တိုက်ဆိုင်မဲ့ အတွေးလေနှော့တိုင်း ရောက်ရောက်သွားတဲ့ အတိတ်
မယိမ်းယိုင်လည်း စိတ်ဖြေလျော့ပြီး ကိုယ့်ကိုကိုယ် ပြန်ပေါင်းနေရ
ပန်းတိုင်မရောက်ခင် ပြင်းထန်တဲ့ စိတ်ဓာတ်တွေ လူကျွံဘောအခါခါမိ
ငြင်းဆန်မရတဲ့ ဟောင်းနွမ်းအိုမင်းရင့်ရော်ခြင်းထဲ တိုးဝင်နေခဲ့တယ်..။
မပြောင်းမလဲ တလမ်းမောင်းမှာမှ
နောက်ကြောင်းပြန်မလှည့်ပဲ လမ်းပြောင်းပြန်သွားနေတဲ့ အနှေးယာဉ်လို
ငြင်ငြင်သာသာ ထိလွယ် ရှလွယ် ပွန်းပဲ့လွယ်ဆဲ ဖြစ်ရပ်များ
မမြင်ချင်ယောင်မဆောင်ပဲ တမင်တကာ အနီးကပ် စောင့်ကြည့်နေရ
ဝေးနေစဲ ပြုပြင်ပြောင်းလဲခြင်းများ ၀င်္ကဘာလို ကွေ့ကောက်တယ်..။
သမိုင်းရဲ့ မုဒ်ဦးဝမှာ
ငြိမ်းချမ်းရေးကို ကြိုဆိုတဲ့ စာတမ်းများ ဆေးသားပျက်ပြယ်
စစ်က ကျန်းမာရေး ကောင်းပြီး
ငြိမ်းချမ်းရေးက လူနာလို ချူခြာနေတယ် ..။
တခြားနိုင်ငံက မျိုးဆက်သစ် ကလေးလူငယ်များ
သူရဲကောင်းတွေကို ပုံပြင် ၊ စာအုပ် ၊ရုပ်ရှင်တွေထဲ လိုက်လံရှာဖွေကြ
အမိမြေ အာဇာနည် သူရဲကောင်းများက ဝေးဝေးလံလံမှာ မဟုတ်
ရဲရင့်တဲ့ ယုံကြည်ချက် နဲ့ မတရား အကျဉ်းကျနေစဲ
ငါတို့နားက အကျဉ်းထောင်တွေမှာ ရှိတယ်..
ငြိမ်းချမ်းရေး အတွက် တိုက်ပွဲဝင်နေစဲ တောတောင်တွေမှာရှိတယ် ....
ဆင်းရဲနွမ်းပါးတဲ့ လူထုနဲ့အတူ မြို့ပြတိုက်ပွဲထဲမှာ ရှိတယ်...။
ကမ္ဘာမြေဟာ နိုင်ငံရေးကစားဖို့များ မွေးဖွားလာခဲ့တာလား
ကမ္ဘာ့ ဖလားဘော်လုံးပွဲ ၄နှစ်တကြိမ် ကစားတယ်...
အရှေ့ အနောက်အုပ်စုဖွဲ့ပြီး နိုင်ငံရေး ကစားပွဲက နေ့စဉ်ကစားတယ်...
ရည်ရွယ်ရာလမ်းအတွက် ဇွဲ သက်လုံကောင်းဖို့ လိုတယ်...
စာရိတ္တမှာ နံပါတ်တပ်မထားတော့ လူပေး လူရွေးမမှားဖို့ အရေးကြီးတယ် ...
ကိုယ့်ဂိုးကိုယ်ပြန်သွင်းပြီး ခေါက်ဆွဲမစားဖို့ကတော့ အဓိကဘဲ......။
မရေရာသေးတဲ့ အခင်းအကျဉ်းထဲ ၊သေချာတာ တစ်ခုကတော့
ဦးနှောက် အသိဥာဏ်ရှိမယ်လို့ယူဆရတဲ့ အာဆီယံ
မာဖီးယားဂိုဏ်းလို လူမိုက်ကို အနာဂတ် ခေါင်းဆောင်တင်မှာတော့ မဟုတ်
စိတ်ဓာတ်ရိုင်းတွေ သမိုင်းမှာ ပြုပြင်ပြောင်းလဲဖို့ အချိန်ရောက်ပြီ...။
**အောင်ခိုင်မြင့်**

No comments:
Post a Comment