“ကယ်ပါဦးဗျာ. ကယ်ကြပါဦး . ကျွန်တော့်ကို ကယ်ပါဦးဗျာ”
“အသက်ကို ချမ်းသာပေးပါဗျာ. ကျွန်တော့်အသက်ကိုချမ်းသာပေးပါ..”
အေးချမ်းနေတဲ့ နံနက်ခင်းလေးမှာ စူးခနဲ အော်သံကို ကြားနေမိပါတယ်. ။ အသံက အဝေးက လိုလို ၊ အနီးက လိုလိုပါပဲ.။
“ကယ်ပါဗျာ .ကျွန်တော့်ကို သနားပါ.”
“ကယ်ကြပါဗျာ. ကျွန်တော့်ကို အသက်ချမ်းသာခွင့်ရအောင် ကယ်ပေးကြပါ.”
သေချာနားထောင်ကြည့်တော့ အသံက ပိုပီပြင်လာပါတယ်. ။ ပြီးတော့ တစ်ယောက်ယောက်ကို အားကိုတကြီး လှမ်းအကူအညီတောင်းနေသံပါပဲ. ။ သူ့ခမျာ ကြောက်လွန်းလို့လားမသိဘူး .တစ်ချက်တစ်ချက် အော်ရင်းနဲ့ကို အသံတွေ ၀င်သွားတယ်. ။ ပီ လိုက် မပီ လိုက်ပါပဲ. ။ ပြီးတော့ဗျာ. ငိုသံကလည်း ရောနေသေးတယ်.။ ကြားရသူအဖို့ ဂရုဏာပိုစရာပါပဲ. ။ ဒီလိုအသံမျိုး ၊ ဒီလိုအကူအညီတောင်းပုံမျိုးကို ဗုဒ္ဓဘာသာ မြန်မာလူမျိုး ဖြစ်တဲ့ ကျွန်တော်က လစ်လျှူရှု့မနေနိုင်ပါဘူး. . ။ ဒါကြောင့်ပဲ အိပ်ရာက ထလိုက်တယ်.။ ပြီးတော့ ဟိုဟိုဒီဒီ ရှာကြည့်လိုက်တာပေါ့..
အလိုဗျာ. . . ကျွန်တော်က အော်နေတာ လူတစ်ဦးတစ်ယောက်လို့ ထင်ထားတာဗျ.။ အခုတော့ ကျွန်တော်ထင်သလိုမဟုတ်ဘဲ. ။
ငှက်ကလေးတစ်ကောင်းဗျ. ဟုတ်တယ် .ငှက်ကလေးတစ်ကောင်က အော်နေတာ.။
ကြောင်တစ်ကောင်ရဲ့ လက်ထဲက ငှက်ကလေး .။ ကြောင်လေးက မစားသေးဘူးပေါ့. ထုံစံအတိုင်း ငှက်ကလေးကို ကစားနေသေးတယ်. ။ ငှက်ကလေးကဗျာ ကျွန်တော့်ကို အားကိုးတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတယ်.။ မျက်လုံးအိမ်ထဲမှာလည်း မျက်ရည်တွေ ပြည့်လို့ပေါ့ ။ သူ့ကို ကယ်ပေးပါ. သူ့အသက် ချမ်းသာခွင့်ရအောင် ကူညီပေးပါ ဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ ကျွန်တော့်ကို ကြည့်နေတယ်. ။ ပြီးတော့ဗျာ .သူ့မှာ ကြောက်လို့လား မသိဘူး. အသားတွေ တစ်ဆက်ဆက်တုန်နေတယ်. ။ ခြေထောက်လေးတွေကလည်း ကြောက်ကြောက်လန့်လန့် နဲ့ အားကိုးရှာနေတယ်ထင်ပါတယ်. ။ ဟိုစမ်း ဒီစမ်းပေါ့. ။ တစ်ခုခုကို ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားနေသလိုပါပဲ. ။
အသံကြားကတည်းက သနားမိနေတဲ့ ကျွန်တော်က ငှက်ကလေးကို မြင်တော့ ပိုပြီး သနားမိသွားတယ်. ။ ပြီးတော့ ကျွန်တော် ဘာလုပ်ရမလဲ….။ ကျွန်တော်ဘာလုပ်ရမလဲဆိုတာကိုလည်း စဉ်းစားနေမိတယ်. ။ ငှက်လေးကို ကြောင်လေးလက်ထဲ ပြန်လု လိုက်ရမလား. ..။ ဒါလည်းမဖြစ်သေးပါဘူး . ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ သူများလက်ထဲက ထမင်းလုပ်ကို ပုတ်မချကောင်းဘူးမလား. ။ ဒါကြောင့် ဒီလိုဆို ကျွန်တော်များ အကုသိုလ်ဖြစ်နေမလား . . . ။
ဒါဆို ငှက်လေးကို ဒီတိုင်းလစ်လျှူရှု့ထားရုံပေါ့. ။ ဒီလိုလည်းမဖြစ်သေးဘူးဗျာ. ။ ကျွန်တော်က သနားတတ် လို့လားမသိဘူး ။ သူ့ကို လစ်လျှူမရှု့ထားနိုင်ဘူး ။ပြီးတော့ သူတစ်ပါးအသက်ကို ကယ်တင်ရမယ် ဆိုတဲ့ တာဝန်ကလည်း ကျွန်တော်တို့ လူသားတိုင်းမှာ ရှိနေတယ်မလား ။ ကျွန်တော် တွေဝေနေတယ်. ။ ဘာလုပ်ရမှန်းမသိ . ကျွန်တော့်စိတ်တွေ ယောင်တောင်တောင် ဖြစ်နေတယ်. ။
ပြန်စဉ်းစားမိပါတယ်. ။ ဘုရားလောင်း မဟော်သဓာ ဖြစ်စဉ်အခါက ဘီလူးမ နဲ့ သားသည်အမေကြား က ကလေးလုခန်းကိုပေါ့. ။ သူ့အသားကို စားချင်တဲ့ စိတ်နဲ့ ဘီလူးမ ၊ ကိုယ့်ရင်သွေးအသက် ကို ဆုံးရှုံးမှာ စိုးထင့်နေတဲ့ သားသည်အမေ . သူတို့နှစ်ဦးကြား မဟော်သဓာ ဖြေရှင်းပေးလို့ ဘီလူးမ တရားရသွားတာကိုပေါ့…. သားသည်အမေရဲ့ ရင်သွေးလေး အသက်ချမ်းသာ ရသွားတာကိုပေါ့..။
ကျွန်တော်က မဟောသဓာတော့ မဟုတ်ပေမယ့် မဟော်သဓာထုံး နှလုံးသွင်းပြီး ကြောင်ကြီးဆီကို သွားခဲ့ပါတယ်. ။ ပြီးတော့ ကြောင်ကြီးကို ကျွန်တော်က လေသံ အတက်နိုင်ဆုံး ချိုသာပြီး ပြောလိုက်ပါတယ်.။
“ကြောင်လေးရယ် မင်းဘာလို့ သူ့ကိုစားချင်ရတာလဲ”
ကြောင်ကြီးက ကျွန်တော့်ကို ပြန်ကြည့်ပါတယ်.။ သူ့မျက်ဝန်းတွေထဲမှာလည်း ကျွန်တော့်ကို အသနားခံနေပုံပါပဲ.။
“ကျွန်တော့် ဒီငှက်ကို စားမှရမယ်ဗျာ. ဒီငှက်ကို စားမယ်ဆိုရင် ကျွန်တော့်ဆီ ကံကောင်းခြင်းတွေ ဆက်တိုက် ၀င်လာလိမ့်မယ်. ဒီလိုမှမဟုတ်ရင်တော့ ကံကောင်းခြင်းဆိုတာ ဘယ်တော့မှ ကျွန်တော့်ဆီရောက်လာတော့မှာ မဟုတ်ဘူးဗျ.”
“မင်းကိုဘယ်သူပြောလဲ.”
“ဟိုး..မှာလှမ်းမြင်နေရတဲ့ ညောင်ပင်ကြီးက ပြောတာဗျ.”
ကြောင်ကြီးက အိမ်ရှေ့ပြူတင်းပေါက်ကနေလှမ်းမြင်နေရတဲ့ ညောင်ပင်ကြီးဆီ ညွန်ပြတယ်.။
“ညောင်ပင်ကြီးက စကားမပြောတတ်ပါဘူးကွ”
“အိမ်မက်ထဲမှာ လာပြောတာဗျ.”
ကြောင်ကြီးရဲ့ စကားကြောင့် ကျွန်တော် နည်းနည်း တွေဝေသွားပါတယ်.။ ပြီးတော့ ကြောင်ကြီးလက်ထဲက ငှက်ကလေးကိုလည်း တစ်ချက်ကြည့်လိုက်မိတယ်. ။ ငှက်ကလေးက ကျွန်တော့်ကို အားကိုးနေပုံပါပဲ. ။ ထိတ်လန့်မှု ၊ စိုးရွံ့မှုတွေကို သူ့မျက်နာပေါ်မှာ အထင်းသားမြင်နေရတယ်.။ သူ့ရဲ့ခြေနှစ်ဖက်ဟာလည်း ဆုတ်ကိုင်ဖို့ တစ်ခုခုကို ရှာဖွေရလွန်းလို့ နေမှာပါ.။ မလုပ်နိုင် မကိုင်နိုင်နဲ့ ပျော့ရက်သားလေး ဖြစ်နေတယ် ။ မျက်ဝန်းထဲက မျက်ရည်စက်လေးတွေကလည်း နှုတ်သီးကနေတစ်ဆင့် ကြမ်းပြင်ပေါ်ကို လိမ့်ဆင်းနေပါတယ်. ။ ကျွန်တော် သူ့ကို မထားခဲ့ရက်ပါဘူး .။ ဆက်ပြီး ကြိုးစားကြည့်မယ်လေ.။
“ကြောင်လေးရယ်. မင်းက အိမ်မက်အရလုပ်ပေမယ့် သူ့အသက် သေတော့မယ်.”
“ငှက်က ကျွန်တော့်အစာဗျ. ငှက်ဆိုတာ ကြောင်စားဖို့ ဒါသဘာဝ ပဲ. သဘာဝ တရားက ဖန်ဆင်းပေးထားတာ”
“မဟုတ်ဘူးကွ.. မင်းမှားနေပြီ. ဒီလိုဆို မင်းကို ငါလည်း သတ်စားလိုက်လို့ ရတာပဲ. ဒါဟာ သဘာဝ မဟုတ်ဘူး ကြီးနိုင်ငယ်ညှင်း ပဲ . ကြီးနိုင် ငယ်ညှင်း လို့ခေါ်တယ် ..ကွ”
ကြောင်ကြီးတွေဝေ သွားတယ်. ။. . ပြီးတော့ စကားဆက်ဆိုတယ်။
“ဒါပေမယ့် သူ့ကို မစားရင် ကျွန်တော့ဆီကို ကံကောင်းခြင်းတွေ ရောက်လာမှာ မဟုတ်ဘူးဗျ. ။ .ဒါကြောင့် ကျွန်တော် သူ့ကို မစားလို့ မဖြစ်ဘူး.”
“ကြောင်ကြီးရယ်………”
ကျွန်တော့် နှုတ်ခမ်းက ခပ်တိုးတိုး ထိုးထွက်လာတဲ့ စကားသံလေးကို ကြောင်ကြီး ကြားနိုင်မယ်မထင်ပါဘူး.။ တစ်ဇွတ်ထိုး လုပ်မယ့် ကြောင်ကြီးကို ကျွန်တော် နည်းနည်း ဒေါသ ထွက်သွားမိတယ်. ။ ဒါကြောင့် ကျွန်တော် ကျွန်တော် ကြောင်ကြီးရဲ့ နှုတ်ခမ်းမွေး နှစ်ပင်ကို အားရပါးရ ဆွဲနှုတ်လိုက်တယ်။ ငယ်သံပါအောင် အော်ပါတယ် ။ ရှုးရှုး ရှားရှား လည်း ဖြစ်သွားတယ်. ။ တော်တော် နာသွားတဲ့ ပုံပါပဲ. ။ ကျွန်တော့်ကို လည်း စူးစိုက်ကြည့်နေလိုက်တာဗျာ. ကြောက်ဖို့ တောင်ကောင်းပါတယ်.။ ချက်ချင်း ခုန်အုပ်မလားလို့တောင် ထင်မိတယ်။ သူနည်းနည်း ဒေါသဖြစ်သွားပုံပါပဲ.
“ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ.”
“ဟား… ဟား.. ဟား.. ဟား…….”
ကျွန်တော် ရယ်ချလိုက်မိပါတယ်. ။ ဒေါသတွေ ပြည့်နေတဲ့ ကြောင်ကြီးမျက်နှာကို တစ်ချက်စိုက်ကြည့်လိုက်တယ်. ။
“မင်းနာတယ်မလား . ဒါတောင် မင်း အတွက် အမွေးအမျှင်လေး နှစ်ပင်ပါကွာ. သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ မွေးညှင်းပေါက်လေးကနေ အမွေးလေး နှစ်ပင် ကျွတ်ထွက်သွားရုံပါ.”
ပြီးတော့ ကျွန်တော် အိတ်ကပ်ထဲ နိုက်လိုက်တယ် ။ လက်ထဲကို တစ်ခုခု ပါလာတယ်ဗျ. ။ အပြင်ကို ထုတ်ကြည့်လိုက်တော့ ရွှေဝါရောင် အလုံးလေးပါ။ ကျွန်တော့် စိတ်ထဲမှာ သိနေတယ် ။ ဒါဟာ သူအခုခံစားနေတဲ့ စိတ်ခံစားမှုကို ပျောက်ကင်းနိုင်မယ်ဆိုတာ .။ ဒါကြောင့် ရွှေဝါရောင် အလုံးလေးကို သူ့လက်ထဲ ထည့်ပေးလိုက်တယ်.။
“ရော့ . ကြောင်ကြီးရေ. မင်းဒီအလုံးလေးကို ညက်ညက်ကြေအောင် ၀ါးစားပါကွာ. ပြီးတော့ အရသာခံ ပါ။ ဒါဆိုရင်တော့ မင်းဆီကို ကံကောင်းခြင်းတွေ ၀င်လာလိမ့်မယ်. ။ နောက်လည်း အိပ်မက်တွေ မက်တော့မှာမဟုတ်ဘူး”
လို့ပြောပြီးပေးလိုက်ပါတယ်. ။ ပြီးတော့ ကြောင်ကြီးဆီက ငှက်ကလေးကို တောင်းယူလိုက်ပါတယ်.။
“ဒီလို ခင်ဗျားပြောတဲ့အတိုင်း ဖြစ်မယ်ဆိုရင်တော့ ပြီးတာပါပဲ”
လို့ပြောပြောဆိုဆိုနဲ့ ကျွန်တော့်လက်ထဲကို ငှက်ကလေး အပ်လိုက်ပါတယ်. ။
အခုတော့ ငှက်ကလေးရဲ့ မျက်နာမှာပျော်ရွှင်ခြင်းတွေ ထွန်းပ နေပါပြီ။ ၀မ်းနည်းပူဆွေးနေတဲ့ မျက်ဝန်းကနေ ချမ်းသာခြင်းရဲ့ ရသတွေ ဖြာထွက်နေပါတယ်။ သူ့ခြေထောက်တွေမှာလည်း အားမာန်တွေ ပြည့်ဝနေပါတယ်. ။ ပြီးတော့ ငှက်ကလေးက ပြောတယ်..
“ကျေးဇူးတင်ပါတယ်. . ရွှေဝါရောင် ကျေးဇူးကြောင့် ချမ်းသာခြင်း နဲ့ အေးချမ်းမှုကို ခံစားရပါတယ်. ကျွန်တော် အခု ကျွန်တော့်မိသားစုဆီ ပြန်တော့မယ် ကျွန်တော့် မိသားစုက ကျွန်တော့်ကို စောင့်ကြိုနေပါလိမ့်မယ်. မျော်လင့်ချက်တွေနဲ့ အသိုက်ရဲ့ အ၀မှာ စောင့်ဆိုင်းနေမယ့် ကျွန်တော့် မိသားစုကို ကျွန်တော် ထာဝရ ချစ်ပါတယ်.” တဲ့ ။
ပြောပြောပြီးချင်းပဲ ငှက်ကလေးဟာ အားမာန်အပြည့်နဲ့ ပျံသန်းသွားလိုက်တာ သူ့အတောင်ခက်သံတွေဟာ တစ်ဝုန်းဝုန်းပါပဲ. ။ အတောင်ခက်လိုက်တဲ့ အရှိန်ကြောင့် လေတွေ အရှေ့မှ အနောက် ၊ အနောက်မှ အရှေ့သို့ ပျံလွင့်ကုန်ပါတယ်. ။
အေးခနဲဖြစ်သွားတယ်လို့ ထင်ပါတယ်.။ ဒါကြောင့် ကျွန်တော် လန့်နိုးလာခဲ့တယ် ။ ပြူတင်းဝက ခပ်ကြမ်းကြမ်းဝင်လာတဲ့ လေကြောင့် ကျွန်တော့်စောင်လေး တစ်ဖက်ကို လွင့်သွားပါတယ်. ။ ဒါနဲ့ပဲ အိပ်ယာက ထလိုက်တယ်.။ ထထချင်း မြင်လိုက်ရတာက ပြူတင်ဝ ရဲ့ ဟိုး.အဝေးတစ်နေရာက ညောင်ပင်ကြီးပါ.။ သြော်. အိပ်မက်ထဲက ညောင်ပင်ကြီးပါလား…။
မိုးလင်းပိုင်းက အိပ်မက်ကို ပြန်စဉ်းစားရင်း အတွေးလေးတွေ ၀င်လာပါတယ်. ။ ချစ်လှစွာသော စာဖတ်သူတို့ရေ… သက်ရှိတိုင်းက ကိုယ့်အသက်ကို နှမြောကြပါတယ်. ။ ဇရာထောင်းလို့ ဆံပင်တွေကျွတ်လာရင် . ငါ့ဆံပင်တွေကျွတ်ကုန်ပါပြီလား. ၊ ပါးရေ တွေတွန့်လာရင် လည်း ငါ့အသားအရေတွေ တွန့်ကုန်ပါပြီလားလို့ တစ်ဖြည်းဖြည်း ပျက်စီးလာတဲ့ ခန္ဓာကိုယ်အပေါ် နှမြောတမ်းတ နေတတ်ကြတာ သတ္တ၀ါတိုင်းပါပဲ. ။ ဒီလို မရေတွက်နိုင်အောင် ရှိလှတဲ့ ဆံပင်တွေမှ နှမြောတတ်နေရင် တစ်ဖက် ငါးချောင်းသာပါတဲ့ လက်ချောင်းလေးတွေဆို ပိုနှမြောမိမှာပေါ့. ။ လက်ချောင်းလေး တစ်ချောင်းချောင်းကို ငါဒီနေ့ ဆုံးရှုံးရတော့မယ်လို့ အတပ်သိတဲ့နေ့ဟာ ကမ္ဘာပျက်သလို ဖြစ်နေမလားပဲ. ။ ဒါဟာ ကျွန်တော်လား . မဟုတ်ပါဘူး .အားလုံးပါ. ။ ကျွန်တော် ရော စာဖက်သူရော ပါပဲ. ။ ကြက်လေး ၊ ငှက်လေး တွေလည်း ဒီတိုင်းပါပဲ. ။ ဆယ်ချောင်းတောင်ရှိတဲ့ လက်ချောင်းတွေတောင် နှမြောမိမယ်ဆိုရင် တစ်စုံပဲရှိတဲ့ မျက်လုံးဆိုရင်ကော . ။ ပိုပြီး နှမြောမိမှာပါ ။ ငါ ဒီနေ့ မျက်လုံးတစ်လုံး ကန်းသွားတော့မယ် ဆိုသာကို အတပ်သိနေရင် …။ တွေးကြည့်ပါ. ချစ်သော စာဖတ်သူ…။ သြော်. . . မျက်လုံး တစ်စုံထဲက တစ်လုံးလေးကိုတောင် နှမြောမိမယ်ဆိုရင် အားလုံးမှာ အစားမထိုးနိုင်တဲ့ အသက်တစ်ချောင်း ဆိုရင်ကော .။ စာဖတ်သူ ချစ်မိတ်ဆွေ . . . သတ္တ၀ါတိုင်းမှာ မြတ်နိုးတွယ်တာမှု ဆိုတာ ရှိတတ်ကြစမြဲပါ။ ခန္ဓာကိုယ်ပေါ်က အစိတ်အပိုင်းတွေကို တွယ်တာတတ်ကြသလို ခန္ဓာကိုယ်ပေါ်က မဟုတ်တဲ့ တွယ်တာမှုမျိုးတွေလည်း ရှိကြမှာပါပဲ. ။ ဥပမာ . မိဘ တွေ ၊ မောင်နှမ တွေ ၊ မိသားစုတွေ ၊ ဆွေမျိုးသားချင်းတွေပေါ့. ။ အားလုံးကို မြတ်နိုးတွယ်တာမှု ရှိကြသလို အဲ့ဒီရဲ့ မြတ်နိုးခြင်းနောက်ကွယ်မှာ နှမြောတမ်းတမှု၊ ကြောက်ရွံတုန်လုပ်မှု ၊ နာကြင်မှု ဆိုတာတွေလည်း ရှိနေတတ်ပါတယ်. ။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို ဆုံးရှုံးရတော့မယ်ဆိုရင် . ၊ မိဘ မောင်နှမ တွေကို ဆုံးရှုံးရတော့မယ်ဆိုရင် ၊ ဆွေမျိုးသားချင်းတွေကို ဆုံးရှုံးရတော့မယ်ဆိုရင် အသက်ရှိတဲ့ သတ္တ၀ါတိုင်း ၊ ခံစားတတ်တဲ့ သတ္တ၀ါတိုင်း နှမြောတမ်းတမှု ၊ ကြောက်ရွံတုန်းလုပ်မှု ကို ခံစားရမှာပါ။ တစ်ဆက်တည်း ခံစားတတ်တဲ့ စိတ်နှလုံး မှာပဲဖြစ်ဖြစ် ၊ ခန္ဓာကိုယ် အစိတ်အပိုင်းပေါ်မှာပဲဖြစ်ဖြစ် နာကျင်မှုကို မလွဲမသွေ ခံစားကြရမှာပါ။ ဒါဟာ . ကျွန်တော်ပဲလား .ဆိုတော့ မဟုတ်ပါဘူး. ။ ကျွန်တော်ရော . စာဖတ်သူမိတ်ဆွေရော အားလုံးပါ. .။ သက်ရှိနေတဲ့ . တစ်နည်းအားဖြင့်ဆိုရရင် ခံစားမှုကို သိနိုင်တဲ့ သတ္တ၀ါအားလုံးပေါ့. ။ ဒီလိုအကျိုးဆက်တွေ ရှိနေတာကြောင့် တစ်ပါးသူနဲ့ သက်ဆိုင်တဲ့ ကိစ္စတစ်ခုခု လုပ်တော့မယ်ဆိုရင်.အဆုံးတိုင် စကားတစ်ခွန်းကို ပြောတော့မယ် ဆိုရင်တောင်မှ “ငါသာ သူ့နေရာမှာသာဆိုရင်” ဆိုတဲ့ အတွေးလေးနဲ့ သူဖြစ်မယ့် နေရာကို စိတ်လေးနဲ့ပဲ ၀င်ခံစားကြည့်ပြီး လုပ်သင့် မလုပ်သင့် စဉ်းစားချင့်ချိန် ကြရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်. ။ စာဖက်သူ ချစ်မိတ်ဆွေကော ဘယ်လိုထင်ပါသလဲ. ။ အတွေးလေး တစ်ခုတော့ ပေးခဲ့ပါရစေဗျာ…။
”ငါသာ သူ့နေရာမှာ ဆိုရင် ” ဆိုပြီးပေါ့.
နောက်ပြီး တစ်ဆက်တည်း ငါသာသူ့နေရာမှာဆို ”လောကကြီးက မတရားဘူး” လို့ပဲကိုယ့်ကို ရက်စက်နေတဲ့သူကို ပြောမှာလား ဒါမှမဟုတ် ”တရားပါတယ်ဗျာ” လို့ပဲ မှတ်ယူမှာလားလို့ပေါ့....
** ကိုတင့်**

No comments:
Post a Comment