ပေးစရာ အမွေမရှိပေမယ့်လည်း အများသူငါတွေ ကြော်ငြာသလို အမွေပြတ်စွန့်လွှတ်ခြင်း လို့ပဲ ကြော်ငြာပါရစေ အနည်းဆုံးတော့ လူရှိန်တာပေါ့ ဒီအခါမှာ ကြော်ငြာကို ဖတ်မိတဲ့သူတွေက သို့လော သို့လော တွေးကြလိမ့်မယ် မှတ်ချက်တွေ အမျိုးမျိုး မရိုးအောင် ပေးကြလိမ့်မယ် တယောက်စကား တယောက်နားနဲ့ အားအားယားယား မကြားတကြားတွေလည်း ပြောကြလိမ့်ဦးမယ် ဒီကြော်ငြာဟာ လူသိများအောင်လုပ်တာ မဟုတ်ပါဘူး။ နာမည်ကျော်ဖို့ မလိုအပ်ပါဘူး။ စာလုံးအမည်းနဲ့ ပါဖို့ မရည်ရွယ်ပါဘူး။ တစုံတယောက်ကို တစုံတခုသော ဆက်သွယ် ပတ်သက်နေမှုကနေ အကြောင်းတစုံတရာကြောင့် နောက်နောင်ကို ဆက်လက် ပတ်သက်လိုစိတ် အလျင်း မရှိတော့ဘူး ဆိုတဲ့အကြောင်း သိသာထင်ရှားစေတဲ့ ကြော်ငြာပါ။ ဒီနေရာမှာ တစုံတယောက်နဲ့ အကြောင်းတစုံတရာ ဆိုတာကို အများက စိတ်ဝင်စားကြမယ် တယောက်ကို တယောက် တီးတိုး မေးနေကြလိမ့်မယ်။ ဘယ်သူကလဲ ဘယ်သူ့ကိုလဲ ဘာလို့လဲ ဘာဖြစ်ကြတာလဲနဲ့ - လဲ ပေါင်းများစွာ မေးကြလိမ့်မယ်။ ။အဲဒီအမေးတွေအတွက် ဖြစ်နိုင်ချေ တချို့ ရှိပါတယ်။ အမွေပြတ် စွန့်လွှတ်ခြင်းခံရတဲ့သူဟာ အင်္ကျီအနက်ရောင် ဝတ်ထားတဲ့သူ ဖြစ်မယ် ။မျက်မှန် အစိမ်းရောင် တပ်ထားတဲ့သူ ဖြစ်မယ်။ နောက်မြီးပြတ်နေတဲ့ ဖိနပ်အစုတ်နဲ့ ကက်တလီယာ ခရမ်းရောင်တပွင့်ကို နင်းခြေချင်တဲ့သူ ဖြစ်မယ်။ အနေအစား ချောင်ဖို့အတွက် အမှန်တရားကို လက်ခုတ်မတီးချင်တဲ့သူ ဖြစ်မယ်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့သူ ဖြစ်မယ်။ ကတိသစ္စာ မတည်တဲ့သူ ဖြစ်မယ်။ မီးပွိုင့်နီနေတုံး စည်းကမ်းမဲ့ လမ်းဖြတ်ကူးတဲ့သူ ဖြစ်မယ် ။ပိုင်ဆိုင်သမျှထဲက စက္ကူစွန်တကောင်ကို လေထဲမှာ မစွန့်လွှတ်နိုင်တဲ့သူ ဖြစ်မယ်။ လေးလံတဲ့ ဝန်ကိုထမ်းရင်း မမှီမကမ်းကနေ အတင်း ပြေးလိုက်နေတဲ့သူ ဖြစ်မယ်။ နီးနီးလေးကနေ ကပ်ကြည့်မှ မြင်ရတဲ့ အဝေးမှုန် ဖြစ်မယ်။ သံသယတွေ မတင်မကျနဲ့ အရွယ်ကျနေတဲ့သူ ဖြစ်မယ် နေရာတကာမှာ အသံကျယ်ချင်တဲ့သူ ဖြစ်မယ်။ အရာရာကို အကြောင်းပြချက်မရှိပဲ ကျောခိုင်းနေတဲ့သူ ဖြစ်မယ်။
ဒီလိုအုပ်စုထဲမှာ ပါဝင်တဲ့သူတိုင်းကို အမွေပြတ် စွန့်လွှတ်တယ် ။ဒီကြော်ငြာကို ထည့်ပြီးမှ ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်တော့ ကိုယ်ပေါ်မှာ အင်္ကျီအနက်ရောင်၊ ပြီးတော့ တစုံတရာကို ကျောခိုင်း လှည့်ထွက်လာခဲ့တယ် ။ဟုတ်ကဲ့ ကျုပ် တိုက်ဆိုင်တာကတော့ ဒီ နှစ်ခုထဲပါပဲ ။ခင်ဗျားတို့ရော ဘယ်နေရာတွေမှာ တိုက်ဆိုင်နေကြပါသလဲ…
**Posted by သက်ဝေ **

No comments:
Post a Comment