်။ ကျွန်မအသံနှင့်အတူ ရပ်ကွက်တကာလှည့်ပြီး ပျော်ရွှင်စွာ
အကြော်ရောင်းနေတတ်သည်။
လူလူချင်းတွင် ချစ်ခြင်းမေတ္တာများသည် ကူးလူးဆက်ဆံနေကြသည်။ ကျွန်မတို့က
ထိုချစ်ခြင်းမေတ္တာကို ခံစားနားလည်တတ်ဖို့ လိုသည်။ ခံယူမျှဝေတတ်ဖို့
လိုသည်။ ကြီးမားချိုသာသော မေတ္တာတေးသံမှာ အသံမဲ့ဖြစ်ကြောင်းကို
ဆွံအနားမကြားသော ဖခင်မှ ကျွန်မသင်ယူခဲ့ရသည်။ ထိုအသံမဲ့တေးသံ၏ ခွန်အားကို
သံသယရှိနေစရာ မလိုပေ။ ထိုခွန်အားမှာ ကျွန်မအား ပါးစပ်မှ
၏ထုတ်ဖော်ပြောမပြနိုင်သော ဖခင်တစ်ဦး၏ သားသမီးအပေါ်ထားရှိသော
ချစ်ခြင်းမေတ္တာကို နားလည်သဘောပေါက်အောင် အမြင့်ဆုံးသို့
တွန်းပို့ပေးခဲ့သည်။
“အနားပဲ့သောနေရာကိုမကြည့်ခဲ့လျှင် ဖန်ခွက်တိုင်းသည် ၀ိုင်းစက်နေ၏။
လူတိုင်းတွင် အားနည်းချက်ကိုယ်စီ ရှိတတ်ကြသည်။ ထိုအားနည်းချက်ကို
လျစ်လျူရှသော် လူတိုင်းသည် လူကောင်းဖြစ်၏”
(ဟိုး..စာတွေ စရေးစမှာ ဘာသာပြန်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ.. FB မှာ
ပြန်မျှဝေပါတယ်။ အဲဒီတုန်းက မြန်မာလက်ကွက်ရိုက်တတ်စမို့ စာလုံးပေါင်းတွေ
တော်တော်မှားပါတယ်.. သည်းခံပေးပါ..)
**နိုင်းနိုင်းစနေ **
--
*From-ကေခိုင် **

No comments:
Post a Comment