“ သူလား…၊ သမီးအလတ်လေ၊ ဟုတ်တယ်..၊ သူ့ရုပ်က သီးသန့်တစ်ရုပ်၊ တစ်မိပေါက် တစ်ယောက်ထွန်း ပြောရမလားပဲ၊ ကျန်နှစ်ယောက် ပညာတော်သလောက် သူက ပညာရေးမှာလည်း အားနည်းတယ် ”မေမေက အလည်ရောက်နေတဲ့ သူ့မိတ်ဆွေတွေကို ပြောပြနေသံ သူကြားလိုက်ရတယ်။ ဧည့်သည်တွေအတွက် သံပုရာရည် ချပေးအပြီး “ ဒါလေးကရော ဘာတော်လဲ” လို့ မေးလိုက်တဲ့ အသံနောက် အမေ့ရဲ့ ပြန်ဖြေသံ နားထောင်ပြီး သူ့ရင်ထဲမှာ တဆစ်ဆစ် နာကျင်လို့ နေတယ်။ ဒီလိုမျိုး ပြောတာ သူ ကြိမ်ဖန်များစွာ ကြားခဲ့ရဘူးတယ်။ အမှန်အတိုင်း ပြောတာပေမယ့် ကြားတိုင်းလည်း ဖျဉ်းခနဲ ဖြစ်လာတတ်တဲ့ စိတ်ကို ချုပ်တည်းရတာ အသားကျနေလေပြီ။ ဒီအိမ်မှာ သူက ဥဒေါင်းတွေရဲ့ အလယ်က ကျီးမည်းတစ်ကောင်လို ခံစားရတယ်။ ပုခုံးနှစ်ဘက်အကြား ခေါင်းပေါက်တဲ့သူ အချင်းချင်း၊ ဒီအမေ ဒီအဖေက မွေးလာသူ အချင်းချင်း၊ သူ့ကြမှ ဘာလို့များ ကျန်လူတွေနဲ့ အစစ အရာရာ မတူညီ ကွဲပြားနေရတာလဲ။
သူ့ရုပ်က အကျည်းတန်တယ်။ မိသားစုထဲမှာ သူက ရွက်ကြမ်းရည်ကြိုထက်တောင် နိမ့်ဦးမလားပဲ။ သူ့ရဲ့ ပုပြတ်တဲ့ အရပ်၊ ညိုမောင်းတဲ့ အသားအရည်၊ ထူသိပ်တောထနေတဲ့ ဆံပင်ရိုင်းထိုးထိုးထောင်ထောင်နဲ့ မပြေပြစ်တဲ့ ခန္ဓာကိုယ် အချိုးအဆစ်၊ ဒီကြားထဲ သူ့ရဲ့ မလှပတဲ့ နှုတ်ခမ်းထူထူက မျက်နှာသေးသေးပေါ်မှာ ထင်ရှားနေုတော့ သူ့ရုပ်ရည်က ဆေးတက္ကသိုလ်မှာ အလှသရဖူဘွဲ့ ရခဲ့တဲ့ အစ်မဖြစ်သူနဲ့ ညီအစ်မအရင်းဆိုတာ ဘုရားစူး ကြိမ်တွယ်ပြောရင်တောင် ယုံမယ့်ပုံမရှိ။ မေမေတို့ ပြောရင်လည်း ပြောချင်စရာ၊ သူက လူကလည်း ကြောက်သေး၊ ဘယ်တော့မှ လူတောမတိုး။
ပညာအရည်အချင်းရော ကြည့်ဦးမလား။ သူ့ပညာ အရည်အချင်းက ရှစ်တန်းမှာ တစ်ကြိမ်ကျ၊ ကိုးတန်းမှာ တစ်ကြိမ်ကျ၊ ဆယ်တန်းသုံးကြိမ် အပြင်ဖြေလို့ မအောင်တဲ့အဆုံး၊ အငယ်မ ယုယု ကွန်ပြူတာတက္ကသိုလ် စတက်တဲ့ နှစ်မှာပဲ ပညာရေးနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ အမေကိုယ်တိုင်က “ညည်းအစား အမေမောတယ်၊ ငွေကုန် လူပမ်း၊ တော်သင့်ပြီ၊ အိမ်မှာပဲ လုပ်နိုင်တာတွေ ၀ိုင်းကူလုပ်ချေတော့ ” လို့ ပြောလိုက်ထဲက အိမ်အလုပ်တွေနဲ့ သူ နပမ်း စလုံးခဲ့ရတော့တယ်။
သူက မှတ်ဥာဏ်မကောင်းတာထက် ပညာရေးကို စိတ်အားကို မသန်ခဲ့တာ။ ၀ိုင်းကျုရှင်တွေ၊ စာသင်ဂိုဒ်တွေနဲ့ စာသင်ခဲ့ရတဲ့ ကာလတွေက သူ့အတွက် ခြောက်အိပ်မက်။ စာသာ စိတ်မ၀င်စားတာ၊ အပြင် စာအုပ်တွေတော့ သူ အငမ်းမရ ဖတ်တယ်။ အဖေ့ စာအုပ်စင် တစ်ခုလုံးက စာအုပ်တွေက သူ့အတွက် တန်ဘိုး မဖြတ်နိုင်တဲ့ ရတနာ ရွှေထုတ်တွေ။ သူရတဲ့ မုန့်ဖိုးမှန်သမျှ ဖတ်စရာ စာအုပ်တွေ ၀ယ်ဖြစ်တာကြီးဘဲ။ ဖတ်လိုက်တာမှ အငယ်မ ယုယုရဲ့ ကွန်ပြူတာနဲ့ အင်တာနက်မှာ တင်ထားတဲ့ စာတွေပါ မကျန် အားလပ်ချိန်မှာ သူ ၀င်ဖတ်ဖြစ်နေတာ။
ညီအစ်မတွေနဲ့လည်း သူက တရင်းတနှီး မနေတတ်။ သူ့ပင်ကိုယ် ဗီဇကကို ဖာသိဖာသာ နေတတ်တာ။ အိမ်မှာ မမဆုစန္ဒီက သူ့အမေ့ထက်တောင် သြဇာရှိသေးတယ် ပြောလို့ရတယ်။ နောက်ပြီး မမက ဒေါက်တာဆုစန္ဒ်ီဖြစ်မှ ကျော့ကျော့မော့မော့ ပိုနေတတ်လာတယ်လို့ သူမြင်တယ်။ လူတစ်ကာကို သြဇာပေးချင်တဲ့ မမက အကောင်းဆုံး ကြိုးစားနေထိုင်ပြီး၊ အကောင်းဆုံးမှ နှစ်သက်သူဖြစ်တယ်။ အကောင်းဆုံးမှ မရရင် ဘာဆိုဘာမှ မလိုချင်သူမျိုးပေါ့။ မမ အိမ်ထောင်မကျခင်က အမေက တစ်အိမ်လုံး သူ့လက်ထဲ ၀ကွက်အပ်ထားတာ။ စား၊ သောက်၊ နေထိုင်မှုအစစက မမရဲ့ စိတ်ကြိုက်ပေါ့။ ဘာမဆို မမနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်လို့ အိမ်မှာ အမေ့သြဇာဆိုတာ မရှိသလောက်ပါဘဲ။ အိမ်ထောင်ကျပြီး အိမ်ခွဲသွားတာတောင် တစ်ပတ်တစ်ခါ အိမ်လာတိုင်း ခြံဝကနေ အိမ်နောက်ဖေးအထိ ထောင့်စေ့အောင် လက်ညိုးထိုး ပြောသွားတတ်တာများ အံ့သြမိရတယ်။ တကယ်တော့ သူကြိတ် အားကျမိတဲ့သူကို ပြောပါဆိုရင် အဲ့ဒီသူက မမဆုစန္ဒီပါဘဲ။ လူတစ်ကာထက် နှာတဖျားသာအောင် အမြဲကြိုးစားနေတတ်တဲ့ မမကို ကြည့်ပြီး စိတ်ပင်ပမ်းတာ တစ်ဖက်၊ အားကျတာက တစ်ဖက်ပေါ့။
မမဆုစန္ဒီကို အားကျတယ်ဆိုရင် ဥာဏ်ထက်မြက်တဲ့၊ ချစ်စရာ ရုပ်ရည်ပိုင်ရှင် အငယ်မ ယုနန္ဒီကိုရော သူ အားကျမိတာပါပဲလို့ ၀န်ခံချင်ပါတယ်။ ယုယုက အလည်၊ အပါးမ။ သူက အကင်းပါးတော့ ညာခိုင်းတတ်တယ်။ ပညာကလည်း တော်တယ်။ ကွန်ပြူတာနဲ့ တက္ကသိုလ်ပြီးထားတာ။ သူက ကွန်ပြူတာသင်တန်းတစ်ခုမှာ နည်းပြပြန်လုပ်နေသူ တစ်ဦးပေါ့။ ယုယုက စကားတတ်သူ၊ ချွဲတတ်သူဆိုတော့ သူ အချစ်ပိုမိတာ မဆန်း။ “ မမသု လျှော်ဖွတ်မီးပူထိုးပေးတာ ၀တ်လိုက်ရရင် ယု ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိသွားသလိုပဲ ” လို့ ချွဲပြီး ညာခိုင်းတတ်တယ်။ ဒါနဲ့ပဲ အိမ်မှာနေနေရတဲ့ သူက လိုလိုလားလားနဲ့ ယုယုအ၀တ်အစားတွေ မမောနိုင် မပမ်းနိုင်အောင် လျှော်ဖွတ်၊ မီးပူထိုးပေးရတော့တာပေါ့။ သူ ငယ်ငယ်လေးထဲက ကျူရှင်လိုက်ပို့၊ လိုက်ကြိုလည်း သူပဲ၊ အခုအချိန်အထိ ထမင်းပြင်ကျွေးလည်း သူပဲ၊ ပွထနေတတ်တဲ့ ယုယုအခန်းကို ရှင်းပေးလည်း သူပဲပေါ့။ အမေ့ကိုလည်း သူက ပွတ်သီးပွတ်သပ်လုပ်တတ်လေတော့ ဖာသိဖာသာနေတတ်တဲ့ သူ့ထက် အမေက ယုယုကို ပိုချစ်တာ မဆန်းတော့။
သူ့အမေ ဒေါ်ရည်ရည်မွန်က အလိုလောဘ မရှိတဲ့၊ ခပ်ရိုးရိုးအေးအေး သာမန်အိမ်ရှင်မတစ်ယောက်လို့ ပြောလို့ရတယ်။ အမေက အပျိုဘ၀ထဲက သူ့အိမ်မှာ မကြောင့်မကျနဲ့ ထမင်းလက်ဆေးစားပြီး နေလာခဲ့ရသူ။ အဖေနဲ့ အိမ်ထောင်ကျပြီးပြန်တော့လဲ သမီးသုံးယောက် မွေးပေးပြီး အဖေ့ရဲ့ ဆေးခန်းဝင်ငွေနဲ့ မိသားစု မကြောင့်မကျ နေနေရတော့ အပူပင်သောကလည်း အမေ့မှာ မရှိရှာပါဘူး။ အမေ့ရဲ့ ပင်ကိုယ်စိတ်ကိုက လိုချင်မက်မောစိတ် မရှိတာ။ တစ်ခါတစ်ခါ အမေ့ကို ကိုယ်ပိုင်စိတ်ကူး မရှိသူလို့တောင် သူက ထင်နေမိတယ်။ အမေက သူ့စိတ်ကြိုက်ထက် အိမ်က လူတွေ စိတ်ကြိုက် လိုက်ဖြည့်ဆည်းပေးတတ်သူ သက်သက်ပေါ့။ မမ အိမ်ထောင်ကျသွားချိန်မှာတော့ အားကိုးရမယ့်သူ၊ တိုင်ပင်ရမယ့်သူ၊ အိမ်ကို ဦးစီးညွှန်ကြားနိုင်မယ့်သူ မရှိတော့ဘူးဆိုတဲ့ အသိနဲ့ အမေ တစ်လလောက် အိပ်ရာထဲ လဲသွားသေးတယ်။ “ သမီးကြီးမရှိတာ လက်မောင်း တစ်ဘက်ပြုတ်ပါပြီ ” ဆိုပြီး မကြာခဏ ညည်းနေတာ ကြားကြားနေရတော့ အမေ့မှာ သမီးတစ်ယောက်ထဲ မွေးထားတာ မဟုတ်ပါဘူး အမေရယ်လို့ သူ့စိတ်ထဲ ကြိတ်ညည်းတွားမိရတယ်။ မမ မရှိတော့ပေမယ့် အမေ့ရဲ့ ကျန်လက်မောင်း တစ်ဘက်လောက်တော့ သူ ဖြစ်ခွင့်ရချင်မိတာပေါ့။ အမေက သူ့ကို မမနဲ့ နှိုင်းယှဉ်ပြီးတော့ “အားမရဘူး” လို့ ပြောပြောနေတော့ သူက အလိုလိုနေရင်းကို စိတ်မသက်မသာ ဖြစ်နေရတော့တာပေါ့။ မမနဲ့ လိုက်ဘက်ညီတဲ့ အိမ်ထောင်ဖက်ကိုတော့ ဖေဖေကိုယ်တိုင် ရွေးပေးခဲ့တာပါ။
သူ့ဖေဖေ ဦးကိုကိုကြီးက ဆင်ခြေဖုံးက အထူးကုဆေးခန်းပိုင်ရှင်တစ်ဦး။ ဖေဖေဖွင့်ထားတဲ့ အထူးကုဆေးခန်းမှာ မမကို ကူထိုင်ခိုင်းရင် ဘ၀တူ ဆရာဝန်တစ်ယောက်နဲ့ မေတ္တာမျှခဲ့တဲ့ မမတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲက နေနဲ့လ၊ ရွှေနဲ့မြပါပဲ။ နှစ်ဖက်မိဘ သဘောတူ၊ ဘ၀တူ လက်တွဲဖော်ဖြစ်တဲ့ မမတို့ကို ကြည့်ပြီး သူအားကျမိပေမယ့် အသက်၂၀အရွယ် ရောက်တဲ့အထိ သူ့စိတ်ကို လှုပ်ရှားမိစေသူ တစ်ဦးမှ မရှိသေးပါဘူး။ တကယ်က သူ့ရဲ့ အကျည်းတန်ရုပ်ရည်နဲ့ နိမ့်ပါးတဲ့ ပညာအရည်အချင်းတွေက ဆန့်ကျင်ဘက်တွေ မျက်စေ့ကျလောက်စရာ မရှိတာ ဖြစ်မှာပါလို့ စိတ်ထဲ ယုံကြည်ထားခဲ့မိတာ။ ဖေဖေကတော့ “ ငါ့သမီးလတ် သုသုက တေမိ ရေခဲတုံးကြီး၊ ဖေဖေကတော့ ရေခဲတုံးကြီးကို အချစ်ဆုံး” လို့ မိသားစုဆုံတိုင်း သူ့ကို အားပေးခဲ့တာ။ ဒါပေမယ့်လည်း အများသူငှာရှေ့ ရောက်လို့ သားသမီးတွေကို မိတ်ဆက်ပေးတော့မယ် ဆိုရင်တော့ ဖေဖေ ရှေ့တန်းတင် မိတ်ဆက်ပေးခြင်း ခံရတာက သူမဟုတ်ပါဘူး။ နောက်ဆုံး သူ့အလှည့် ရောက်ရင်တော့ “ ဒါက သုသုန္ဒြီ…အလတ်မလေ..၊ အိမ်ရဲ့ အိုးသူကြီးပေါ့” လို့ တဟားဟား အော်ရယ်ရင်း ပြောတတ်တယ်။ အဲ့ဒီအခါ ဧည့်သည်တွေက “ ဒီသမီးရဲ့ နာမည်လေးက ဆန်းလိုက်တာ” လို့ ပြောကြတယ်။ သူတို့ ညီအစ်မသုံးယောက်လုံးရဲ့ နာမည်တွေကို ဖေဖေပဲ ပေးခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ရုပ်ရည် အကျည်းတန်ပေမယ့်၊ ပညာအရည်အချင်း နုံနည်းပေမယ့် လှပတဲ့ ဒီနာမည်လေး ဖေဖေ့ကြောင့် ပိုင်ဆိုင်ခွင့် ရခဲ့တဲ့အတွက်ကိုတော့ ဖေဖေ့ကို သူ အမြဲ ကျေးဇူးတင်နေမိတယ်။
ဆယ်တန်းသုံးခါဖြေလို့ မအောင်တော့တဲ့ အချိန်ကစပြီး အိမ်မှာ သူက အလိုလိုနေရင်း၊ ရှစ်နှစ်သမီးထဲက အမေ မွေးစားထားတဲ့၊ အခု အပျိုကြီးဖားဖား ဖြစ်နေတဲ့ ပုပုနဲ့ တစ်ပါတီဖြစ်ခဲ့ရတယ်။ ပုပုနာမည်ရင်းက အေးမူပါ။ ပုပုဆိုတာက ညီအစ်သုံးယောက်နဲ့ ဆင်တူလေးဖြစ်အောင် အရပ်လေးပုလို့ ပုပုဆိုပြီး အိမ်ရောက်မှ အားလုံး ၀ိုင်းပေးထားကြတာပါ။ ပုပုက အိမ်မှာ သူ့ကို အချစ်ဆုံးပါ။ ပုပုကလည်း အငယ်မယုလိုပဲ အသွက်လေးပါ။ အိမ်မှာ သူ့ရဲ့ လက်ကတုံး တောင်ဝှေးလေးပေါ့။ ပုပုနဲ့ မီးဖိုချောင်ထဲ ၀င်တိုင်း၊ အခါမလပ် ကြားနေရတာက “ မကြီးသု ချက်တဲ့ဟင်းက ပုပုစားဘူးသမျှထဲမှာ အကောင်းဆုံးပဲ” တဲ့။
ဟုတ်တော့ ဟုတ်တယ်။ သူက တခြားနေရာမှာ အားနည်းပေမယ့် ဟင်းချက်တော့ ကောင်းတယ်လို့ အိမ်က လူတွေအားလုံး အသိအမှတ် ပြုထားကြတယ်။ သူ့မှာ ရှာဖွေ ချီးကျူးမယ်ဆိုရင်တော့ အဲ့ဒီ တစ်ချက်လေးတော့ ကောင်းကွက်ရှိတယ်လို့ သူထင်တယ်။ တစ်အိမ်လုံး လျှာရင်းမျက်အောင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ရတာ သူ ၀ါသနာပါတယ်။ သူ့လက်ရာလေး စားကောင်းတယ်များ ပြောလိုက်ရင် ချက်ကျွေးချင်လို့ မဆုံးပေါ့။
နောက်.. သူ ၀ါသနာပါတာက အချက်အပြုတ်အပြင် မုန့်လုပ်တာ။ မုန့်လုပ်နည်း စာအုပ်တွေဖတ်၊ အိမ်မှာ စမ်းသပ်လုပ်ကျွေးရင်းက အိမ်နီးချင်းတွေ ကျွေးရင်း သူ့လက်ရာလေးကို မေးလာကြတယ်။ အဲ့ဒီကနေ သူ့ရဲ့ ရွှေကြည် ဆနွင်းမကင်း၊ အာလူး ဆနွင်းမကင်းရဲ့ ကောင်းသတင်းတွေက ရက်ကွက်ထဲမှာ ပျံ့လာတယ်။ ဒါနဲ့ သူ့မုန့်ဖိုးလေးတွေ စုပြီး ဆနွင်းမကင်း အော်ဒါမှာသူတွေကို ထိုးပေးတယ်။ အမေနဲ့ မမကတော့ သိပ်မနှစ်သက်ချင်ဘူး။ ဒါပေမယ့် ဖေဖေက “ သမီးပျင်းရင် အပျော်လုပ်ပေါ့ ” လို့ ခွင့်ပေးလိုက်ထဲက သူက သေသေချာချာကို လုပ်တော့တာ။ နောက်ပိုင်း တဖြည်းဖြည်း မုန့်အော်ဒါလေးတွေ ရလာတော့မှ အမေတို့က သူ့အလုပ်ကို လက်ခံလာတယ်။ သူ မုန့်လုပ်ငန်းက ရတဲ့ အမြတ်တဲ့ ငွေလေးက မဆိုစလောက်ပေမယ့် ၀ါသနာပါတဲ့ အလုပ်ကို အိုးမကွာအိမ်မကွာ လုပ်ခွင့်ရတဲ့အတွက် သူကျေနပ်မိပါတယ်။
ဒီနေ့ ဖေဖေ့ရဲ့ အသက် ၆၅နှစ်ပြည့် မွေးနေ့မို့ သူ မနက်အစောကြီးထဲက အိပ်ရာက နိုးနေတယ်။ အိမ်မှာ မိသားစုတွေ ထမင်းလက်ဆုံစားဖို့ မီးဖိုခန်းထဲမှာ ပုပုနဲ့အတူ ချွေးတလုံးလုံးနဲ့ ချက်နေတာ မနက်(၆)နာရီထဲကပါပဲ။ မေမေတော့ ဘုရားခန်းမှာ ဝေရာဝစ္စတွေ လုပ်နေလေပြီ။ ဖေဖေက မနက်ငါးနာရီထဲက လမ်းလျှောက်ထွက်သွားပြီ။ ယုယုကတော့ သိုးနေအောင် အိပ်နေတုန်း။ မမတို့ လင်မယားက ၁၀နာရီလောက် လာမယ်လို့ မေမေက ပြောတယ်။
မနေ့ထဲက ဖုန်းထဲက မမ ညွှန်ကြားထားတဲ့အတိုင်း၊ ဟင်းလျာများ ကိုယ်တိုင် သွားဝယ်ထားခဲ့ပြီးသားမို့ မနက်စောစော ဘုရားပန်းတွေလဲ၊ သစ်သီးဆွမ်းကပ်ပြီးထဲက ပုပုနဲ့အတူ မီးဖိုချောင်ထဲ ၀င်ခဲ့တာ။ ကျင့်သားရနေတဲ့ လက်တွေက ဇယ်ဆက်သလို သွက်သွက်လေး တစ်အိုးပြီး တစ်အိုး ချက်နေမိတယ်။ မိသားစုတွေချည်းပဲ စားယုံမို့ ပင်ပင်ပမ်းပမ်း ချက်ရတာလို့ သူ မထင်မိပါဘူး။
ဖေဖေကြိုက်တဲ့ ငါးပတ်မွှေဟင်းအတွက် ငါးရိုးသေသေချာချာ နွှင်နေရင်း တစ်နေ့က ပုပုကို အဖော်ခေါ်လို့ သူသွားခဲ့တဲ့ နေရာလေးကို မျက်လုံးထဲ ပြန်မြင်လာတယ်။ အဲ့ဒီကို မသွားခင် တစ်ပတ်လောက်က ထုံးစံအတိုင်း အင်တာနက်က စာတွေ ၀င်ဖတ်ရင်း၊ သူဖတ်ခဲ့ရတဲ့ အကြောင်းအရာတစ်ခုကနေ အဲ့ဒီနေရာကို သူ ရောက်သွားဖြစ်ခဲ့တယ်။ တကယ်တော့ အသွားအလာနည်းတဲ့ သူ့အတွက် မဟာစွန့်စားခန်းပါ။ ဒါပေမယ့် သူ့စိတ်က တနုံ့နုံ့နဲ့ ဘယ်လိုမှ မနေနိုင်တော့တဲ့အဆုံး သွားဖို့ ဆုံးဖြတ်လိုက်မိတာပါ။ ရေးထားတဲ့ အထဲက ဖုန်းနံပတ်အတိုင်း သူ ဆက်သွယ်ကြည့်တော့ သူတို့နဲ့အတူ တာဝန်ခံတစ်ဦး အဖော်လိုက်ခဲ့ပေးပြီး သူတို့ သုံးယောက်သား ရန်ကုန်မြို့ရဲ့ ဟိုး…အစွန်က ဆင်းရဲသား ရပ်ကွက်လေးတစ်ခုဆီ ရောက်သွားခဲ့တယ်။ တစ်ခါမှ မရောက်ဘူးတဲ့ နေရာတစ်ခုမို့ လိုင်းကား စီးယုံသာမက၊ ဆိုက်ကားပါ ထပ်စီးခဲ့ရသေးပေးမယ့် အတူပါလာတဲ့ အဖွဲ့က တာဝန်ခံကြောင့် စိတ်ပူစရာမလိုပဲ နောက်ဆုံး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့တယ်။
အိမ်ရှေ့က ဖေဖေနဲ့ မေမေရဲ့ စကားသံက သူ့အတွေးတွေကို ပြတ်သွားစေပြီး ဟင်းအိုးကို လက်စ အမြန် သတ်စေတယ်။ ဖေဖေ လမ်းလျှောက်ရာက ပြန်လာပြီ။ ခဏနေတော့ အိမ်ရှေ့အခန်းဆီက မမဆုစန္ဒီရဲ့ အသံစူးစူးကိုလည်း ကြားနေရပြီ။ မိသားစုတွေ ဆုံဖြစ်ကြတာမို့ စကားသံတွေ ဝေေ၀ဆာဆာ ဖြစ်နေကြပေမယ့် သူကတော့ မီးဖိုထဲမှာ လက်စသတ်စရာများကို ပုပုနဲ့အတူ အပြီးသပ်ရင်း ထမင်းပွဲပြင်နေလိုက်တယ်။ ဖေဖေ့ မွေးနေ့အတွက် သူမလက်ရာ နေ့လည်စာ ဟင်းပွဲတွေက စားပွဲပေါ်မှာ အသင့်ဖြစ်နေခဲ့ပြီ။
“ သုသုရေ…. ”
“ သမီးသုရေ…. ”
အမေနဲ့ မမရဲ့ အိမ်ရှေ့ ထွက်လာဖို့ သူ့ကို ပြိုင်တူ လှမ်းခေါ်လိုက်တာမို့ လက်ထဲက ရေတွေကို သုတ်ရင်း လက်သုတ်ပုဝါတန်းလန်းနဲ့ အိမ်ရှေ့ကို သူ ထွက်လာခဲ့လိုက်တယ်။ ရွှေဝါရောင် ၀တ်စုံနဲ့ အလှကြီးလှနေတဲ့ မမ ဆုစန္ဒီ။ မမက အိမ်ထောင်ကျပြီးမှ ပိုလှလာသလိုပဲ။ မမဆီက တန်ဘိုးကြီး ရေမွှေးရနံ့က ဧည့်ခန်းတစ်ခန်းလုံး ပျံ့သင်းနေတယ်။ မမရဲ့ အမျိုးသားက ဖေဖေနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတယ်။ မေမေနဲ့ဖေဖေကို ကြည့်လိုက်တော့ နှစ်ယောက်လုံး သပ်ရပ်လို့။ သူ့မှာသာ အခုအချိန်ထိ ရေမချိုးနိုင်သေးပဲ ချွေးနံ့၊ ဟင်းနံ့ ပရဗွနဲ့။ မမ အမျိုးသားပါ ရှိနေတော့ မသန့်မရှင်းနှင့် သူ့အဖြစ်ကို အားနာနေမိတယ်။
“ သုသုရေ… ဖေဖေ့လက်ကို ကြည့်လိုက်၊ မမတို့ လင်မယား ၀ယ်ပေးတဲ့ မွေးနေ့လက်ဆောင်လေး၊ မလှဘူးလား ”
မမ စကားအဆုံး ဖေဖေ့လက်ကို ကြည့်လိုက်တော့ တန်ဘိုးကြီး သိန်းကျော်တန် ယောကျာ်းပတ် စီကိုနာရီတစ်လက်က ဖေဖေ့လက် ပြည့်ပြည့်ဖြိုးဖြိုးနှင့် ပဏ္ဍံရလို့။ နှုတ်နည်းတဲ့ သူ့ထုံးစံအတိုင်း ခေါင်းငြိမ့်အပြုံးလေးနဲ့ အသိအမှတ် ပြုပြလိုက်မိတယ်။
“ ယုလည်း ဖေဖေ့အတွက် ၀ယ်ထားပါတယ်နော်.. ဖေဖေ အခုဖောက်ကြည့် ”
အဲ့ဒီအချိန်မှာ ပက်ကင်လှလှလေး ထုတ်ထားတဲ့ လက်ဆောင်ထုတ်တစ်ထုတ် ကိုင်လို့ အခန်းထဲက အငယ်မ ယုယု ထွက်လာတယ်။ ယုယုကလည်း ဖေဖေ့မွေးနေ့မို့ ထင်ရဲ့၊ ရှိုးတွေထုတ်လို့ လှနေလိုက်တာ။ မေမေက တပြုံးပြုံးနဲ့ ဖေဖေ့လက်ထဲက ပက်ကင်ထုတ်ကို ကူညီ ဖောက်ပေးတယ်။ အထဲမှာက ဖေဖေ့အကြိုက် အပြာသွေးကြွနေတဲ့ မိချောင်းတံဆိပ် စပို့ရှပ်အကောင်းစားတစ်ထည်။
“ ဖေဖေ အခု ၀တ်ပြ..၊ အခု ၀တ်ပြ…၊ သမီးကြည့်ချင်တယ် ”
ယုယု ဆန္ဒကို ဖြည့်တဲ့အနေနဲ့ ဖေဖေက စွပ်ကျယ်အိကျီ င်္ ၀တ်ထားတဲ့ ကိုယ်ခန္ဓာပေါ်ကနေ ချက်ချင်း ထပ်ဝတ်ပြလိုက်တယ်။ အပြာရောင် စပို့ရှပ်နဲ့ ဖြူတဲ့ ဖေဖေ့အသားက ဟပ်နေတယ်။
“ဖေဖေ ဂေါက်ဖ်ရိုက်ရင် ၀တ်သွားရမယ်နော်၊ မမသု.. လှတယ် မဟုတ်လားဟင် ”
ဖေဖေ့ကို ပြောရင်း သူ့ကို လှမ်းမေးလိုက်တဲ့ ယုယုကို သူ လက်မလေး ထောင်ပြရင်းက ပြုံးပြလိုက်မိတယ်။
“ သုသုရော.. ဖေဖေ့ကို ဘာပေးမှာလဲ”
“ မမသုလက်ဆောင်ကရော ဘာလဲဟင်”
မမ ဆုစန္ဒီနဲ့ ညီမလေး ယုနန္ဒီရဲ့ အမေးက မတိုင်ပင်ပဲ သူ့ဆီကို တပြိုင်နက်ထဲ ရောက်လာတယ်။ ဖေဖေ၊ မေမေနဲ့တကွ အားလုံးရဲ့ အကြည့်တွေက သူ့ဆီ ရောက်လာတယ်။ သူ့တစ်ကိုယ်လုံး ထူပူသွားလို့ ခေါင်းကို အသာအယာ ငုံ့ထားလိုက်မိတယ်။ ငုံ့လိုက်တဲ့ အရှိန်နဲ့ ဖရိုဖရဲ ဆံစတွေက အဆီပျံနေတဲ့ မျက်နှာပေါ်ကို ၀ဲကျလာတယ်။ တခဏလေးပါပဲ၊ အားလုံးရှေ့က သူ ထထွက်လာခဲ့ပြီး အိပ်ခန်းထဲ ၀င်လာလိုက်မိတယ်။
“ ဖေဖေ့ မွေးနေ့အတွက် မနက်အစောကြီးထဲက သူထပြီး ချက်ပြုတ်ပေးထားတာ သူ့ မွေးနေ့လက်ဆောင်ပေါ့၊ တော်ကြာ စိတ်မကောင်းဖြစ်သွားပါဦးမယ်၊ သူ့ခမျာ ပင်ပင်ပမ်းပမ်း ချက်ထားရတာ ” လို့ ဖေဖေ ပြောလိုက်တာကို “ ဟုတ်တယ်… မှန်တယ်..သုသုလက်ရာ မေမေတို့ စားချင်ပြီ သမီးရေ” လို့ အမေ လှမ်းပြောလိုက်တဲ့ အသံက သူ့နောက်ကျောနေ အခန်းထဲအထိ ကပ်ပါလာတယ်။
အိပ်ခန်းထဲ ရောက်တော့ အိပ်ရာထဲ သူ ခြေပစ်လက်ပစ် လှဲချလိုက်မိတယ်။ တကယ်တော့ ဖေဖေ့အတွက် သမီးတစ်ယောက်အနေနဲ့ သူ လက်ဆောင်လေးတစ်ခုတော့ ကြိုတင် စီစဉ်ထားသင့်တာ။ သူ ဘာလို့များ မေ့လျှော့နေမိရတာလဲ။ အခုတော့ ရှက်စရာ ဘယ်လောက် ကောင်းလိုက်သလဲ။ မျက်လုံးထဲ ချက်ချင်း ရစ်ဝဲလာတဲ့ မျက်ရည်ကြည်တွေကို မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လို့ ဖယ်ရှားနေမိတယ်။ “ ငါငိုလို့ မဖြစ်သေးဘူး၊ အားလုံးကို ထမင်း ပြင်ကျွေးရဦးမယ် ” လို့ ကိုယ့်ကိုယ်ကို ပြန် အားတင်းလိုက်ရတယ်။
အဲ့ဒီအချိန်မှာ အိပ်ခန်းလိုက်ကာစ အသာအယာလှပ်လို့ ပုပု ၀င်လာတယ်။ ပုပုက သူအိပ်နေတဲ့ ခုတင်နဘေးနားမှာ အသာ ဒူးထောက်ထိုင်ချလိုက်ရင်း….
“ မကြီးသု.. စိတ်မကောင်း မဖြစ်ပါနဲ့၊ ပုပု တစ်ခု သတိရလို့..၊ မကြီးသု မေ့နေတာလား၊ ဘဘအတွက် ပေးစရာ လက်ဆောင်တစ်ခု မကြီးသုမှာ ရှိနေတယ်လေ၊ အဲ့ဒါ ဘဘကို ပေးလိုက်ပေါ့ ”
ပုပုက သူ့နား ကပ်လာပြီး တိုးတိုးထပ် ပြောပြန်တယ်။ ပုပုလို လူမျိုးက အဲ့ဒီလို ပြောလာတော့ ခပ်နုံနုံ သူလည်း အားကိုးရာ ကောက်ရိုးမျှင်တစ်စ ရသွားသလို၊ ကုတင်ပေါ် ချက်ချင်း ငုတ်တုတ် ထိုင်လိုက်မိတယ်။ ဟုတ်တယ်။ ဒီဟာလေးကို ဖေဖေ့ကို လက်ဆောင်ပေးလို့ ရတာပဲ။ သူ သိမ်းထားခဲ့တဲ့ အရာတစ်ခုကို ချက်ချင်း သတိရလိုက်မိတယ်။ ကျေးဇူးတင်လွန်းလို့ ပုပုရဲ့ ပါးဖောင်းဖောင်းလေးကို ဆွဲဖြစ်ညှစ်လိုက်မိတယ်။ သူ့ရဲ့ အ၀တ်ဘီဒို အံဆွဲလေးကို ဖွင့်လိုက်ပြီး အံဆွဲထဲက သူ့လက်ကိုင်အိတ်လေးထဲမှာ သိမ်းထားတဲ့ ဘောက်ခြာလေးကို ထုတ်ယူလိုက်တယ်။ ဘောက်ခြာစာရွက်ကို ကြည့်ရင်း၊ သူ ၀မ်းသာမျက်ရည် လည်လာပြန်တယ်။ ပုပုက သူ့ကို အပြင်ဧည့်ခန်းကို အတင်း တွန်းထုတ်လေတယ်။
အိပ်ခန်းထဲကနေ အပြင်က မိသားစုဝင်တွေ ရှိရာကို သူ ပြန်ရောက်လာချိန်မှာတော့ အားလုံးက တိတ်လို့ သူ့ကို လှမ်းကြည့်နေကြတယ်။ ဖေဖေ ရှေ့မှာ သူရပ်လိုက်တယ်။
“ ဖေဖေ့ကို လူတစ်ယောက်အကြောင်း သမီး ပြောပြချင်တယ်… ’’
ရုတ်တရက် ထွက်လာပြီး ပြောလိုက်တဲ့ သူ့ စကားအချီကြောင့် ဖေဖေက နှာခေါင်းပေါ် လျှောကျနေတဲ့ မျက်မှန်ကို လက်နဲ့ ပင့်တင်ရင်း နားစွင့်လိုက်တယ်။ ကျန်သူများကလည်း သူပြောမယ့် စကားကို စိတ်ဝင်တစား စောင့်နေကြတယ်။
“ သမီး အင်တာနက်ပေါ်မှာ ရေးထားတဲ့ စာတွေ မကြာခဏ ဖတ်ဖြစ်တာ ဖေဖေသိပါတယ်နော်..၊ တစ်နေ့ အင်တာနက်ပေါ်မှာ စာတွေ လိုက်ဖတ်ရင်း၊ ပရဟိတဆိုက်တစ်ခုကို ရောက်သွားတယ်၊ အဲ့ဒီမှာ ရေးထားတာက စောင့်ရှောက်သူမဲ့နေတဲ့ ခိုကိုးရာမဲ့ လေဖြတ်နေတဲ့ သက်ကြီးရွယ်အို တစ်ယောက်အကြောင်း ရေးထားပြီး၊ သူ့အတွက် ငွေ၊ ဆေးဝါးများ လိုအပ်နေတယ်၊ လှူဒါန်းလိုရင် လှူလို့ရတယ်လို့ ရေးထားတာ သမီး ဖတ်လိုက်ရတယ် ”
အားလုံးက ငြိမ်တိတ်ပြီး နားထောင်နေလို့ သူ အားတက်သွားတယ်။
“ အဲ့ဒီမှာပါတဲ့ ဆက်သွယ်ရန် ဖုံးနံပါတ်နဲ့ သူ့ကို စောင့်ရှောက်နေတဲ့ ပရဟိတအဖွဲ့က တာဝန်ခံတွေနဲ့ ပြီးခဲ့တဲ့ အပတ်ထဲမှာ သမီး ဆက်သွယ်ခဲ့တယ်၊ နောက်တစ်နေ့မှာ သမီးရဲ့ မုန့်ဖုတ်ရောင်းလို့ရတဲ့ စုထားတဲ့ ငွေလေးနဲ့ လေဖြတ်နေတဲ့ အဘိုးကို သမီးရယ်၊ ပုပုရယ်၊ ပရဟိတအဖွဲ့ကလူရယ် ငွေသွားလှူခဲ့တယ်၊ နောက်ပြီး… သမီးတို့ အဘိုးကို အားပေးစကားတွေလည်း ပြောခဲ့တယ်…၊ သင့်တော်မယ့် မုန့်တွေ၊ သောက်ရမယ့် ဆေးတွေလည်း တာဝန်ခံတွေနဲ့ တိုင်ပင်ပြီး လှူခဲ့တယ် ”
“ ကောင်းလိုက်တာ သမီးရယ်၊ မွန်မြတ်တဲ့ ကိစ္စပဲ ” လို့ ဖေဖေက ပြောတော့ ကျန်သူ အားလုံးက သူ့လို လူတစ်ယောက်ရဲ့ အခုလို လုပ်ဆောင်ချက်ကို အံ့အားသင့်နေပုံ ရှိနေကြတယ်။ မေမေကတော့ “ ကြည့်စမ်း.. လက်စသတ်တော့ ပုပုကိုပါ ခေါ်သွားတာ အဲ့ဒီကိုကိုး..” ဆို ပြောတယ်။
“ ဟုတ်တယ် မေမေ၊ သမီးတို့ ဒီမှာ မိသားစု စုံစုံညီညီနဲ့ ပျော်ရွှင်နေကြပေမယ့် သူကတော့လေ တဲစုတ်လေးထဲမှာ စောင့်ရှောက်သူမဲ့ ရောဂါသည် ဘ၀ပါ၊ အိမ်နီးနားချင်းတွေ၊ ပရဟိတအဖွဲ့က လူတွေ ၀ိုင်းဝန်းပံ့ပိုးမှုနဲ့ ဘ၀ကို ရှင်သန် အသက်ဆက်နေရတာပါ ”
ဘာလို့မှန်းမသိ၊ သူ့ အသံက ပြောနေရင်းက တုန်ရီလို့ တိုးဝင်သွားတယ်။ သူ့မျက်ဝန်းမှာ မျက်ရည်ကြည်တွေ လျှံအိုင်လာတာ သိလိုက်တယ်။
“ သူ့ဆီရောက်ဖို့ သမီးတို့ ဘတ်စ်ကား သုံးဆင့်စီးခဲ့ရတယ်၊ ဟိုရောက်ပြန်တော့ သူ့အိမ်အထိ ရောက်အောင် ဗွက်တွေ တစွပ်စွပ်နဲ့ စလုံးစခုလမ်းပေါ် မနည်း လျှောက်ခဲ့ရတယ်၊ အိမ်လေးက ခနော်နီခနော်နဲ့ ၀ါးကပ်ကာထားတဲ့ ကွမ်းရာဆိုင်အကျယ်သာသာ အိမ်ကလေး၊ ၀ါးကြမ်းခင်း ကျိုးတိုးကျဲတဲနဲ့ အိမ်လေးပေါ်မှာ လေဖြတ်လို့ ပက်လက်ကလေးပဲ အိပ်နေနိုင်တဲ့ သူ့အဖြစ်က တကယ်သနားဖို့ ကောင်းတယ် ဖေဖေ ”
အားလုံးက ငြိမ်တိတ်လို့။ သူ့ကို အခုလို အာရုံစိုက်နေဖို့ သူ မရည်ရွယ်ခဲ့ပါဘူး။
“ သမီးအလှူအတွက် ဖေဖေ သာဓုခေါ်ပါတယ်… သာဓု.. သာဓု…သာဓုပါ သမီးရယ်၊ ဖေဖေ့ သမီးရဲ့ ထူးထူးခြားခြား အလှူပေါ့ ”
သူ ခေါင်းကို ခါယမ်းလိုက်မိတယ်။
“ မဟုတ်ဘူးဖေဖေ… သမီး.. လှူခဲ့တာ မဟုတ်ရပါဘူး…”
သူ့စကားကြောင့် အားလုံး အံ့သြသွားကြတယ်။
“ ဒီမှာ… ဖေဖေ့ရဲ့ မွေးနေ့အတွက် သမီးရဲ့ မွေးနေ့ လက်ဆောင်အဖြစ် ဒီဘောက်ခြာဖြတ်ပိုင်းလေးကို ဖေဖေ့ကို ပေးပါတယ်၊ တန်ဘိုးနည်းပေမယ့် ဖေဖေ လက်ခံပေးပါနော်… ”
ပြောရင်းက အိပ်ခန်းထဲက ယူလာတဲ့ စက္ကူဖြတ်ပိုင်းလေးကို ဖေဖေ့လက်ထဲ သူ တရိုတသေ ထည့်ပေးလိုက်တယ်။ ပြီးတော့ အိပ်ခန်းထဲကို သူ ချက်ချင်း ပြန်ဝင်လာခဲ့မိတယ်။
အိပ်ရာပေါ်ကို ဒုတိယအကြိမ် သူ ပစ်လှဲချလိုက်မိတယ်။ သူ ရင်တစ်ခုလုံး ခုန်နေတယ်။ သူ ဧည့်ခန်းထဲ ဘာတွေပြော၊ ဘာတွေ လုပ်ခဲ့တယ်ဆိုတာကို သိနေပေမယ့်၊ ဒီလို မထင်မှတ်ပဲ သူလုပ်လိုက်တာ မှန်လား၊ မှားသွားလား သူမကွဲပြားဘူး။
သူ ပေးခဲ့တဲ့ စက္ကူဘောက်ခြာ ဖြတ်ပိုင်းလေးကို ဖေဖေနဲ့အတူ ဧည့်ခန်းထဲမှာ ရှိနေတဲ့သူ အားလုံး လက်ဆင့်ကမ်း ဖတ်ကောင်း ဖတ်နေကြလိမ့်ပါလိမ့်မယ်။ ခြင်ထောင် အမိုးဖြူဖြူကို ကြည့်ပြီး သူ အလွတ်မှတ်မိနေတဲ့ ဘောက်ခြာလေးပေါ်က စာသားလေးကို နှစ်သက်စွာ၊ ပီတိဖြစ်စွာ တိုးဖွဖွလေး ရွတ်ဆိုလိုက်မိတယ်။
“““ ဦးကိုကိုကြီးမှ ငွေကျပ်သုံးသောင်း လှူဒါန်းပါသည် ”””
မရည်ရွယ်ပဲ ဆောင်ရွက်ခဲ့တဲ့ ကိစ္စတစ်ခုက အခုလိုမျိုး ဖေဖေ့အတွက် မွေးနေ့လက်ဆောင်တစ်ခု ဖြစ်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့မိတာ အမှန်ပါ။ ဘောက်ခြာပေါ်မှာ သူ့နာမည်အစား ဖေဖေ့နာမည်ကို ဘာလို့ ရေးထိုးစေခဲ့တာကို ဖေဖေသာ နားလည်ပေးမယ်ဆိုရင်ဖြင့်….။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျကြပါစေ။
မြသွေးနီ
“ သူလား…၊ သမီးအလတ်လေ၊ ဟုတ်တယ်..၊ သူ့ရုပ်က သီးသန့်တစ်ရုပ်၊ တစ်မိပေါက် တစ်ယောက်ထွန်း ပြောရမလားပဲ၊ ကျန်နှစ်ယောက် ပညာတော်သလောက် သူက ပညာရေးမှာလည်း အားနည်းတယ် ”
မေမေက အလည်ရောက်နေတဲ့ သူ့မိတ်ဆွေတွေကို ပြောပြနေသံ သူကြားလိုက်ရတယ်။ ဧည့်သည်တွေအတွက် သံပုရာရည် ချပေးအပြီး “ ဒါလေးကရော ဘာတော်လဲ” လို့ မေးလိုက်တဲ့ အသံနောက် အမေ့ရဲ့ ပြန်ဖြေသံ နားထောင်ပြီး သူ့ရင်ထဲမှာ တဆစ်ဆစ် နာကျင်လို့ နေတယ်။ ဒီလိုမျိုး ပြောတာ သူ ကြိမ်ဖန်များစွာ ကြားခဲ့ရဘူးတယ်။ အမှန်အတိုင်း ပြောတာပေမယ့် ကြားတိုင်းလည်း ဖျဉ်းခနဲ ဖြစ်လာတတ်တဲ့ စိတ်ကို ချုပ်တည်းရတာ အသားကျနေလေပြီ။ ဒီအိမ်မှာ သူက ဥဒေါင်းတွေရဲ့ အလယ်က ကျီးမည်းတစ်ကောင်လို ခံစားရတယ်။ ပုခုံးနှစ်ဘက်အကြား ခေါင်းပေါက်တဲ့သူ အချင်းချင်း၊ ဒီအမေ ဒီအဖေက မွေးလာသူ အချင်းချင်း၊ သူ့ကြမှ ဘာလို့များ ကျန်လူတွေနဲ့ အစစ အရာရာ မတူညီ ကွဲပြားနေရတာလဲ။

No comments:
Post a Comment