………….. ခြင်ပုန်းတောမှာ မနေသာ ဆိုတဲ့အတိုင်း ထွက်လာတာ၊ အပုန်းလား အပွင့်လား အဖုံးလား အပိတ်လား တကယ်တော့ အသေအချာ မသိနိုင်ဘူး၊ တရားထိုင်ပုဂ္ဂိုလ်ဘေး ထောင့်ကလေးမှာ ငြိမ်ငြိမ်ကလေးနား ရှု- မှတ်- ပွား လိမ္မာယဉ်ပါးနေတဲ့ ခြင်ဟာ ပုထုဇဉ်ပဲပေါ့ - ချင်တွေတော့ သိပ်များနေသေးတယ် သူ့မှာ၊ ခြင့်ခမျာ လာချင် သွားချင် နားချင် စားချင် အဆိုးဆုံးကတော့ ချစ်-ချင်-နေသေးသတဲ့ ၊ ချဉ်ခြင်းတွေတပ်လို့ အ၀ိဇ္ဇာ အ၀ါစိတ်တွေနဲ့ အ၀ှာစိတ်တွေလည်းပါမယ် ၀ိုင်းစုခိုင်သိန်း ရဲ့ ပေါင်တွင်းသားလေးကိုမှ ထိုးဖောက်သွေးစုပ်ချင်တဲ့ စိတ်မျိုး ငါ့ဝမ်းပူဆာ မနေသာတဲ့ ခြင်ပါ- သို့သော် တံငါနားနီးတံငါ ရိပ်သာနားနီးတရား ပညတ်ကိုခွာ ပရမတ်ကိုမှတ် လူရဲ့အသားပေါ် နားရင် နားတယ်လို့ မှတ်လိုက်သတဲ့ နှုတ်သီးနဲ့ ဖောက်တယ် ဖောက်တယ် လို့ မှတ် သွေးတွေကိုလည်း စုပ်တယ် စုပ်တယ်လို့မှတ် မျိုချတယ်လို့မှတ် (အား..ကောင်းလိုက်တာ - ကောင်းတယ်လို့ ဆက်မှတ်) ၀န်းကျင်ကောင်းမှာ လက်ဖ၀ါးကြမ်းကြမ်းတွေနဲ့ ဗြန်းဗြန်း ရိုက်တာမျိုး သူ့မှာ မကြုံဖူးခဲ့ပါ၊ ဖူးခနဲ မှုတ်လိုက်တာဖြစ်ဖြစ် အသာလေး ပုဝါနဲ့ယမ်းလိုက်တာဖြစ်ဖြစ် ဒီလောက်ပဲ- လောကဓံလေက ခပ်နုနုလေး သွေးနေတုန်း နေ့လွဲညစာ(အဖတ်) မစားဘူး သေရည်သေရက် မလိုအပ်ဘူး အေးဆေးပဲ စောင့်ထိန်းနေ၊ သူဟာ အရည်အာဟာရ တစ်မျိုးတည်းကိုသာ ထာဝစဉ် မှီဝဲလျက် - ခြင်ထောင် မကျခင်အထိ ခြင်ဟာ တစ်ကိုယ်တော် လွတ်လပ်စွာ လှုပ်ရှားခဲ့၊ ပိုလီဂမီစနစ်မှာ ကာမေသုပုဒ်ဟာ အကျုံးမ၀င် မုသာဝါဒဟာလည်း တ၀ီဝီ စကားသံ တစ်မျိုးတည်းမှာ အကျုံးမ၀င်၊ ခြင်ကိုက် (တိုက်ရိုက်) သတ်လိုက်တဲ့ မသာဆိုတာ မရှိတော့ ပါဏာတိလည်း ကင်းရဲ့၊ အနည်းဆုံး သီလခြောက်ပါးလောက်တော့ စင်နေတဲ့ခြင် သူ့ကိုယ်သူ ခြောက်ပြစ်စင်လို့ သမုတ်လိုက်တယ်-

နိဗ္ဗာန်ကို တိုက်ရိုက်သွားရင် ကောင်းမလား လူ့ဘ၀ဆိုတာကို ခဏလောက် ထရန်စစ် ၀င်ရင် ကောင်းမလား ခြင်ဦးနှောက်ကလေး ရှိသရွေ့ သူစဉ်းစားတယ်၊ လူအဖြစ်ဟာ သိပ်သက်သာတယ် ဇိမ်လည်းကျတယ် အစားအသောက်မျိုးစုံ အရသာမျိုးစုံနဲ့၊ ပျင်းစရာ သွေးတစ်မျိုးတည်း သောက်သုံးနေရတာ မဟုတ်ဘူး၊
ဒါတောင် တရားထိုင်ပုဂ္ဂိုလ်တချို့ နှစ်ချောင်းတည်း ရှိတဲ့ ခြေထောက်ကို ညောင်းတယ် ကိုက်တယ် လုပ်ချင်သေး၊ လှည့်လိုက် ပြောင်းလိုက် ပြင်လိုက်သေး၊ ခြင်လိုများ ခြေထောက်တွေ အများကြီးနဲ့ ဆိုရင် သူတို့မှာ ခြေထောက် တစ်ချောင်းပြီးတစ်ချောင်း ကိုက် ညောင်း ပြောင်းနေရတာနဲ့တင် အချိန်စေ့ပြီး တရားရမှာ မဟုတ်တော့ဘူး စဉ်းစားတယ် ခြင်ဦးနှောက်ကလေးနဲ့ သူစဉ်းစားတယ်၊ ဆရာတော် တရားဟောတုန်းက လောက်လန်းသဖွယ် ၀ိညာဉ်တွယ် တဲ့၊ ခြင်ဟာ မျက်လုံးတွေ ကျယ်လာခဲ့၊ ဒါကို သူကောင်းကောင်းသိတယ် ငယ်ငယ်က လောက်လန်းကလေးတို့ ဘ၀မှာ ပျော်ပါးဖို့ရာ လွယ်ခဲ့ပါတယ်၊ ခြင်ဟာ တရားဓမ္မနဲ့ သူ့ဘ၀ ထင်ဟပ်နားလည်လို့ အားတွေတက်လာခဲ့တယ်၊ ဒီလိုနဲ့ အချိန်စေ့တော့ တရားထိုင်ပုဂ္ဂိုလ်လည်း ထိုင်ရာက ထပြီ ခြင်ထောင်သိမ်းပြီ ဘေးကိုခါပြီ၊ ခြင်ထွက်လာတယ်၊ အသိုင်းအ၀ိုင်းရှိရာ ခြုံပုတ်ထဲက မ၀ံ့မရဲ ရိပ်သာနားကို လာမ၀ဲတတ်တဲ့ ကောင်တွေဆီ ရင်ကော့ပြီး ပြန်/ပျံသွားတယ်၊ အလကား တရားနဲ့ ဝေးတဲ့ကောင်တွေ- အမှောင်မိုက်ထဲက ခြင်မိုက်တွေဟာ ဓမ္မာရုံထဲက ထွက်လာတဲ့ခြင်ကို အတွေ့အကြုံ အကျိုးအကြောင်း မေးမြန်းဖို့ ၀ိုင်းလာကြတယ်၊ ခြင်ဟာ (စောစောကစုပ်လာတဲ့) သွေး နားထင်ရောက် နားထင်ကိုကျော် အန်တီနာအထိရောက် “ငါ့ခြင်တို့….” အစပြုပြီး ခြင်တင်းစာ ရှင်းလင်းပွဲမှာ မိန့်ခွန်းခြွေတော့တယ်။
**ပန်ဒိုရာ**

No comments:
Post a Comment