**(နိုဝင်ဘာ ၁၊၂၀၁၁၊ မြတ်ညို -အလွတ်သတင်းထောက်)**
ထိုင်းအလုပ်သမား ၀န်ကြီးဌာန ဒုဝန်ကြီး ဖဒွန်ချိုင် စစုမ်စပ် နှင့် မြန်မာသံမှူး ဦးနိုင်ထွန်း တို့က ရေဘေး
သင့် ရွှေ့ပြောင်း အလုပ်သမားများအား ယာယီနေထိုင်ခွင့်စာရွက် စာတမ်းများ ကယ်ဆယ်ရေးစခန်း
ထဲတွင် လုပ်ပေးလျှက်ရှိသည်။
ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာတွင်ရှိသော နခွန်းပထုန်မြို့နယ်ရှိ “၀ပ်ရိုက်ခင်ဝစ်ထယာ” ဘုန်းတော်ကြီးကျောင်း အတွင်းဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေး စခန်း အတွင်း
လာရောက်ခိုလှုံနေသည့် ရေဘေး သင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းရဲနှင့်ထိုင်း လူဝင် မှုကြီးကြပ်ရေး(လ၀က)တို့ ဖမ်းဆီးခြင်းမပြုနိုင်ရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာသံရုံးတို့က စီစဉ်
ပေးကြခြင်းဖြစ်သည်။
မြန်မာသံမှူး ဦးနိုင်ထွန်းက “ ရေဘေးကြောင့် ယာယီပတ်စပို့ ပျောက်ဆုံးတာတွေ၊ နေထိုင်ခွင့်စာရွက် စာတမ်းနဲ့ ဘတ်ရှိသူတွေကို ဒီကယ်ဆယ်ရေးစခန်းထဲမှာပဲ ယာယီပတ်စပို့ လုပ်ပေးမယ်။ တပြိုင်တည်းမှာပဲ ထိုင်းအစိုးရက
work permit ပါလုပ်ပေးမယ်၊ဘာစာရွက်စာတမ်းမှ မရှိတဲ့ အလုပ်သမားတွေကိုတော့ ယယီခရီးသွားလာခွင့် လုပ်ပေးထားတယ်’’ဟုပြောသည်။
ရေဘေးသင့် နေရာဒေသပေါင်းစုံတို့မှ မြန်မာအလုပ်သမားပေါင်း (၃၆၄) ဦး ရှိနေကြ သည်။
ထိုင်းအလုပ်သမားဒုဝန်ကြီး ဖဒွန်ချိုင် စစုမ်စပ် က “ဒီစခန်းအထဲကို ဘယ်နေရာ
ကမဆို လာနိုင်ပါတယ်။ကောင်းကောင်းမွန်မွန် ကျွေးမွေး စောင့်ရှောက်ထားပါတယ်၊ ဆေးခန်းလည်း ဖွင့်လှစ်
ထားပါတယ်။ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီးတော့ အလုပ်သမားတွေအတွက် အကောင်းဆုံးဖြစ်အောင်စီစဉ်ပေးနေပါတယ်”
ဟုပြောသည်။
စခန်းတွင်း လာရောက်ခိုလှုံနေသည့် မြန်မာအလုပ်သမားများအနေဖြင့်လည်း နားခိုနေသည့် ဘုန်းတော်ကြီးကျောင်း
ခြံဝင်းနှင့် ၎င်းရပ်ကွက်အတွင်း အနိမ့်ပိုင်းနေရာများတွင် သဲအိတ် တမံ ဆည်ဖို့ခြင်းကို နေ့စဉ် လုပ်အား
ပေးနေကြသည်။ ယမန်နေ့က အရေးကြီးနေရာတစ်ခုတွင် ရခိုင်အလုပ်သမား၂၀ ကျော်တို့က ညဥ့် ၁၀ နာအထိ
တမံဆည်ဖို့ လုပ်အားပေးခဲ့ကြောင်းသိရှိရသည်။

No comments:
Post a Comment