ဘာရယ်တော့ အတိအကျမဟုတ်ပါဘူး။ ဘဘကသတိရတမ်းတလို့ပါ။ သားတို့သမီးတို့ကျတော့
ကာကာဆိုတဲ့ စကားရော၊ ကာကာဆိုင်ဆိုတဲ့စကားပါသိကြမှာမဟုတ်တော့ဘူးထင်တယ်။
အခုလက်ရှိ တို့မြန်မာပြည်အနှံ အပြားမှာတော့ လူတိုင်းလိုလို အညာသားတွေရော၊
အောက်သားတွေရော၊ အခြား တိုင်းရင်းသားတွေရော၊ အိန္တိယအနွယ်ဘွားတွေရော၊
တရုတ်အနွယ်ဘွားတွေရော စုံလို့ လက်ဖက်ရည် ဆိုင်ဖွင့်ပြီးရောင်းနေကြတာ တွေ့ရတယ်။
ဘဘတို့ခေတ်မှာတော့ 'ဟိုကျူး' လို့ခေါ်တဲ့ တရုတ်ပြည်က လာတဲ့
ဆရာကြီးတွေရယ် 'ကာကာ' လို့ခေါ်တဲ့ အိန္တိယတိုင်းသားတွေကသာအများအားဖြင့်
လက်ဖက်ရည် ဆိုင်ဖွင့်ပြီး ရောင်းတာတွေ့ဖူးတယ်။ တို့ဗမာတွေထဲမှာတော့
လက်ဖက်ရည်ဆိုင်ပိုင်ရှင် တော်တော်ရှား တယ်။
အဲဒီတုန်းက ကာကာဆိုင်မှာ လက်ဖက်ရည်၊ ကော်ဖီ၊ နွားနို့အစရှိတဲ့
အဖျော်ရည်တွေလည်းရတယ်။ နောက်ပြီး ခါချာမုန့်တို့ နန်ကထိုင်မုန့်တို့ဆိုတဲ့
အဲဒီကာကာကြီးတွေ ကိုယ်တိုင်လုပ်တဲ့မုန့်မျိုးစုံလည်းရတယ်။ သူတို့က
သိပ်စေ့စပ်သေချာတာ။ ကာကာရေေ ဆာလားပေးပါလို့ပြောရင် အခုခေတ်ဆိုင်တွေမှာလို
အကြမ်း လက်ဖက်ခြောက်နဲ့ထည့်ထားတဲ့ လက်ဖက်ရည်ကြမ်းမပေးဘူး။ လက်ဖက်ရည်
အချိုတည်ကတုန်းက ကျန်တဲ့ အချိုလက်ဖက်ခြောက်ကို ရေနွေးထဲ ထည့်ပေးတော့
သူတို့အတွက် ဗမာလက်ဖက်ခြောက်၊ အကြမ်းခြောက်ဖို့ သက်သာတာပေါ့။
ဘဘတို့လူငယ်တွေကလည်း အားမနာတမ်း လက်ဖက်ရည်၊ ကော်ဖီတစ်ခွက်သောက်ပြီး ရင်
အဲဒီဆာလားခေါ် အလကားရတဲ့ ရေနွေးကြမ်းကို ထိုင်သောက်ပြီးတစ်နာရီလောက်
လေကန်ကြတာကိုး။
အဲဒီကာကာတွေက မြို့စွန်ရောက်တော့ လက်ဖက်ရည်ဆိုင်လည်းဟုတ်တယ်။
ကုန်စုံဆိုင်လည်းဖြစ် သွားကြတယ်။ မန္တလေးမှာဆိုရင် အောင်ပင်လယ်တို့ဆိုတဲ့
မြို့စွန်မြို့ဖျား၊ ရန်ကုန်မှာဆိုရင် ပြည်လမ်း ၅မိုင်မှာတို့လို
နေရာတွေမှာကျတော့ ဆန်၊ ပဲ၊ ရေပုံးကြိုး၊ အိမ်ရိုက်သံ၊
ဘက်ထရီအစရှိတဲ့ပစ္စည်းတွေပါ စုံအောင် ရောင်းကြတယ်။ အဲဒီနေရာတွေမှာကျတော့
ထမင်းလည်းစားလို့ရတယ်။ မဆလာများများနှင့် ငါးဟင်း၊ ကြက်သားဟင်း
အစရှိသည်တို့နဲ့လည်း ထမင်းစားလို့ရတယ်။
စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီကာကာကြီးတွေ ဘယ်ကလာလို့ဘာကြောင့်
ဘယ်ပျောက်သွားသလဲ၊ အသေအချာမသိပါဘူး။ ဘဘနဲ့သူငယ်ချင်း တမီးလ်လူမျိုး
ကိုတင်ဦးတို့၊ ကိုတင်လှတို့ပြောတာတော့ သူတို့က အိန္တိယပြည် Karnataka State
ကလာတာတဲ့၊ အိန္တိယပြည်တောင်ပိုင်းပေါ့၊ သူတို့နယ်ရဲ့မြို့တော်က Bangalore
လို့ခေါ်ပြီး သူတို့က မူဆလင်တွေပဲတဲ့။ ဘာကြောင့်ပျောက်သွားကြသလဲဆိုတာတော့
မသိပါဘူး။ အဲဒီတုန်းက သူတို့ဆိုင်တစ်ဆိုင်မှာ ယောင်္ကျားကြီးတွေ လေးငါးယောက်
လက်ဖက်ရည်နှပ်တဲ့ လူကနှပ်၊ မုန့်လုပ်တဲ့လူကလုပ်၊ နှံပြားရိုက်တဲ့လူက ရိုက်နဲ့
နံနက်မိုးလင်းရင် ကိုယ်တာဝန်နဲ့ကိုယ်လုပ်ကြပြီး ညလည်းအဲဒီဆိုင်ထဲမှာ
ခင်းပြီးအိပ်ကြတာပဲ။ သူတို့စီးပွားရေးဟာ စုပေါင်းလုပ်ကြတာလား၊
တစ်ဦးတည်းပိုင်ပြီး ကျန်တဲ့လူတွေက တပည့်တွေလား ဆိုတာတော့မသိဘူး။ ဘဘကလည်း
အဲဒီတုန်းက ငယ်သေးတော့ သူတို့ဆီ က ခါချာမုန့်စားချင်တာပဲ သိခဲ့တယ်လေ။
**ဗမာအမည်များ**
ဘဘက အသက် ၇၀ကျော် ဘဘတို့အဖေများခေတ်က ဗမာတွေ တော်တော်များများ နာမည်တစ်လုံးပဲ
ရှိလေ့ ရှိတယ်။ အဲဒီခေတ်က ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့ နာမည်တွေ ကြည့်လေ။
ဦးနု၊ သခင်မြ၊ ဦးသန့်၊ ဦးဝင်း (ဝန်ကြီးဟောင်း)၊ ဦးလတ်(စံပယ်ပင်)၊
ဦးလှ(လူထု)စသည့်ဖြင့်ပေါ့၊ ဗိုလ်ချုပ်ကတော့ အတော်ကိုထူးပြီး
သူ့နာမည်ကလည်းအောင်လို့ 'အောင်ဆန်း'ဖြစ်ခဲ့ဟန်တူပါတယ်။ ထားကြပါစို့၊
နာမည်နှစ်လုံးတွေလည်း တော် တော်များပါတယ်။ ဦးဘဆွေ (ဝန်ကြီးဟောင်း)၊
ဦးဘဝင်း(ဗိုလ်ချုပ်အစ်ကို)၊ ဦးအောင်သန်း(ဗိုလ်ချုပ်အစ်ကို) စသည်ဖြင့်ပေါ့။
ဒါပေမယ့် အဲဒီဘဘတို့အဖေ၊ ဦးလေးတို့ခေတ်မှာ နာမည်သုံးလုံးဆိုတာတော့
အတော်ကိုရှား တယ်။ ဦးခင်မောင်မောင်(ရဲမင်းကြီး)၊
ဆရာဦးမောင်မောင်တင်(မြန်မာပညာရှင်)၊ရှိတော့ရှိတယ်။ ဒါပေမယ့် အဲဒီ
လိုနာမည်သုံးလုံးရှိတဲ့ သူတွေကတော့ မင်းမျိုး၊အမတ်မျိုးတွေလို့ကြားဖူးတယ်။

ဘဘတို့အရွယ် ၇၀-၈၀ တွေတောင် နာမည် နှစ်လုံးတွေပဲများတယ်။ ဒါပေမယ့်
ဘဘတို့ငယ်ငယ်က စပြီး နာမည်သုံးလုံးခေတ်စားလာတယ်။ အစပထမကတော့ ငယ်ငယ်တုန်းက
ဗမာနာမည်မရလိုက်တဲ့ အိန္တိယ အနွယ်ဖွားတွေက အတော်အသက်ကြီးမှ
နာမည်အကောင်းဆုံးကိုရွေးပြီး 'ခင်မောင်လတ်' တို့ 'ခင်မောင်တင်' တို့လို
ကိုယ့်ကိုယ်ကိုယ်မှည့်ကြတယ်လို့ ထင်တာပဲလေ။ ငယ်ငယ်တုန်းက
ဘဘတို့အတန်းထဲမှာ 'အစ်မေး' နဲ့ 'အာမက်' ဆိုတဲ့ အိန္တိယ အနွယ်ဖွား ၂
ယောက်ရှိတယ်။ နောက် ဘဘတို့က အစိုးရစစ် ရ တန်းဖြေတော့မယ် ဆိုတော့ သူတို့ထဲက
တစ်ယောက်က 'ခင်မောင်လတ်' လို့ပြောင်းလိုက်ပြီး
နောက်တစ်ယောက်ကတော့ 'တင်မောင်လတ်' လို့ပြောင်းလိုက်ပြီး သူတို့နာမည်တွေက
အပျံစားဖြစ်သွားတယ်။ ဒါပေမယ့် မထူးပါဘူး။ ဘဘတို့က ကလေးတွေဆိုတော့ ဘယ်သူတွေ
ဘယ်နာမည်ယူထားတာကိုရော ရှုပ်သွားပြီး အခုထက်တိုင် သူတို့နဲ့တွေ့ရင် 'အစ်မေး'
နဲ့ 'အာမက်' ပဲခေါ်ကြတာပါ။ တစ်ယောက်က မြေနီကုန်းမှာ ကားတာယာဆိုင်နဲ့
သူဌေးဖြစ်နေတယ်။ တစ်ယောက်ကတော့ ၁၉၆၄ ခုနစ်မှာ သူ့မိသားစုနဲ့အတူ
ပါကစ္စတန်ပြည်ကို ပြောင်း သွားတယ်။ တလောကတော့ ခဏပြန်လာလည်တယ်။
အခုခေတ် သားတို့သမီးတို့ခေတ်မှာတော့ နာမည် ၃ လုံး၊ ၄ လုံး၊ ၅ လုံး၊ ၆
လုံးလောက်တောင် ရှိကြတယ် နော်။ ဘဘသားတွေက တစ်ယောက်နာမည် ၄ လုံးစီ။
သူတို့သူငယ်ချင်းတွေကြတော့ ပိုပြီးများတဲ့ လူတွေ
တောင်ရှိသေးသဗျာ။ 'ခင်ပပလျာနွယ်ဝင်း' တဲ့၊ ဆန်းတယ်နော်။ ဘဘတို့ခေတ်က
အင်္ဂလိပ်ကျောင်းထွက်တွေ က အင်္ဂလိပ်နာမည်တွဲပြီးရှိကြတယ်။ ဂျော်နီခင်မောင်၊
မေရီသူဇာစသည့်ဖြင့်ပေါ့။ နောက်ဆိုရှယ်လစ်ခေတ်မှာ အဲဒီလို အဲဒီနာမည်ထားရင်
မလိုလားကြတော့ အတော်လေးပျောက်သွားတယ်။ အခုတလောပြန်ခေတ်စားလာ ကြပြန်ပြီ။
ဘဘကတော့ ရှေးအဖိုးကြီးမို့လို့လားမသိပါဘူး။ ဗမာတွေဟာ ဗမာနာမည်ပဲကောင်းပါတယ်။
မြန်မာ တိုင်းရင်းသားတွေကလည်း သက်ဆိုင်ရာ တိုင်းရင်းသားနာမည်ပဲကောင်းးပါတယ်။
ဒါပေမယ့် ခရစ်ယာန် ဘုရင် ဂျီဘာသာဝင်တွေကတော့ ခရစ်ယာန်နာမည်ရှိရမည်ဟု
အယူရှိတော့ သူတို့နာမည်တွေက 'စောအာသာချိန်' တို့ 'စောပီတာသန်းမောင်'
တို့လိုဖြစ်သွားတာပေါ့။ ဒါလည်းသူ့စရိုတ်နဲ့၊ သူ့အယူအဆနဲ့သူ ကောင်းပါတယ်။
လက်ခံသင့်တာပေါ့။
**ဘဘ**
(ပြည်သူ့ခေတ်၊ အတွဲ (၂)၊ အမှတ် (၆၈) မှ)
--
Posted By လူဗိုလ်
To: lubo601@gmail.com

No comments:
Post a Comment