**မြောက်ကိုရီးယားကုန်တင်သင်္ဘောနစ်မြုပ်နှစ်ဦးသေပြီး ကိုးဦးပျောက်ဆုံး**
(ကင်တောင်၊ နိုဝင်ဘာ ၁)
မြောက်ကိုရီးယားကုန်တင်သင်္ဘောတစ်စင်း တရုတ်နိုင်ငံအရှေ့ပိုင်းကမ်းလွန်တွင် အောက်တိုဘာ ၂၈ ရက်က နစ်မြုပ်ပြီးနောက် နှစ်ဦးသေဆုံးကြောင်း အတည်ပြုနိုင်သည့် တစ်ချိန်တည်းတွင် သင်္ဘောသားကိုးဦးပျောက်ဆုံးလျက်ရှိကြောင်းဒေသတွင်း ရေကြောင်းသွာလာရေး အရာရှိများက နိုဝင်ဘာ ၁ ရက်က ပြောကြားသည်။ ပနားမားနိုင်ငံအလံလွှင့်ထူထားသည့် အိုရီယင်တယ်ဆန်းရိုက်သင်္ဘောသည် ပနားမားနိုင်ငံအလံလွှင့်ထူထားသော ဟမ်ဘမ်ဘရစ်ကုန်သင်္ဘောနှင့် အောက်တိုဘာ ၂၈ ရက်ည၇ နာရီ ၃၅ မိနစ်က တိုက်မိပြီး နစ်မြုပ်သွားခြင်းဖြစ်သည်။ အောက်တိုဘာ ၃၁ ရက်ကသင်္ဘောသားတစ်ဦး၏ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့သည်။ သင်္ဘောပေါ်လိုက်ပါသည့်သင်္ဘောသားစုစုပေါင်း ၁၉ ဦးရှိသည့်အနက်ကိုးဦးအား ကယ်ဆယ်နိုင်ခဲ့သည်။ သို့သော် ဒဏ်ရာရသူသုံးဦး အနက်တစ်ဦးမှာ သေဆုံးသွားပြန်သဖြင့် သေဆုံးသူစုစုပေါင်းနှစ်ဦးရှိခဲ့သည်။ ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးသမားများက နောက်ထပ်သုံးရက်အထိဆက်လက်ရှာဖွေဦးမည်ဖြစ်ကြောင်း သိရသည်။ သင်္ဘောသားအားလုံးမြောက်ကိုရီးယားနိုင်ငံသားများသာဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
**တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၌ အင်အားပြင်းငလျင်လှုပ်**
(ပေကျင်း၊ နိုဝင်ဘာ ၁)
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျင့်၌ နိုဝင်ဘာ ၁ ရက်နံနက်ပိုင်းကလှုပ်ခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၆ ရှိ မြေငလျင်နှင့် ပတ်သတ်၌ တရုတ်မြေငလျင်အုပ်ချုပ်ရေးအဖွဲ့ (စီအီးအေ)က အရေးပေါ်ကူညီမှုများ ပြုလုပ်လျက်ရှိသည်။ ယီနင်နှင့် ကုန်လူစီရင်စုနှစ်ခု နယ်စပ်ဒေသတွင် မြေငလျင်အဓိကလှုပ်ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုသတင်း ယခုအထိမကြားရသေးပေ။ ငလျင်လှုပ်သည့် နေရာမှအပျက်အစီးသုံးသပ်ချက်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်ရန် ဒေသဆိုင်ရာမြေငလျင်အုပ်ချုပ်ရေးအဖွဲ့များသို့ စီအီးအေက အမိန့်ထုတ်လိုက်ပြီး ယင်းဒေသသို့ အထူးလုပ်ငန်းအဖွဲ့တစ်ဖွဲ့စေလွှတ်ပေးထားသည်။ အဆိုပါ ငလျင်ကြောင့် လူပေါင်း ၂၅၅၀၀၀ တို့သည် ငလျင်ဒဏ်ကြုံတွေ့ရဖွယ်ရှိကြောင်း တာဝန်ရှိသူများက ခန့်မှန်းထားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:
Post a Comment