“ဘာ...မဖြစ်နိုင်ဘူး
ကျွန်တော်ကို မဟုတ်တာ မပြောစမ်းပါနဲ့”
စိတ်ထဲက မယုံနိုင်အောင်ကို ကျွန်တော် သူငယ်ချင်း သာလှကို အော်ပြောမိလိုက်တယ်။ ခင်ဗျားတို့ပဲ စဉ်စားကြည့်ဗျာ။ ကျွန်တော့ မိန်းမက ကျွန်တော် အဝေးကို ခရီးသွားနေတုန်း နောက်မီးလင်းလို့တဲ့ဗျာ။ မဖြစ်နိုင်တာမှ ဘယ်လိုမကှို မဖြစ်နိုင်ဘူး။ ဒီစကားကို မယုံနိုင်လို့ ကျွန်တော် အဲ့ဒီစကား ထွက်သွားတာပေါ့။ ဒါတောင် ဒီကောင်က လေမလျော့သေးဘူး။
“မဟုတ်သေးဘူး...သူငယ်ချင်း
ငါမင်းကို သူငယ်ချင်းအချင်းချင်း နွားကျတာ မခံနိုင်လို့
ပြောနေတာကွ..ငါက အနေသာကြီး”
ဒီကောင့်စကားကြောင့် စိတ်ထဲမှာတော့ ထင့်သွား၏။ ထို့ကြောင့် ကျွန်တော် ဘာမှ ထပ်မပြောတော့ဘဲ စကားဖြတ်ပြီး ပြန်လာခဲ့၏။ အိမ်ရောက်တော့ မိန်းမက သနပ်ခါးခြေဆုံး ခေါင်းဆုံးလူး ကျွန်တော့ကို ကြိုနေတာ တွေ့တယ်။ ကျွန်တော်လည်း မိန်းမ မျက်နှာမြင်ပြီး သူငယ်ချင်းစကားလည်း သတိမရတော့ပါဘူး။ ရောက်ရောက်ချင်းပဲ မိန်းမရဲ့ပါးလေးကို အမောပြေ စိတ်မထိန်းနိုင်ဘဲ ရွှတ်ခနဲ့ နမ်းလိုက်တယ်။
“အစ်ကိုကလည်း ဘယ်လိုဖြစ်တာလဲ
အိမ်ပေါက်ဝကြီးမှာကွာ သည်းကို သည်းလွန်းတယ်”
မိန်းမ စကားကို ကျွန်တော် နားထောင်ပြီး ထပ်နမ်းမဲ့ အရှိန်ကို သတ်လိုက်၏။ မိန်းမက ကျွန်တော့ကို လက်ဆွဲခေါ်ပြီး
“အစ်ကို ကြိုက်တတ်တဲ့ ပုစွန်ဆီပြန်ဟင်း
ချက်ထားတယ်နော်.. အစ်ကို ရေမြန်မြန်ချိုး” ဆိုပြီး ရေချိုးခန်းထဲကို တွန်းလိုက်တယ်။
ကျွန်တောလည်း လန်းဆန်းသွားအောင် ရေကို ခပ်မြန်မြန် ခပ်ချိုးလိုက်တယ်။ အဲ့ဒီလို ချိုးနေရင်းနဲ့ ရုံးဆင်းချိန် သူငယ်ချင်း ပြောတဲ့စကားကို ပြန် အမှတ်ရနေမတယ်။ ပြီးနောက် ဒီအတွေးတွေကို ခေါင်းထဲက ခါပြီး ထုတ်လိုက်တယ်။ ကျွန်တော့ မိန်းမကတော့ ဒီလိုမျိုးမဟုတ်နိုင်ပါဘူးလေ။
ကျွန်တော် ရေချိုးနေတုန်း ဖုန်းသံကြားလိုက်ရသလိုပဲ။ ကိုယ့်ဖုန်းလားတော့ မသိဘူး။ ဒါကြောင့် ရေကို ခပ်မြန်မြန် ချိုးရင်း အပြင်ထွက်လာခဲ့တယ်။ ဖုန်းနားကို ရောက်ခါနီးမှာ မိန်းမရဲ့ အသံကို စီခနဲ့ ကြားလိုက်ရတယ်။
“အော်...မောင်လေးလား
ဒီအချိန် မဆက်ပါနဲ့လို့ပြောတာ မကြားဘူးလား
အိမ်က လူကြီး သိသွားနိုင်တယ်နော်”
ကျွန်တော်လည်း ဆက်လှမ်းမဲ့ ခြေလှမ်း အလိုလို နောက်ပြန်ဆုတ်မိသားဖြစ်သွားတယ်။ ဒါကြောင့် သူငယ်ချင်းက ပြောတာကိုး။ စိတ်ထဲက အတွင်းမီးတွေက ကြိတ်မြိုချလိုက်တယ်။ ဝေဒနာဆိုတဲ့ မီးတွေဟာ ရင်ကို တရှိန်ရှိန်ဟပ်နေတာပေါ့။ ကျွန်တော် ဘာလုပ်ရမလဲ။ အလိုအလျောက် ထွက်လာတဲ့ စိတ်လိုက်မာန်ပါ သတ်ချင်စိတ်တွေကို အတင်း ရင်ထဲ ထည့်သိမ်းထားလိုက်တယ်။
ဒီနောက် ကျွန်တော် ခပ်ဖြည်းဖြည်းပဲ သူ့ဆီသွားလိုက်တယ်။ စိတ်ထဲက အရာတွေကို မသိကျိုးကျွံပြုရင်း ကျွန်တော် သူ့ကို ဖက်လိုက်တယ်။
“လာ.. မိန်းမ
ထမင်းသွားစားရအောင်”
“အင်း...အကို”
“ဒါနဲ့ ခုနက ဘယ်သူ့ဆီက ဖုန်းလဲ”
ကျွန်တော် မသိချင်ယောင်ဆောင်ရင်း မေးလိုက်တယ်။ သူကလည်း ဟန်မပျက်ဘဲ
“ကျောင်းနေဖက် သူငယ်ချင်းပါ အစ်ကို
အဆက်အသွယ်ပြတ်နေတာ ကြာလို့
မေ့နေလားဆိုပြီး ဖုန်းဆက်တာလေ”
ကျွန်တော် သူ့ကို ဘာမှ ဆက်မပြောတော့ဘဲ ထမင်းစားခန်းဆီသို့ ဦးတည်လိုက်တယ်။ စိတ်ထဲကလည်း ညဘက်မအိပ်ဘဲ စောင့်ကြည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
ညအမှောင်သည် ကြီးစိုးခြင်းမက ကြီးစိုးလာသည်။ အချိန်က ည(၁) နာရီတိတိ။ ကျွန်တော်လည်း ဒီနေ့ညတော့ ကျွန်တော် အိပ်လို့ မဖြစ်ဘူး။ ဒါပေမဲ့ မိန်းမ ယုံကြည်အောင်လို့တော့ ကျွန်တော် အိပ်ချင်ယောင်ဆောင် ငြိမ်သက်နေလိုက်တယ်။ အဲ့ဒီ အချိန်မှာပဲ ကျွန်တော်တို့ အိပ်ခန်း ပြူတင်းပေါက်နားကို ခဲမှန်သံကြားလိုက်ရတယ်။ တစ်ချက်တည်း မဟုတ်ဘူးဗျ သုံးချက်တိတိ။ ကျွန်တော်လည်း ကိုယ့်အကြံအစည်နဲ့ကိုယ် တေးမှတ်ထားလိုက်တယ်။ ခဲသံလည်း တိတ်သွားရော ကျွန်တော့ မိန်းမ အိပ်ယာပေါ်က ညင်သာစွာ ဆင်းသွားတယ်။ ကျွန်တော့ကိုလည်း အိပ်မအိပ် သေချာကြည့်လိုက်သေးတယ်။ ကြည့်လည်းပြီးရော သူမ အခန်းတံခါးဖွင့်ပြီး ထွက်သွားတော့တာပဲ။
ကျွန်တော်လည်း ထပ်စောင့်ကြည့်ချင်စိတ် မရှိတော့ဘဲ အိပ်ပစ်လိုက်တယ်။ သူတို့ရဲ့ အချက်ပြ ခဲသုံးချက်ပစ်သံကို မှတ်မှတ်ရရ မှတ်ထားလိုက်တယ်။ သူတို့ရဲ့ မိုက်ပြစ်တွေအတွက် သူတို့ရဲ့သွေးတွေနဲ့ ကျွန်တော် ခြေထောက်ဆေးပစ်ရမယ်။ အဲ့ဒီနေ့ကတော့ သိပ်မကြာတော့တဲ့ မနက်ဖြန်ဆိုတာပေါ့။
မနက်ဖြန် တစ်နေ့လုံး ညက အစီအစဉ်ကို တွေးပြီး ရုံအလုပ်မှာလည်း ဟိုမှား ဒီမှားနဲ့ဗျာ။ စိတ်တွေကလည်း ညရောက်ပါစေဆိုပြီး လောကြီးနေလို့ ထင်ပါရဲ့။ ကျွန်တော် စောင့်စားခဲ့တဲ့အချိန် ရောက်လာခဲ့ပါပြီ။ ညနေပိုင်း လုပ်နေကြ နိစ္စဓူဝတွေ လုပ်ပြီး ကျွန်တော် အိပ်ယာကို စောစောဝင်ခဲ့တယ်။ ဒီညဟာ သူတို့တွေ့ရဲ့ ကံကြမ္မာငင်တဲ့ညပေါ့။ ကျွန်တော့ အတွက်တော့ အငြိုးတွေကို ဖောက်ခွဲမဲ့ ညပဲ ဖြစ်ပါတယ်။ အရင်ဆုံး ကျွန်တော့ မိန်းမကို အလစ်အငိုက်ဖမ်းပြီး အသင့်စီစဉ်ထားတဲ့ လက်အိတ်ကိုစွပ် ဓားနဲ့ ရင်အုံကို တစ်ချက်တည်း ထိုးပစ်လိုက်တယ်။ တစ်ခါတည်း အသံတိတ်ပဲ သူလည်း တစ်ချက်တည်းနဲ့ ပွဲချင်းပြီးပဲ။ တစ်ယောက်ကတော့ ရှင်းသွားပြီ။ ဒါပြီးရင်တော့...ဟိုကောင်။
ဒီအချိန်မှာပဲ ပြူတင်းပေါကက်ကို ခဲသုံးချက်ပစ်သံကြားလိုက်တယ်။ ဒါဆို ဟိုကောင် ခြံထဲရောက်နေပြီ။ ကျွန်တော် ခြေသံလုံအောင် သူ့နောက်ကို သွားလိုက်တယ်။ ပြီးတော့ နောက်က လက်ကုတ်လိုက်ပြီး သူလှည့်ကြည့်လိုက်ချိန်မှာ ဗိုက်ထဲကို တစ်ချက်တည်း ဓားနဲ့ ဆောင့်ထိုးလိုက်တယ်။ ဒီကောင် အသံတောင် မထွက်နိုင်ဘူးဗျို့။ တစ်ခါတည်း ကိစ္စချောပဲ။ ပြီးတော့.. အဲ့ဒီနှစ်ယောက်ကို ခြံထဲမှာ မျက်နှာချင်းဆိုင်ထားပြီ ကျွန်တော်ထိုးခဲ့တဲ့ ဓားတွေကို သူတို့ရဲ့လက်ထဲကို ထည့်ပေးလိုက်တယ်။ ၀မ်းဗိုက် စိုက်နေတဲ့ ဓားကိုယ်စီကို ချုပ်ကိုင်ရင်း နှစ်ယောက်စလုံး လဲကျနေတဲ့ပုံနဲ့ပေါ့။
အစီအစဉ်တွေလည်း စနစ်တကျဆင်ပြီးရော ကျွန်တော် စိတ်ချလက်ချ အိပ်လိုက်တော့တယ်။ အဲ..မနက်ဖြန်ကြရင် အစီအစဉ်အရ ရဲကို ဖုန်းဆက်ရအုံးမယ်။
မနက်မိုးလင်း ရဲများကို ဖုန်းဆက် အကြောင်းကြားပြီး သကာလ ကျွန်တော် ဧည့်ခန်းမှာ ထိုင်စောင့်နေလိုက်တယ်။ မျက်နှာကို စိတ်မကောင်းတဲ့ အသွင်ပြင်ဆင်ရင်း ရဲတွေ စုံထောက်တွေကို ကြိုနေလိုက်တာပေါ့။ ဒီအချိန်မှာပဲ ရဲများလည်း ရောက်ရှိလာပါတယ်။ ကျွန်တော်ကို ဖြစ်ကြောင်းကုန်စင်မေးပြီး ကျွန်တော့ ထင်မြင်ချက်ကို တောင်းခံကြတယ်။ ကျွန်တော်လည်း ကျွန်တော့ မိန်းမ ဖောက်ပြန်နေကြောင်း ခုမှသိကြောင်း သူငယ်ချင်းတွေက ပြောပေမဲ့ မယုံကြည်ခဲ့ကြောင့် သူတို့ နှစ်ယောက် ဒီအကြောင်းတွေကို ပေါ်မှာစိုးလို့ တစ်ယောက်ကို တစ်ယောက် နှုတ်ပိတ်ရင်း နှစ်ယောက်စလုံး အကြံတူသွားခဲ့ပုံအကြောင်း ကျင့်ထားသော ပုံစံအတိုင်း ပြောချလိုက်တယ်။ အဲ့တော့ သူတို့လည်း ကျွန်တော့ ပြောကြားချက်ကို ဘာမှ ပြန်မပြောဘဲ အခင်းဖြစ်ရပ်ဆီကို သွားလိုက်ကြတယ်။ ကျွန်တော်ကတော့ စိတ်ထဲမှာ ကြိတ်ပြုံးနေခဲ့တာပေါ့။ သေသေချာချာ ပိပိရိရိ လုပ်ခဲ့တာပဲဟာ။
သိပ်မကြာပါဘူး ရဲတွေက ကျွန်တော့ကို လက်ထိတ်လာခတ်တော့တာပဲ။ ဘာဖြစ်လို့လဲ ကျွန်တော် ပြန်အတွန့်တက်တော့ သူတို့က ကျွန်တော့ကို ခြံထဲ ခေါ်လာခဲ့တယ်။ အဲ့တော့မှာ ခြံထဲမှ လူကို ဆွဲခေါ်လာတဲ့ ဒရွတ်ဆွဲကြောင်းရယ် ခြေရာတွေရယ်ဟာ အိမ်အ၀င် အထွက်မှာ ထင်းနေအောင် မယုံနိုင်အောင် ကျွန်တော် တွေ့လိုက်ရတယ်။ ညမှောင်မှောင်မှာဆိုတော့ ကျွန်တော်လည်း အဲ့ဒါကို သတိမထားမိဘူး။ ခုမှ ကျွန်တော်သိသွားတာက ရာဇ၀တ်ဘေးဆိုတာ ပြေးလို့ မလွတ်နိုင်ဘူးဆိုတာကိုပေါ့။
ဒီထက် ပိုဆိုးတဲ့ အသိက ကျွန်တော်သတ်လိုက်မိကိုက အမှားကြီးမှားခဲ့တာပဲ ဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် သတ်လိုက်မိတဲ့ သူ့ကောင်ဆိုတာက သူ့မောင် တစ်ဝမ်းကွဲ ရဲဘက်ပြေးဆိုတဲ့ကောင်ပေါ့။ သူ့မောင်က ပုန်းလျှိုးကွယ်လျှိုး သူ့အမကို အကူအညီတောင်းတာကို ပတ်ဝန်းကျင်က တမျိုးထင် ကျွန်တော်ကလည်း မစူးစမ်းဘဲ ဒေါသကို တလွဲအသုံးချလိုက်မိတယ်လေ။ ပြန်ပြင်လို့ မရတဲ့အမှားတွေနဲ့ ကျွန်တော် အခုအချိန် နောင်တတွေ တပြုံကြီး ရနေရပြီ။ ကျွန်တော်လို သံသယတွေကြောင့် သူငယ်ချင်းတို့ ဒုက္ခမရောက်အောင် ကျွန်တော့ ဇာတ်ကြောင်းကို ခင်ဗျားတို့ကို ဒီနေရာကနေ ရင်ဖွင့်ခဲ့တယ်။
ကောင်းတာယူပြီး မကောင်းတာပယ်နိုင်ကြပါစေ
**ကိုတင့်**

No comments:
Post a Comment