ကြုံရဆုံရစော်ဘွားမောင်နှံဘ၀ အဝေးဆီမှ နိဂြောဓါဗျာဒိတ်ပေး ဘုရားရှင်ကိုယ်တော်မြတ် လှည့်လည်ရေးအဖွဲ့၏ ဗျာဒိတ်ပေးသံများ ခပ်သဲ့သဲ့ထွက်ပေါ်နေသည်။ တစ်အိမ်ပြီး တစ်အိမ် ရွတ်ဖတ်သရဇ္ဇယ်အပြီး လေးတွဲ့တွဲ့ခရုသင်းမှုတ်သံသည် နာရီခြား ထွက်ပေါ်နေသည်။ ဘုရားလူကြီး၏ ဗျာဒိတ်ပေး အဆုံးသတ်အဖြစ် ”ကောင်းချီး ပေးကြပါကုန်သတည်း” ဟူသော အသံကမူ အကျယ်ဆုံး။ နာရီကို ကြည့်လိုက်တော့ ညတစ်ချက်တီးပြီ။ ကျွန်မတို့ လမ်းထဲသို့မူ မကြွချီသေး။
ကျွန်မတို့လမ်းထဲ၌ မီးထိန်ထိန်လင်းလျက် အိမ်တိုင်းအိမ်တိုင်း ဗျာဒိတ်ခံယူရန် အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်နေကြသည်။ မေမေသည်လည်း အိမ်ရှေ့ မြေကွက်လပ်၌ ကော်ဇောအဖြူခင်းကာ ခုံပုလေးတစ်ခုံကို ပိတ်ဖြူခင်းလျှက် ချထားသည်။ ခုံပုလေးပေါ်တွင် လှူဖွယ်ပစ္စည်းတို့ကို စီရရီ တင်ထားပြီး နေရာချထားနေပြီ။ ကျွန်မကမူ ရှေ့တော်ပြေး စက်ဘီးငယ်များကိုပင် မမြင်ရသေးသည့်အတွက် အိမ်အောက်သို့ မဆင်းသေး။
”ဒီနှစ်ဘုရားပွဲက တော်တော်စည်တယ်သိလား” ဟုညီမငယ်က အနားသို့လာရပ်ရင်း ပြောသည်။ သူမအပြောကို ခေါင်းညိတ် အသိအမှတ်ပြုရင်း မနှစ်ကကျွန်မတို့အဖွဲ့၏ အဖြစ်အပျက်များကိုတွေးမိကာ ပြုံးမိရသေးသည်။
****************
ကျွန်မတို့ပုသိမ်မြို့သည်တခြားနေရာ၌သာ မစည်ကားရှိရမည်။ ဘုရားပွဲတွေကားအလွန်ပေါများ ၊ အလွန်စည်ကားသော မြို့တစ်မြို့ပင်။ တာဝတိံသာဘုရားပွဲ ၊ ယိုးဒယားကုန်းဘုရားပွဲ ၊ ရွှေဝက်လူးဘုရားပွဲ ၊ ကုသိန္နာရုံဘုရားပွဲ ၊ စက်တော်ရာဘုရားပွဲ စသည်ဖြင့် တစ်နှစ်ပတ်လုံး အရပ်အဆိုင်းမရှိ။ ရွှေမုဠောဘုရားကတော့ မြို့ကျက်သရေဆောင်ဘုရား ဖြစ်သည့်အတွက် သင်္ကြန်ပွဲ ၊သီတင်းကျွတ်ပွဲ ၊ တန်ဆောင်တိုင်မသိုးသင်္ယန်းပွဲ ၊ မီးထွန်းပွဲ ၊ စတုဒီသာပွဲ၊ ငါးရာတစ်ဆူပွဲ စသည်ဖြင့် အစဉ်အမြဲစည်ကားနေသည်က သိပ်အထူးအထွေမရှိ။ထူးခြားသည်က နိဂြောဓါ ဘုရားပွဲဖြစ်သည်။ အခြားမြို့တွေ၌ ဤသို့သောပွဲမျိုးမရှိ။ တဖုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦး ဘုရားရှင်ကို ဖူးတွေ့ရပြီးနောက် သာကီဝင် မင်းမျိုးမင်းနွယ်များ ကြားသိကာဘုရားရှင်နှင့် ရဟန္တာများကို ဖူးမြော်ကြည်ညိုရန် သွားရောက် ပင့်ဆောင်ခြင်းကို မူတည်၍ ဘုရားပွဲဖြစ်ပေါ်လာရခြင်းပင်။ ဤဘုရားပွဲ မည်သည့်အချိန်မှ စခဲ့သည်ဟူ၍ ကျွန်မ မပြောနှင့် ကျွန်မအဘိုးပင်မပြောနိုင်။ ရှေးယခင်မှစ၍ ယခုအချိန်အထိ ဘုရားပွဲအစဉ်အဆက် ကျင်းပနေခြင်းပင်။ ဘုရားပွဲကျင်းပနေချိန်မှာ နှစ်လခန့်ကြာသည်။
နိဂြောဓါ သိမ်တော်ကြီးအတွင်း၌ ဗျာဒိတ်ပေး ကိုယ်တော်မြတ်ကြီးနှင့်အတူ ရဟန္တာရုပ်ပွားတော်ပေါင်း မြောက်မြားစွာရှိသည်။ ဟိုးးယခင်ကတော့ ရဟန္တာရုပ်ပွားတော် ငါးရာ အတိရှိခဲ့သည်ဟု ကျွန်မအဖေက ပြောခဲ့ဖူးသည်။ ယခုအခါမှာတော့ (ကျွန်မ လိုက်ရေအကြည့်အရ) နှစ်ရာကျော်ခန့်သာ ရှိတော့သည်။ အချိန်ကာလ ကြာမြင့်မှုက ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့ဟန်တူသည်။ ထိုနိဂြောဓါ သိမ်တော်ကြီးရှိရာလမ်း၌ ဘုရားပွဲ စတင်လိုက်ပြီ ဆိုသည်နှင့် ဘုရားရှင်ကိုယ်တော်မြတ် ရုပ်ပွားတော်ကို ပင့်ဆောင်ပူဇော်ရန် ရပ်ကွက်အသီးသီး လမ်းအသီးသီးမှ မဲနှိုက်ကြသည်။ အရင်ဆုံးပူဇော်ရန် မဲပေါက်သည့် ရက်ကွက်မှ အဦးဆုံးပင့်ဆောင် ပူဇော်ရသည်။ ပူဇော်ရက်မှာ သုံးရက်ဖြစ်သည်။ ထို့နောက် ဆင့်ကဲဆင့်ကဲ မဲနံပါတ်စဉ်အတိုင်း ရပ်ကွက်အသီးသီးမှ ပင့်ဆောင် ပူဇော်ကြသည်။ ပူဇော်သည့် ရပ်ကွက်တိုင်း၌လည်း ဘုရားပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသည်။ ထိုသို့ရပ်ကွက်ကြီးများက နိဂြောဓဘုရား ပင့်ဆောင် ပူဇော်နေကြချိန်တွင် ရပ်ကွက်ငယ်များက မိမိတို့ ပင့်ဆောင်ပူဇော်သည့် ရဟန္တာ အမည်နာမတော်များကို ကြိုတင် စာရင်းသွင်းထားရသည်။ ရဟန္တာ ပူဇော်ရေးကတော့ များပြားလှသည့်အတွက် မဲနှိုက်စရာမလို။ တစ်ဆူမရလျှင် နောက်တစ်ဆူ ပင့်ဆောင်၍ ရနိုင်သည်။
ဘုရားပွဲလှည့်လည်ရန် သုံးရက်အလို နောက်ဆုံးမဲကျရပ်ကွက်၌ နိဂြောဓါ ပင့်ဆောင်ပူဇော်ချိန်တွင် ရက်ကွက်ငယ်များ၏ ရဟန္တာ ပင့်ဆောင် ပူဇော်ရေးကလည်း တပြိုင်နက်တည်း စတင်တော့သည်။ ထိုအချိန် ရောက်လာမှဖြင့် တစ်မြို့လုံး ဘယ်ဘက်ခြေချချ ပွဲခင်းသံတွေချည်း။ တစ်မြို့လုံး လေယာဉ်ပျံနှင့် ၀ဲကြည့်လျှင် မီးရောင်တထိန်ထိန်နှင့် ဆိုင်းသံဗုံသံတွေ အနှံ့အပြား မြည်ဟိန်းနေမည်မှာ မုချ။ နိဂြောဓါ ဘုရားရှင်နှင့်တကွ ရဟန္တာ ကိုယ်တော်မြတ်များကို မြို့လုံးအနှံ့ ပင့်ဆောင်ပူဇော်ရန် နောက်ဆုံးကျသည့် ရပ်ကွက်ဖြစ်ရာ ဘုရားပွဲလှည့်ရာတွင် ရှေ့ဆုံးမှဘုရားကြီး ပင့်ဆောင်ရန် ပန်းရထား နတ်သားလေးပါး ၊ဗြဟ္မာလေးဦးစီဖြင့် ပြင်ဆင်ရပါသည်။ ရဟန္တာပင့်သော ရပ်ကွက်ငယ်များကတော့ သူတို့ပင့်ဆောင်သော ရဟန္တာ လှည့်လည်ရေးအတွက် တာဝန်ယူကြရပါသည်။ နန်းတွင်းသူ ၊နန်းတွင်းသား အယောက်သုံးဆယ်၊ ကဠုဒါယီအမတ် ၊ သားတော်ရာဟုလာ ၊ ရှမ်းကုန်သည် အယောက်တစ်ရာ စသည်တို့ကိုတော့ သက်ဆိုင်ရာ ရပ်ကွက်များမှ သင့်တော်သူများကို ရွေးထားပြီး၊ ပြင်ဆင်ထားပြီး။
သို့သော် လိုနေသည်က ရှမ်းကုန်သည်တို့ကို ဦးဆောင်မည့် စော်ဘွားမောင်နှံ ၊ လိုနေသည် ဆိုတာထက် လုပ်ချင်သူများလှ၍ ရွေးမရခြင်းပင်။ ကျွန်မတို့ သူငယ်ချင်းအုပ်စုမှာ အနုပညာပိုး မသေးလှရာ နန်းတွင်းသူ ၊နန်းတွင်းသား အုပ်စု၌ကော ၊ ရှမ်းကုန်သည် အုပ်စု၌ကော ဒုနှင့်ဒေး။ တကယ်တော့ ကျွန်မသည်လည်း ရှမ်းကုန်သည် ကတော်တစ်ဦးလုပ်ရန် ရွေးချယ်ထားခံရသူပင်။ သို့သော် ကျွန်မက နှစ်စဉ်လုပ်နေကျ ရှမ်းကုန်သည် မလုပ်ချင်။ ရှေ့ဆုံးမှ ရှမ်းစော်ဘွားကတော် လုပ်ချင်သည်။ ဒီလို လုပ်ချင်တာကလည်း အကြောင်းရှိသည်။ ထိုနှစ်က ပုသိမ်နိဂြောဓါ ဘုရားပွဲကို မြ၀တီမှ မှတ်တမ်းတင်လာရိုက်ပြီး ဗျူးမည်ဟု သတင်းသန့်သန့် ကြားနေရသည်။ တိုင်းသိပြည်သိ ပါမည်ဆိုလျှင်တော့ အဆောင်အယောင် အများဆုံး ရှမ်းစော်ဘွားကတော်သာ လုပ်ချင်သည်ပေါ့။ ကျွန်မ၏ ဆန္ဒအတိုင်းပင် ရှမ်းစော်ဘွားကတော် လုပ်ခွင့်ရခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်မနှင့်တွဲရမည့် ရှမ်းစော်ဘွား လုပ်သူမှာ အရပ်အနည်းငယ် ပုသဖြင့် အရပ်ပုသူကျွန်မနှင့် အဆင်ပြေနေသောကြောင့်ပင်။
***************
ကျွန်မဆန္ဒအတိုင်း လုပ်ခွင့်ရခဲ့သဖြင့်ဘုရားပွဲ လှည့်မည့်နေ့အတွက် အားတက်သရော ပြင်ဆင်ခဲ့သည်။ ကျွန်မနှင့် အတူယှဉ်တွဲမည့်သူနှင့် တိုင်ပင်၍ အရောင်တူ ၀တ်စုံချုပ်ရန် ၊ကားငှားရန် ၊ဖိနပ်အပ်ရန် ၊မိတ်ကပ်ဆရာ ရက်ချိန်းကြိုတင်ယူရန် စသည်ဖြင့် မမောနိုင် ၊မပန်းနိုင် ပြင်ဆင်ခဲ့ရသည်။ ထိုသို့ အားကြိုးမာန်တက် လှုပ်ရှားခဲ့၍လား ၊စိတ်လှုပ်ရှားမှုကြောင့်လား မသိ လှည့်မည့်နေ့တွင် ကျွန်မ ဖျားတော့သည်။ ထိုအခါ ဂေါပက အတွင်းရေးမှုးက
”သမီးဖြစ်ပါ့မလား။ တစ်နေကုန် လှည့်ရမှာနော် ..။ လူလဲမလား ”
”ရတယ် ဦး ”
ကျွန်မ ခေါင်းမာစွာ ငြင်းပယ်ခဲ့သည်။ ကျွန်မကြိုတင် စီစဉ်ခဲ့သမျှ အရာမထင်မှာကို လက်မခံနိုင်လှပါ။ ထို့နောက် ကျွန်မမျက်လုံးများ ရီဝေနေသော်လည်း ဆေးသောက်ကာ ပြင်ဆင်ပြီး ကားပေါ်တက်လိုက်ပါသည်။ လမ်းတလျှောက်၌ မည်သည့် အခက်အခဲမှမရှိ အဆင်ပြေချောမွေ့ခဲံသည်ချည်း။ လမ်းဘေး ၀ဲယာတလျှောက်၌ လူများ တိုးမပေါက်အောင်ပင် စည်ကားလှသည်။ လူတချို့သည် ကျွန်မတို့ကားကို တအံ့တသြ ငေးကြည့်နေတာကိုလည်း တွေ့ရသည်။ ကျွန်မကမူ ကျွန်မတို့ကား၏ အပြင်အဆင် ခမ်းနားမှုကြောင့် အံ့သြငေးမောနေတာဟု ယူဆသည်။ သို့သော် ပြဿနာက ရှမ်းလူဆိုးများ ဓားပြတိုက်သည့် အခန်းဖြစ်သည်။ တည်တည်ငြိမ်ငြိမ် လှည့်လည်လာရာမှ မုံရွာရေဦး လမ်းမကြီးအရောက်၌ အစီအစဉ်အတိုင်း ရှမ်းလူဆိုး (ဓားပြ)များ၊ ကုန်သည်များ ၊စော်ဘွားများကို ဓားပြတိုက်ကြသည်။ ဓားပြများက အနက်ရောင်များ ၀တ်ဆင်ထားပြီး စက်ဘီးနှင့် အုပ်လိုက် ဖြစ်သည်။ ဓားပြခေါင်းဆောင် လေးယောက်က ထုံးစံအတိုင်း စော်ဘွားမောင်နှံကို ဓားပြတိုက်ရန် ကားပေါ်ခုန်တက်လာသည်။ ထိုအခါ ကျွန်မက ဇာတ်ကွက်အတိုင်း စော်ဘွားကိုဖက်ကာ ကြောက်ရွံ့ဟန်ပြရသည်။ စော်ဘွားက မျက်နှာထား တင်းတင်းမာမာနှင့် ကျောက်စီဓားကို ထုတ်ကာ ဟန်ရေးပြသည်။
ထိုပြကွက်၌ ပရိသတ်က မထင်မှတ်စွာ ၀ါးကနဲ ထရယ်ကြသည်။ ကျွန်မတို့အားလုံး ရုတ်တရက် မှင်တက်မိသွားသည်။ တကယ်တော့ ကျွန်မတို့လုပ်တာ ဘာမှမမှား။ ရယ်စရာလည်း အကြောင်းမရှိ။ ကျွန်မက အတွေ့အကြုံရှိ၍ ထိန်းလိုက်နိုင်သော်လည်း စော်ဘွားလုပ်သူမှာ တစ်ခါမှမလုပ်ဖူး၍ မျက်နှာပျက်ကာ အငိုက်မိသွားသည်။ ထို့ကြောင့် ဓားရေးမှာ ကပြောင်းကပြန်ဖြစ်ကာ ဓားပြမထိုးမိဘဲ စော်ဘွားကတော် ကျွန်မကိုသာထိုးမိသွားသည်။ ဓားမှာ ကော်ဓားဖြစ်၍ ဘာမှတော့ မဖြစ်။ သို့သော် ပရိသတ်အမြင်၌ ကျွန်မကိုထိုးမိသွား၍ အလျင်အမြန် လှဲချလိုက်ရသည်။ ထိုအခါ ဓားပြက အခြေအနေကို သဘောပေါက်ကာ စော်ဘွားကို ဖိတိုက်ပြသည်။ သဘောကသူတို့ဘက်က အသာစီးရသည့်သဘော။ သို့သော် စော်ဘွားက ဓားဖြင့်ခုတ်သည့်ဓားပြကို ရှောင်ရမည့်အစား ကျွန်မကိုသာ အကြောင်သား ငေးကြည့်နေသည်။ ဇတ်ကွက်တွေက ကပေါက်တိ ကပေါက်ချာတွေ ဖြစ်ကုန်တာကိုး။ ပိုဆိုးတာက ဓားပြ၏ဓားကို မရှောင်သည့်အတွက် ပရိသတ်က တ၀ါးဝါး ဖြစ်ကုန်သည်။ ဟုတ်ပ သည်စော်ဘွားက ဓားနဲ့တရစပ် သည်လောက်ခုတ်နေတာတောင် ဘာမှမဖြစ် အကြောင်သားရပ်လို့။ ကျွန်မစိတိုတိုနှင့် ဓားပြလုပ်တဲ့သူရော ၊စော်ဘွားကိုရော လဲနေရာမှ ဒိုင်းကနဲမျက်စောင်း ပိတ်ထိုးလိုက်သည်။ သည်တော့ ဓားပြက ဓားရေးရပ်ကာ စော်ဘွားက သတိဝင်လာပြီး ဓားဆွဲခုတ်တော့သည်။
”ဟေ့ကောင် ခုတ်မနေနဲ့တော့ ၊တကယ်ဆို ငါခုတ်တာ မင်းသေလောက်ပြီ။အမြန်လှဲချ ..ပြီးရင် ရတနာ ထုတ်ပေးတော့ ”
ဒါတောင် စော်ဘွားက ကြောင်တောင်တောင်ဖြစ်နေလို့ ကျွန်မက လဲကျနေရာက အားတင်းထသလိုလိုနဲ့ စော်ဘွားအင်္ကျီစ ဆွဲပြီး မျက်နှာမှိုင်မှိုင်ကလေး လုပ်ပြီး သူ့ကိုအားကုန် ဆောင့်ဆွဲချလိုက်တယ်။ ပြီးတော့ ဓားပြကိုမျက်စပစ်ပြီး ကိုယ့်ဟာကိုယ် ရတနာယူပြီးပြန်တော့လို့ အချက်ပေးလိုက်ရတယ်။ စော်ဘွားခမျာမှာ ညင်ညင်သာသာ မကျဘဲ အလဲလဲအပြိုပြို ကျလာလို့ ရှုံ့မဲ့ညည်းတွားနေလေရဲ့။ အမယ် ပရိသတ်က ဒီတော့လည်း လက်ခုပ်သံ တဖြောင်းဖြောင်း။ ဒါပေမယ့် စိတ်မသက်သာစရာက လက်ခုပ်သံနဲ့အတူ ရယ်သံတွေ တဝေါဝေါ။ စော်ဘွားလေးမှာ နာကျင်တဲ့အရှိန်နဲ့ရော ၊ရှက်တာနဲ့ရော ပေါင်းပြီး မျက်နှာကို ရဲတွတ်နေတာပဲ။ ကျွန်မကတော့ မချိသွားဖြဲပေါ့။
********************
စတာထွက်ကာစမို့ အမှားအယွင်းဖြစ်တာလို့ ယူဆပြီး နောက်လမ်းမတစ်ခုကို အရောက်မှာ စော်ဘွားမောင်နှံနှစ်ယောက် တက်တက်ကြွကြွ ပြန်ဖြစ်လာပြန်သည်။ ကျွန်မကလည်း ဒီတစ်ခါတော့ အသေအချာ လုပ်မယ်ဆိုပြီး ဟန်တပြင်ပြင်နှင့်။ ထုံးစံအတိုင်း ဓားပြတွေတက်လာပြန်သည်။ စော်ဘွားက ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ မတ်တပ်ရပ်လိုက်သည်။ ကျွန်မက ကြောက်ရွံ့ဟန်လုပ်ကာ စော်ဘွားနောက်ကွယ် ခပ်ရို့ရို့ ၀င်ရပ်လိုက်သည်။ ထိုအခိုက် ပရိသတ်က ၀ါးကနဲ ရယ်လိုက်ကြသည်။ ဘုရား ဒီတစ်ခါတော့ ကျွန်မပါ သွေးပျက်ပြီ။ ကျွန်မတို့ကပြနေတာ ဟာသမဟုတ်ပါ။ နှစ်နေရာကပြသည်။ နှစ်နေရာ ဟာသဖြစ်သည်ဆိုတော့ ကျွန်မ ဘာဆက်လုပ်ရမှန်းမသိ။ စော်ဘွားခမျာမှာလည်း မျက်နှာမှာ ဆီးရွက်လောက်သာ ကျန်တော့သည်။ သူဓားတစ်ချက် တစ်ချက် ခုတ်လိုက်တိုင်း ပရိသတ်က ၀ါးကနဲ ၀ါးကနဲ ရယ်ကြသည်။ ထို့နောက် တ၀ါးဝါး ရယ်ကြသည်။ စော်ဘွားမှောင်နှံ နှင့် ဓားပြမှာ အစီအစဉ်တိုင်းသာ ဆက်လုပ်နေရသည်။ မျက်နှာတွေမှာ သွေးပျက်ကုန်ပြီ။ ဓားပြကို အောင်နိုင်ပြီး ဓားပြတွေ ဆင်းပြေးသွားသည်အထိ ပရိသတ်က ရယ်သံမစဲ။ ကျွန်မမှာ နားမလည်နိုင်သော်လည်း မတတ်နိုင်။ ရယ်သံနှင့်အတူ ပါလာသည့် လက်ခုပ်သံတွေနှင့်သာ ဖြေသိမ့်နေရသည်။ မျက်နှာတွေမှာမူ အချဉ်သီး စားမိသညိ့ပမာ ရှုံ့တွနေကြသည်။ ထိုအခိုက် နန်တွင်းသူ ၊နန်းတွင်းသား အုပ်စုထဲမှ ၀န်မင်းလုပ်သည့် ကျွန်မသူငယ်ချင်းတစ်ဦး ကျွန်မတို့ ကားဘေးမှ ဖြတ်သွားပြီး ကျွန်မတို့ကို လှမ်းနှုတ်ဆက်သည်။ သူ့မျက်နှာ၌ အံ့သြတကြီး အပြောင်းအလဲများစွာ ဖြစ်သွားပြီး ကျွန်မတို့ကားပေါ် တက်လာကာ-
”မိသူ နင်ဘာတွေ ထွင်ထားတာလဲ”
”ဟမ် ဘာထွင်လို့လဲ”
”ဟာ နင်ဘာလို့ ခေါင်းဆောင်း မှားတပ်ထားတာလဲ”
ဘုရား…. ကျွန်မ ခေါင်းနပန်း ကြီးသွားသည်။ သွားပြီ….. ခေါင်းဆောင်းကို အလျင်အမြန် ကြည့်ပြီးသည့်နောက်တွင်မူ နေရာတွင်သာ ပုံရက်သားလဲ၍ သေချင်စိတ် ပေါက်သွားသည်။ တကယ်တော့ ရှမ်းစော်ဘွားဝတ်စုံ ဆင်တူသည် ယောကျာ်း ၊မိန်းမ သိပ်ခွဲခြား၍ မရသလို.. ကျွန်မတို့နှစ်ယောက် မိတ်ကပ် ပြင်ဆင်ထားမှုကြောင့်ရော ၊မိန်းမချော ချောသည့် စော်ဘွားလုပ်သူကြောင့်ရော စော်ဘွားမှန်း ၊စော်ဘွားကတော်မှန်း သိပ်မသိသာလှပါ။ အဓိက ပရိသတ်ကို သိစေသည်မှာ ခေါင်းဆောင်း ဖြစ်သည်။ စော်ဘွား၏ ခေါင်းဆောင်းမှာ မဟာရာဂျာ ဆောင်းသည့် ခေါင်းဆောင်းမျိုး ဖြစ်ကာ ကျောက်နီတစ်လုံး ကပ်ထားပါသည်။ စော်ဘွားကတော်ဆောင်းသည့် ခေါင်းဆောင်းမှာ ပန်းခက်နွယ်များ လှပစွာထိုးထားပြီး နောက်ပိုင်း၌ ပ၀ါဖြူ လွှမ်းထားပါသည်။ ခေါင်းဆောင်း မှားဆောင်းသောကြောင့် ကျွန်မကစော်ဘွားဖြစ်ပြီး သူကစော်ဘွားကတော် ဖြစ်နေပါသည်။ ထို့ကြောင့်ကျွန်မတို့ ပြကွက်များကို ပရိသတ်ရယ်သည်မှာ မဆန်း စော်ဘွားက ကြောက်ကြောက်ရွံ့ရွံ့နှင့် စော်ဘွားကတော်က ဓားဆွဲကာ ရန်သူကိုရွပ်ရွပ်ချွံချွံ ခုခံနေရသည် ဘယ်လောက် အူကြောင်ကြောင် နိုင်လိုက်ပါသနည်း။
တကယ်တော့ ကျွန်မရဲ့အမှားပင်။ အဖျားရှိန်ကြောင့် မျက်လုံးရီဝေေ၀ ဖြစ်နေတာကြောင့်ရော ၊လူစားထိုးခံရမှာ စိုးတာကြောင့်ရော တွေ့ရာဦးထုပ် အမြန်ဆောင်းပြီး ကားပေါ် အမြန်တက်ခဲ့တာပင်။ စော်ဘွားလုပ်သူကတော့ နဂိုကတည်းက ဘာမှမသိသူဖြစ်ရာ ခပ်အေးအေးပင် ကျန်သောခေါင်းဆောင်း ဦးထုပ်ကို ဆောင်းခဲ့ခြင်းပင်။ အခုမှတော့ ဘာမှမတတ်နိုင်။ ကားပေါ် ရောက်ကာစမှာပင် ခေါင်းဆောင်း ပြုတ်မည်စိုးသောကြောင့် ကျွန်မရော ၊သူရော အသီးသီး ဆံညှပ်တွေထုတ်ကာ ညှပ်ခဲ့ကြပြီးပြီ။ ထို့ပြင် ဆိုင်းသံ ၊ဗုံသံတွေကလည်း နောက်တစ်ပွဲကရန် အသံစနေပြီ။ ၀န်မင်းကလည်း သူ့နေရာသူပြန်သွားပြီ။ ကျွန်မတို့ ဘာများ တတ်နိုင်ဦးမည်နည်း။ ထုံးစံအတိုင်း ကပြရန်သာ ရှိတော့သည်။ ဒီတစ်ခါတော့ အပြည့်အ၀ပင် ပရိသတ်ရယ်သံ မျှော်လင့်ကာ ခပ်ပြောင်ပြောင်ပင် ကပြလိုက်သည်။ အဲဒီလိုမလုပ်ရအောင်ကလည်း ကျွန်မက ဓားမခုတ်တတ်သလို ၊သူကလည်း ကနွဲ့ကလျ မလုပ်တတ်။ ထိုသို့သာ ပြောင်းပြန် လုပ်ရလျှင် ပရိသတ်မရယ်ဘဲ သူနှင့်ကျွန်မသာ ခွက်ထိုးခွက်လန် ရယ်ရမည့်ကိန်း စော်ဘွားမောင်နှံ နှစ်ယောက် ဓားပြမခုခံဘဲ ထရယ်နေလျှင်တော့ ကောင်းပါလေရော။ အဲဒီ့တော့ အရင်တိုင်းပဲပေါ့။ ပရိသတ်ကတော့ တ၀ါးဝါး ၊ တဟားဟား။ ထိုနေ့က ပရိသတ်ထံမှ ကြားရသည့်အသံမှာ-
”ဒီနှစ်ဘုရားပွဲက မဆိုးဘူး။ ဟာသတွေပါ ထည့်ထားတယ်” တဲ့
ကျွန်မတို့မှာ ရယ်ရမလို …..ငိုရမလိုနဲ့ပဲ………။
********************
”မမ ရှေ့ပြေးစက်ဘီးတွေတောင် ရောက်နေပြီ။ လာလေ အောက်ဆင်းကြမယ်”
ညီမလေးရဲ့အသံက ကျွန်ရဲ့အတွေးရေယဉ်ကြောကို ဖြတ်တေက်လိုက်ပါတယ်။ မနှစ်က ကျွန်မရဲ့ အဖြစ်အပျက်ကို တွေးမိတိုင်း..ပြုံးမိဆဲပါ။ အရှိန်အ၀ါ ၊ အဆောင်အယောင်များတဲ့ စော်ဘွားကတော် လုပ်ချင်လွန်းလှတဲ့ ကျွန်မမှာ မထင်မှတ်ဘဲ လူရွှင်တော်ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကို တွေးမိတိုင်း….မြင်ယောင်မိတိုင်း…………………………..။
**ရွှေအိမ်စည်**
န၀ဒေးမဂ္ဂဇင်း
၂၀၀၂၊အောက်တိုဘာ
** From-ကိုတင့်**

No comments:
Post a Comment