“စုန်းတွေ၊ သရဲတွေဆိုတာက တကယ်ရှိတာလား ကိုကြီးတာ”
ဖိုးခွားက ရှည်နေတဲ့ သူ့အကျီကို အဖုထုံးချည်နေရင်းနဲ့ ကိုကြီးတာကို လှမ်းမေးလိုက်တယ်။ ခုနစ်ထွေပစ်တမ်းဆော့ဖို့ အိုးခြမ်းပဲ့တွေကို ညီအောင် ညှိနေတဲ့ ဘုတ်ဘုတ်က ဖိုးခွားကို မျက်စောင်းလှမ်းထိုးတယ်။ ဒါမျိုးတွေကို ဘုတ်ဘုတ်က မကြားရဲဘူး။ ကျွန်တော်တို့ အားလုံးထဲမှာ ဘုတ်ဘုတ်က အကြောက်တတ်ဆုံးပဲ။ သရဲပုံပြင်တွေဆိုရင် သူ နားလည်း နားထောင်ချင်တယ်။ ကြောက်လည်း ကြောက်တော့ ကိုကြီးတာ ပုံပြင်ပြောပြတာနဲ့ ကျွန်တော်တို့ ကြားထဲကို အတင်းတိုးဝင်တော့တာပဲ။ အင်းလေ….သူက မိန်းကလေးကိုး။ ကြောက်မှာပေါ့။
“အေး တကယ်ရှိတယ်တဲ့…..သူတို့ကို ခေါ်ချင်ရင်တောင် ခေါ်လို့ရသေးတယ်တဲ့။ အဘွားက ပြောတာပဲ”
ဇီးစပ်ထုပ်ထဲမှာ ပါတဲ့ ငရုတ်သီးမှုန့်ကို လက်ညှိုးနဲ့ ကော်စားလိုက်ပြီး ကိုကြီးတာက ပြန်ဖြေလိုက်တယ်။ ဇီးသီးအခြောက်အဖတ်တွေနဲ့ ရောနေတဲ့ ငရုတ်သီးမှုန်ကြောင့် ကိုကြီးတာခေါင်းကနေ ကျလာတဲ့ချွေးတွေဟာ မျက်နှာမှာရှိတဲ့ ချွေးတွေနဲ့ ရောနေတယ်။ တရှူးရှူး တရှဲရှဲစားနေရင်းနဲ့ စီးကျလာတဲ့ နှပ်ရည်တွေကို လက်ခုံနဲ့သုတ်လိုက်တယ်။ ပြီးတော့ ဇီးမှုန့်ကပ်ကျန်နေတဲ့ အိတ်ခွံထဲကို ရေထည့်လိုက်ပြီး တကျိုက်ကျိုက်နဲ့ မော့ချလိုက်တယ်။ ငရုတ်မှုန့်ရည် နီနီတွေဟာ ကိုကြီးတာရဲ့ ပါးစောင်ဘေးကနေ အပြင်ကို စီးကျသွားတယ်။
ကျွန်တော်တို့အားလုံးဟာ ကိုကြီးတာ လုပ်သမျှကို စောင့်ကြည့်နေကြတယ်။ ကျွန်တော်တို့က ကိုကြီးတာလောက် အစပ်မစားနိုင်ဘူး။ ကျွန်တော်တို့ ကိုကြီးတာအသက်လောက်ရောက်ရင်တော့ ကျွန်တော်တို့ အစပ်စားနိုင်မယ်ထင်တယ်။ အခု ကျွန်တော်တို့က ငယ်သေးတယ် ဆိုပြီး ဆီးသီးအသားကို စားရတယ်။ ကိုကြီးတာကတော့ ကျွန်တော်တို့ မစားနိုင်တာတွေကို စားတယ်။ ကျွန်တော်တို့အားလုံးဆိုတာက ကျွန်တော်ရယ်၊ ကျွန်တော်တို့ အိမ်ဘေးနားက ဘုတ်ဘုတ်ရယ်၊ ခြေရင်းအိမ်က ဘုတိုနဲ့ ဖိုးခွားတို့ ညီအစ်ကိုရယ်။ ဘုတိုတို့အဖေက တခြားရွာမှာ စာရင်းငှားသွားလုပ်တော့ သူတို့အိမ်မှာ သူတို့ညီအစ်ကိုနဲ့ သူတို့အမေပဲရှိတယ်။ နေ့လည်နေ့ခင်းဆိုရင် ကျွန်တော်တို့က သူတို့ အိမ်ခေါင်းရင်းက ကုက္ကိုလ်ပင်ကြီးအောက်မှာ စုပြီး ကစားကြတယ်။ မနက်ပိုင်းတွေ၊ ညနေပိုင်းတွေကတော့ လူကြီးတွေအလုပ်သွားလုပ်ရင် ကျွန်တော်တို့ပါ လိုက်ရတယ်။
ကိုကြီးတာက ကျွန်တော်တို့အားလုံးထဲမှာ အသက်အကြီးဆုံး။ ကျွန်တော်နဲ့ ဘုတိုက ရွယ်တူ။ ဘုတ်ဘုတ်နဲ့ ဖိုးခွားကတော့ ကျွန်တော့် ထက်တောင် ငယ်သေးတယ်။ ကိုကြီးတာက အသက်က ၉ နှစ်လောက်ပဲ ရှိသေးပေမယ့် ကျွန်တော်တို့ထက် အများကြီးသိတယ်။ ကျွန်တော်နဲ့ ဘုတိုက လယ်ထဲမှာ နွားချေးခြောက်ကောက်တတ်ခါစပေမယ့် ကိုကြီးတာက သူ့အဘွားမွေးထားတဲ့ နွားနီ၊ နွားကျား နှစ်ကောင်ကို လှန်ကြိုးမပါဘဲနဲ့တောင်မှ စားကျက်ထဲမှာ ကျောင်းတတ်နေပြီ။ နွားကျောင်းရင်းနဲ့ ကောက်သင်းကောက်လို့ စပါးနှံတွေလည်း စုဆောင်းတတ်နေပြီ။
“စုန်းက ဘယ်ကနေ ဖြစ်တာလဲ ကိုကြီးတာ”
“ပညာတတ်ရင် စုန်းဖြစ်သွားရောတဲ့ဟ။ ပညာတွေ များများသင်ရင် အဲဒီလူက စုန်းဖြစ်တယ်တဲ့။ သေစရာတောင်မလိုဘဲနဲ့ တခါတည်း တန်းပြီးတော့ စုန်းဖြစ်သွားရောတဲ့။ ငါ့ကိုဆို အဘွားက အမြဲတမ်းပြောတယ်။ ပိုက်ဆံကိုပဲ ရအောင်ရှာတဲ့။ ပညာမတတ်လည်း အရေးမကြီးဘူး။ ပညာမတတ်ရင် စုန်း မဖြစ်တော့ သာတောင် ကောင်းသေးဆိုပဲ”
အင်း…..ကျွန်တော်တို့ ညီအစ်ကိုကိုလည်း ပညာတတ်ပြီး စုန်းတွေ ဖြစ်သွားမှာ စိုးရိမ်လို့ အမေတို့၊ အဘတို့က ကျောင်းမတက်ခိုင်း တာပဲဖြစ်လိမ့်မယ်။ တော်သေးတာပေါ့။ မဟုတ်ရင် ကျွန်တော်တို့ ညီအစ်ကို သုံးယောက်က ပင်ပင်ပန်းပန်း စာတွေကျက်ပြီး နောက်ဆုံးတော့ စုန်းတွေ ဖြစ်သွားမှာပေါ့။ ကျွန်တော်တို့လိုပဲ ကိုကြီးတာကလည်း ကျောင်းမတက်ရဘူး။ ဘုတ်ဘုတ်တို့ ဖိုးခွားတို့လည်း မတက်ရဘူး။
“စုန်းတွေကို ချဲဂဏန်းတွေ၊ ထီဂဏန်းတွေမေးလို့ရတယ်ဆို ဟုတ်လား”
ဖိုးခွားမေးတာကို ကိုကြီးတာက ချက်ခြင်းပြန်မဖြေသေးဘဲ ပေကျံနေတဲ့ သူ့လက်တွေကို စွပ်ကျယ်အကျီအနားစနဲ့ ကပ်သုတ်နေ လိုက်တယ်။ ကိုကြီးတာ သုတ်နေတာကို ကြည့်ပြီးတော့ ကျွန်တော်တို့က သူ့အကျီလေးကို နှမျောနေကြတယ်။ ဟုတ်တယ်။ ကျွန်တော်တို့ မှာက ကိုယ်ပိုင် အကျီဆိုတာ မရှိဘူး။ အဖေ့အကျီအဟောင်းဆိုရင် ကျွန်တော်အစ်ကို သာဒင်က အရင်ဝတ်တယ်။ သူပြီးတော့ နီမောင်၊ သူတို့မ၀တ်တော့မှ ကျွန်တော့်ဆီကို ရောက်လာတာ။ ကျွန်တော်လို့ပဲ တခြားသူတွေရဲ့ အကျီတွေကလည်း ပင့်ကူအိမ်လိုမျိုး ချုပ်ရာ၊ ဖာရာ ဗရပွနဲ့ချည်းပဲ။ ကိုကြီးတာ ၀တ်သလိုမျိုး ကိုယ်နဲ့ အနေတော် စွပ်ကျယ် မျိုးကို တစ်ခါမှတောင် မ၀တ်ဖူးသေးဘူး။
ကိုကြီးတာက အဘွားနဲ့နေတယ်။ သူ့အမေနဲ့ အဘကတော့ မရှိတော့ဘူးတဲ့။ ကိုကြီးတာတို့အဘွားမှာ ခိုင်းနွားတစ်ရှဉ်းရှိတယ်။ လယ်ပိုင်တဲ့သူ ၃ ဦးကလွဲရင် ဒီရွာမှာ နွားပိုင်တာ ဆိုလို့ ဘွားလေးတင်ပဲ ရှိတယ်။ နွားတစ်ကောင်ဖိုးက သေးမှ မသေးတာဆိုတော့ ဘယ်သူမှ မ၀ယ်နိုင်ဘူး။ နွားရှားတော့ နွားချေးရှားတယ်။ လယ်တွေထဲကို မြေသြဇာချဖို့ နွားချေးကို အများကြီးလိုတယ်။ ဒီတော့ ကျွန်တော်တို့ ကလေးတွေက လူကြီးတွေ အလုပ်လုပ်တဲ့ အချိန်ဆိုရင် လယ်ထဲမှာရှိတဲ့ နွားချေးခြောက်တွေကို လိုက်ကောက်ပြီး ဆန်နဲ့ လဲ စားကြတယ်။ နွားချေး တစ်တင်းကို ဆန် ၁ ပြည် ရတယ်။
ကျွန်တော်တို့က ကိုကြီးတာ နွားကျောင်းတဲ့ နောက်ကို အမြဲလိုက်ပြီးတော့ နွားချေးကောက်တယ်။ တခြားနွားပိုင်ရှင်တွေလိုမျိုး ကိုကြီးတာက ကျွန်တော်တို့ကို မငေါက်ဘူး။ ကိုကြီးတာ အားတဲ့အခါကျရင် ကူကောက်ပေးပြီးတော့ ကျွန်တော်တို့ လေးယောက်ကို ခွဲပေးတယ်။ ဒီတော့ ကျွန်တော်တို့က ကိုကြီးတာကို ချစ်တယ်။ ကိုကိုကြီးတာ ပြောသမျှကို ကျွန်တော်တို့တွေက အကုန်သဘောကျတယ်။ ကိုကြီးတာက ကျွန်တော်တို့ကို ဘယ်တော့မှ မလိမ်ဘူး။ သူသိတာမှန်သမျှကိုလည်း ကျွန်တော်တို့ကို အကုန်ပြောပြတယ်။
“အေးဟာ။ သူတို့စိတ်မဆိုးအောင် လုပ်ရင် အမှန်ကို ပြောပြတယ်တဲ့။ သူတို့စားချင်တာ ကျွေးပြီး မေးရင် မှန်မှန်ပြောတယ်။ မဟုတ်ရင်တော့ အမှားတွေ ပြောတယ်တဲ့”
“အမှားတွေပြောရင် ဘာဖြစ်လဲ ကိုကြီးတာ”
“ဘုတ်ဘုတ်ကလည်း….အမှားတွေ ပြောတော့ ချဲတွေ၊ ထီတွေမပေါက်တော့ဘူးပေါ့ဟ။ ဒါဆိုရင် ပိုက်ဆံဘယ်ရတော့မလဲ”
ကိုကြီးတာက ဘုတ်ဘုတ်ကို တစ်ချက်ငေါက်လိုက်ပြီး သူ့အဘွားအိမ်ဘက်ကို ခေါင်းပြူကြည့်လိုက်တယ်။ အဲဒီအတိုင်းပဲ။ နေ့ခင်းပိုင်း ဆော့တဲ့ ဆီကို လာရင် ကိုကြီးတာက အမြဲ လန့်နေတယ်။ ဘွားလေးတင်က သူ့ကို ခေါ်သံများ ကြားရမလား၊ ဘွားလေးက လိုက်လာပြီး နွားတွေနောက်ကို လိုက်ဖို့ လာပြောမလားဆိုတာကို အမြဲစိုးရိမ်နေတတ်တာ။ ဘွားလေးတင်က စကားပြောလည်း ကြမ်းတယ်။ ရိုက်တာလည်း ကြမ်းတယ်။ နွားတွေ ပျောက်ရင် ကျောကော့အောင် အချခံရမယ်လို့ ဘွားလေးတင်က ကျွန်တော်တို့ရှေ့မှာတောင်မှ လာကြိမ်းမောင်းဖူးတာဆိုတော့ ကိုကြီးတာ ကြောက်တာပေါ့။ အခုလည်း ကိုကြီးတာရောက်နေတာ နည်းနည်းကြာနေတော့ နောက်ကို စိတ်မချတော့ဘူး။
“ နေတောင် အေးနေပြီ။ ငါ့နွားတွေကို စားကျက်ကို လွှတ်ပေးရဦးမယ်။ နောက်နေ့ကျရင် နင်တို့ကို ငါ တိမ်ညွှန့်စားတဲ့စုန်း အကြောင်း ပြောပြမယ်။”
“အဲဒါက ပုံပြင်အသစ်လား ကိုကြီးတာ။ ခုနက ဘာလို့ မပြောတာလဲ။ အခု ပြောပြ…အခုပြောပြ”
ခုမှ သတ္တိတွေရှိနေတဲ့ ဘုတ်ဘုတ်က ဂဂျီဂဂျောင်လုပ်တော့ ကိုကြီးတာက ခေါင်းကုတ်လိုက်ပြီး
“နောက်နေ့ကျရင်ပြောပြမယ် ….အခု ငါနွားတွေဆီကို မသွားရင် နောက်နေ့ငါဆော့လို့မရဖြစ်နေမယ်။ ဇော်ဇော်နဲ့ ဘုတိုရေ သွားရအောင်ဟေ့”
ရွာပြင်ကို ပြန်ထွက်မယ်ဆိုတော့ ကျွန်တော်တို့ကိုပါ တခါတည်း ခေါ်သွားတယ်။ ဘုတိုက သူ့အမေရဲ့ တာယာဖိနပ်ကြီးကို ယူစီးလာမိလို့ အိမ်ကို ပြန်ထားနေတဲ့အချိန်မှာ ကျွန်တော်နဲ့ ကိုကြီးတာက သူတို့ အိမ်နားက သရက်ပင်အောက်မှာ ချထားတဲ့ လက်ရိုက်တုတ်နဲ့ ၀ါးချွန်ချောင်းလေး ၂ ချောင်းကို ကောက်ယူလာခဲ့တယ်။ စားကျက်ကိုရောက်တော့ နွားနှစ်ကောင်ကို အရင်ဆုံး လိုက်ရှာ၊ မြစ်စပ်မှာ ရေတိုက်ပြီး မြက်ပေါတဲ့နေရာမှာ ငုတ်တိုင်ရိုက်ပြီး လှန်ထားလိုက်တယ်။ နွားနှစ်ကောင်အစာဝဖို့ လုပ်ပေးပြီးတာနဲ့  ကျွန်တော်တို့ မြစ်စပ်ကို ဆင်းလိုက်ကြတယ်။ နွားချေးကောက်တာထက် ရေထဲမှာ ငါးဖမ်းရတာက ကျွန်တော်တို့အတွက် ပိုပြီးတော့ ပျော်ဖို့ကောင်းတယ်။ ပြီးတော့ ကျွန်တော်တို့အိမ်တွေက အသားဟင်း၊ ငါးဟင်း ၀ယ်စားနိုင်ကြတာမဟုတ်ဘူး။ ကိုယ့်ဘာသာ ငါးဖမ်းမှ ဟင်းစား စားရတာ။
အခုငါးဖမ်းတာကို သင်ပေးတာကလည်း ကိုကြီးတာပဲ။ငါးမျှားချိတ်တစ်ချောင်းနဲ့ တနေကုန် ထိုင်မျှားနေရတာတော့ မဟုတ်ဘူး။ ၀ါး ကိုင်းတံ ခပ်သေးသေးက ငါးမျှားချိတ်မှာ တီကောင်တပ်ပြီး ရေထဲမှာ စိုက်ထားခဲ့ရတာ။ မနက်က ထားခဲ့။ ညနေကျတော့ အဆင်သင့် ပြန်ဖော်ရုံပဲ။ ကိုင်း ထောင်တာပေါ့။ ကျွန်တော်တို့ ကိုင်းထောင်တတ်တာ မကြာသေးဘူး။ အခုတစ်ခေါက်ဖော်ရင်မှ စုစုပေါင်း လေးခါပဲ ရှိသေးတယ်။ စလုပ်လုပ်ခြင်းက တစ်ယောက်ကို ငါးခေါင်းတိုလေး ၂ကောင် ၃ကောင်ပဲ ရတယ်။ နောက်နေ့တွေကျတော့မှ တစ်ယောက်ကို နှစ်ဆယ်သားလောက်ရတယ်။ လူကြီးတွေနဲ့ ယှဉ်လုပ်ရင်တော့ ကျွန်တော်တို့က အမြဲခံရတယ်။ ဒီကြားထဲ ကျွန်တော်တို့ ကိုင်းတွေကို ခိုးဖော်သွားရင် ကုန်ပြီ။ ဘယ်သူမှ ရေထဲကို မဆင်းသေးခင် ကျွန်တော်တို့က ဦးအောင် ဆင်းနိုင်မှ ကိုယ့်ငါးကို ရတာ။
မနက်က ထမင်းစားမပြန်ခင် ကိုင်းတံ အချောင်း၂၅ လောက်ထောင်ခဲ့ကြသေးတာ။ အခုညနေမှ ဖော်ကြရမှာ။ ကျွတ်ကျွတ်အိတ်ကို ချည်ပြီး အမှတ်အသားလုပ်ထားတဲ့ ကိုင်းတံကနေ စပြီးတော့ ဖော်လာလိုက်ကြတာ နေ၀င်ခါနီးတော့ ငါးက ၁၅ ကောင် လောက်လောက်ရနေပြီ။ ငါးတွေကလည်း အယ်စတုံကြီးတွေ။ တစ်ကောင်ကို ၂၀ သားလောက်တော့ အေးဆေးပဲ။ ဒါတောင် ကိုင်းတံက အကုန်မဟုတ်သေးဘူး။ နောက်ထပ် ၆ ချောင်းလောက် ကျန်နေသေးတယ်။
“…..ဟေ့ကောင်တွေရေ…ခဏစောင့်နေကြဦး…အရမ်းဖော်မနေကြနဲ့…..ငါ့ခြေထောက်ကို ရေထဲက ငုတ်စူးလိုက်ပြီ။”
ကျန်နေသေးတဲ့ ကိုင်းတံတွေကို ကျွန်တော်တို့က စိတ်စောနေတဲ့ ကျွန်တော်တို့ဟာ ကိုကြီးတာ အသံကြားတော့ လန့်ဖျန့်ပြီး သူ့အနားကို ပြေးသွားလိုက်မိတယ်။ အဟုတ်ပဲ။ မြစ်စပ်မှာ ထိုင်နေတဲ့ ကိုကြီးတာ ခြေထောက်မှာ သစ်ငုတ်စ တစ်ခုက စူးနေတယ်။ ကိုကြီးတာက သတ္တိ သိပ်ကောင်းတယ်။ တချက်မှ မျက်ရည်မကျဘဲနဲ့ သစ်ငုတ်ကို ဆွဲနှုတ်လိုက်တယ်။ အဲဒီသစ်ငုတ်ဆူးကြီးထွက်သွားတော့မှ ကျွန်တော် လက်သန်း လောက် အပေါက်ကြီးပေါ်လာပြီး သွေးတွေက ဟောခနဲ ထွက်လာတယ်။ ကိုကြီးတာဟာ နာကျင်နေတဲ့ ပုံမပြဘဲ
“ဒုက္ခပါပဲကွာ။ ငါ့အဘွားသိရင် ငါ အရိုက်ခံနေရဦးမယ်။ အဘွားကို ငုတ်စူးတဲ့အကြောင်းက ပြောလို့မဖြစ်ဘူး”
သွေးထွက်နေတဲ့ ခြေဖနောင့်ကို လက်နဲ့ပိတ်ရင်း ကိုကြီးတာက ညည်းပြောလေးပြောတော့ ကျွန်တော်တို့ နှစ်ယောက်လည်း လန့်သွားတယ်။ ဟုတ်တယ်……ဘွားလေးတင်သိသွားလို့ မဖြစ်ဘူး။ ကိုကြီးတာ အရိုက်ခံရလိမ့်မယ်။ နောက်နေ့ ကျွန်တော်တို့နဲ့ လာမဆော့ခိုင်းရင် တိမ်ညွှန့်စားတဲ့ စုန်းတွေ အကြောင်းကို ကျွန်တော်တို့ သိခွင့်မရတော့ဘူး။ ကိုကြီးတာရဲ့ အနာ မြန်မြန် သွေးတိတ်မှ။ ညနေစောင်းလို့ ရွာထဲက တင်းကုတ်ထဲကို နွားတွေ မသွင်းခင် သွေးတိတ်မှဖြစ်မယ်။
“နွားချေးကို အမှုန့်ခြေပြီး ထည့်လိုက်ရင် သွေးတိတ်သွားလိမ့်မယ် ထင်တယ်ကွ။ ဘုတို…..မင်းအိတ်ထဲက နွားချေးခြောက် တစ်တုံးလောက်ကို ချေလိုက်ကွာ´´
အနားတွေပြုတ်ထွက်နေတဲ့ ပီနံအိတ်အဟောင်းထဲက မာခြောက်နေတဲ့ နွားချေးခြောက်တစ်တုံးကို ဘုတိုက ခြေထောက်နဲ့ တက်နင်းပြီး ဖနောင့်နဲ့ ကြိတ်ချေလိုက်တော့ အမှုန့်တွေ ဖွာကျလာတယ်။ အဲဒါကို ကိုကြီးတာက ကျုံးယူလိုက်ပြီး စောစောက သွေးထွက်နေတဲ့ ငုတ်စူးရာကို ဖိသိပ်ပေးလိုက်တယ်။ ပါးစပ်ကလည်း “မြေကြီးရေ နာနာ၊ ငါ့အနာက မြန်မြန်ကျက်၊ မြန်မြန်ကျက်´ ဆိုပြီး ရွတ်လိုက်သေးတယ်။ ဟုတ်တော့ ဟုတ်သား။ ခုနက သွေးထွက်နေတဲ့ နေရာမှာ ခုတော့ နွားချေးမှုန့်တွေက ပိတ်သွားပြီ။ သွေးတွေ ထပ်ပြီး ထွက်မလာတော့။ ဒီတော့မှ ကိုကြီးတာဟာ အနားက ကိုင်းပင် ၄ ၅ ပင်ကို သွားနဲ့ကိုက်ဖြတ်လိုက်ပြီး ကြိုးလုပ်လိုက်တယ်။ အဲဒီကိုင်းကြိုးတွေမှာ ကျွန်တော်တို့ ဝေပုံကျ ငါးခူ တွေကို သီလိုက်ပြီး
“သွားကြမယ်ဟေ့။ ငါလည်း ခြေထောက်နာနေတော့ နောက်ထပ် ထပ်မသွားနိုင်တော့ဘူး။ ကျန်တာတွေကို မနက်ကျမှ နွားမလွှတ်ခင် ငါတို့ စောစော လာဖော်ကြမယ်။ မင်းတို့လည်း နွားချေးကောက်ဖို့ဆိုပြီး အိမ်ကနေ စောစောထွက်ခဲ့ကြ။´
“ကိုကြီးတာ…မနက်ဖြန်ခါ နေ့ခင်းကျရင် တိမ်ညွှန့်စားတဲ့ စုန်းအကြောင်းကို တကယ်ပြောမှာလား”
ကိုကြီးတာ ခေါင်းငြိမ့်ပြတော့ ကျွန်တော်တို့ နှစ်ယောက် ဟေး ခနဲ ထအော်လိုက်မိတယ်။ ကျွန်တော်တို့အသံကြောင့် ဘေးနား ခြုံထဲက ဘွတ်ကလုံလေးတွေ ထပျံသွားတယ်။ ဘုတိုက အနားက မြေကြီးခဲတွေကို ကောက်ယူပြီး ပျံသွားတဲ့ ငှက်တွေကို နောက်ကနေ ထပ်ပစ်လိုက်တယ်။ သူ့ကို ကြည့်ပြီး ကျွန်တော်နဲ့ ကိုကြီးတာက အကျယ်ကြီးပဲ ထရယ်လိုက်တယ်။ ပြီးတော့ ငါးတွဲလေးကိုယူပြီး နွားတွေသိမ်းဖို့ စားကျက်ထဲကို ခြေဦးတည်လိုက်တယ်။ ရွာထဲကို ပြန်ဝင်တော့ ကျွန်တော်တို့ ခြေလှမ်းတွေတက်ကြွနေတယ်။ ကျွန်တော်တို့ဆီမှာ အကောင်ကြီးကြီး ငါးခူတွေပါလာတယ်လေ။ ဘုတိုကတော့ ပြန်ရောင်းမယ်လို့ပြောတယ်။ ကိုကြီးတာကတော့ သူ့အဖွားစားဖို့လို့ပြောတယ်။ ကျွန်တော်ရတဲ့ ငါးကိုတော့ အမေကပြန်မရောင်းဘဲ ချက်စားမှာ သေချာပါတယ်။

နောက်တနေ့ မနက် အာရုံတက်ပြီးလို့ လူကြီးတွေ လယ်ထဲဆင်းတဲ့အချိန် ကျွန်တော်ပါ ၀ါးဖက်ခမောက်ကို ဆောင်းပြီး လိုက်ထွက်လာတယ်။ အမေကျွေးနေတဲ့ ထမင်းကြမ်းခဲကိုတောင် စားမနေတော့ဘဲ “နွားချေးသွားကောက်တော့မယ်အမေ။ အခု ကောက်တဲ့သူတွေများတော့ ရတာနည်းတယ်´ လို့ ပြောပြီး ဇွတ်ထွက်လာခဲ့မိတယ်။ မလောလို့ မဖြစ်ဘူးလေ။ မနေ့က ကိုင်းမှာ မိနေတဲ့ငါးတွေကို ငါးကြီးတွေ လာဟပ်သွား ရင်လည်း ကုန်ရော။ ခိုးဖော်တဲ့သူတွေနဲ့ မိရင်လည်း ကျွန်တော်တို့ငါးတွေက ပါသွားဦးမှာ။ ကျွန်တော်ကသာ လောနေတာပါ။ ကိုကြီးတာနဲ့ ဘုတိုက်ကတော့ အေးဆေးပဲထင်တယ်။
ရွာထိပ်က ဇီးပင်အောက်ကို ကျွန်တော်ရောက်တဲ့အချိန်အထိ ဘယ်သူမှ ရောက်မလာသေးဘူး။ သူတို့ကို စောင့်နေရင်းနဲ့ ဇီးပင်ပေါ်ကို တက်ပြီး ဇီးသီးတွေကို လှုပ်ချနေလိုက်တယ်။ တအောင့်နေတော့မှ ဘုတိုက တောင်းစုတ်နဲ့ ရောက်လာတယ်။ ကိုကြီးတာ ရောက်မလာသေးဘူး။ နည်းနည်းလေး နေရောင်လင်းလာတော့ ကျွန်တော်တို့ ကိုကြီးတာကို စောင့်မနေတော့ဘဲ နွားချေးကောက်ရမယ့် နေရာကို အရင်ဆုံးသွားနှင့်လိုက်တယ်။ တကယ်လို့ ကျွန်တော်တို့ကို ဇီးပင်အောက်မှာ ရှာလို့မတွေ့ရင်လည်း နွားစားကျက်မှာ ရှိနေတာကို ကိုကြီးတာ သိနိုင်တာပဲလေ။ ဒါပေမယ့် နေ့လည်ခင်းရောက်လို့ ကျွန်တော်တို့ ထမင်းစားပြန်ချိန်အထိ ကိုကြီးတာ ရောက်မလာခဲ့။ အိမ်ကိုပြန်ရောက်တော့
“တာတီးတော့ ဖျားနေတယ်။ ခြေထောက်က ရောင်ကိုင်းနေတယ်။ မနေ့က ရေထဲက တုတ်ထိုးမိလို့ဆို….ဟုတ်လား ဇော်ဇော်”
အမေ့ကို ကျွန်တော်ခေါင်းငြိမ့်ပြလိုက်တော့
“အေး…နောက်တခါ တာတီးနဲ့သွားရင် သတိထား။ မနက်တုန်းက သူ့ဘွားအေက ကျိန်ဆဲနေတယ်။ တာတီးခေါ်တိုင်း လျှောက်မလိုက်နဲ့ ကြားလား”
ကိုကြီးတာက စိတ်ကောင်းရှိပါတယ်။ သူ့အဘွားကိုက အပေါက်ဆိုးတာ။ လို့ အမေ့ကို ပြန်ပြောမနေတော့ဘဲ ထမင်းကိုသာ ခပ်မြန်မြန်စားလိုက်တယ်။ စားပြီးတော့ လက်ဆေး၊ ဘောင်းဘီအနားနဲ့ လက်ကို ကပ်သုတ်လိုက်ပြီး ဘုတိုတို့ ကုက္ကိုလ်ပင်အောက်ကို ကျွန်တော်ပြေးထွက်သွားတယ်။ ဟိုကိုရောက်တော့ ဘုတ်ဘုတ်ကလည်း ကိုကြီးတာ နေမကောင်းတဲ့အကြောင်းကို ဆီးပြောတယ်။
“ကိုကြီးတာက ငန်းမိတာတဲ့ဟ။ ဘွားလေးတင် မနက်ကတော့ ရှမ်းပြေးရွက်တွေကိုအရည်ညှစ်ပြီး ထည့်ပေးနေတာ တွေ့တယ်။ ဒီနေ့တော့ မလာနိုင်လောက်တော့ဘူး။ မနက်ဖြန်ခါ ကျရင် ငါတို့ဆီကို လာနိုင်မယ်ထင်တယ်။ အဲဒီကိုကြီး တာကလည်းဟာ…အ ရေးအကြောင်းကျမှ နေမကောင်းဖြစ်ရတယ်လို့။ ငါတို့ကို ပုံပြင်လေးပြောပြီးတော့မှ ဖြစ်တာမဟုတ်ဘူး။”
အဲဒီနေ့က ကျွန်တော်တို့ စစ်တိုက်တမ်းဆော့ကြတယ်။ ဆော့တာ အရှိန်ရလာတော့ ကိုကြီးတာကို သိပ်မမျှော်မိတော့ပေမယ့် ညနေစောင်း ရွာပြင်ထွက်ခါနီးတော့ ကိုကြီးတာကို သတိရသွားပြန်ရော။ မိုးသာချုပ်သွားတယ်။ ကျွန်တော်တို့ ဆီကို ကိုကြီးတာ ရောက်မလာခဲ့ဘူး။
နောက်တစ်နေ့….။
ကျွန်တော်တို့ ကိုင်းတံလေးတွေ ကျွန်တော်တို့ဘာသာ သွားဖော်လိုက်တယ်။ ကံမကောင်းဘူး။ ငါးခေါင်းတွေပဲ ကျန်တော့တယ်။ ငါးခူအသားတွေက တခြားငါးတွေ လာကိုက်သွားတာ ဘာမှ မကျန်တော့ဘူး။
နောက်တနေ့…………။
မနက်ပိုင်း နွားကျောင်းတဲ့ဆီကိုရော
နေ့ခင်းပိုင်း ပုံပြင်ပြောတဲ့ နေရာကိုရော ကိုကြီးတာ ရောက်မလာ။
နောက်တနေ့…………။
ကျွန်တော်တို့ နွားစားကျက်မှာ ကိုကြီးတာကို စောင့်နေချိန်မှာပဲ ရွာထဲကနေ ကြေးစည်သံတွေ ထွက်လာတယ်။ အဲဒီကြေးစည်သံဟာ ကျွန်တော်တို့ ရင်ဘက်ထဲကို ၀င်တီးနေသလိုကို စူးဝါးနေတယ်။ အဲဒီကြေးစည်သံကြောင့် ကျွန်တော်တို့တွေ ကြက်သီးမွှေးညှင်း ထောင်ထ လာတယ်။ ဘုတိုက သူသယ်နေကြ ပီနံအိတ်အစုတ်ကလေးကို ပစ်ချပြီး ကျွန်တော့်နား လာရပ်နေတယ်။ ဘုတ်ဘုတ်ကတော့ အီး ခနဲ ထငိုလိုက်တယ်။ ကျွန်တော်ကတော့ ကြောင်ပြီးတော့ မတ်တပ်ရပ်နေတယ်။ ပြီးတော့ မျက်ရည်တွေ ၀ဲလာတယ်။ အဲဒီအသံဟာ ကျွန်တော်တို့နားက တစ်ယောက်ယောက်ကို မောင်းထုတ်နေသလိုမျိုးလို့ ကျွန်တော်ခံစားနေရတယ်။
ဒီအချိန်မှာ ကျွန်တော်တို့အနားကို အဘရောက်လာပြီး လှည်းလမ်းကြောင်းကနေ ရွာထဲကို ပြန်ဝင်ဖို့ လာခေါ်တယ်။ ရွာထဲက ထွက်လာတဲ့ လူစုစုကို ကျွန်တော်တို့ အဝေးကနေ လှမ်းမြင်နေရတယ်။ ပြီးတော့ စူးရှနေတဲ့ ကြေးစည်သံကို ကျွန်တော်တို့ ကြားနေရတယ်။ အဘကတော့ ဘာမှမပြောဘဲ ကျွန်တော်တို့အားလုံးကို လှည်းလမ်းကြောင်းဘက်က ပတ်ပြီးတော့ ရွာထဲကို ခေါ်သွားတယ်။ ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့လဲ လို့ ကျွန်တော်တို့ အခါခါမေးတယ်။ အဘက ကျွန်တော်တို့ကို မကြည့်ဘဲနဲ့ ခေါင်းကို အကြိမ်ကြိမ်ခါပြတယ်။ အိမ်ကို ရောက်တော့ အမေက ကျွန်တော်ကို ဆွဲဖက်ထားလိုက်တယ်။ ကျွန်တော့်ခေါင်းကို ပွတ်သပ်ပေးပြီး အမေ့မျက်ရည်တွေ တသွင်သွင်စီးကျလာတယ်။ ဇော်ဇော်ကို လယ်ထဲမလွှတ်တော့ဘူး။ ငါ့သားလေးကို …မလွှတ်ချင်တော့ဘူးလို့ တတွတ်တွတ်နဲ့ ပြောနေတယ်။ ကျွန်တော်လည်း ဘာမှန်းညာမှန်းမသိဘဲ လိုက်ငိုမိတယ်။ ကြောက်တယ်၊ ကြောက်တယ် ဆိုတာကို ကျွန်တော် အထပ်ထပ်အခါခါ ပြောနေမိတယ်။
************************
နောက်တစ်လလောက်ကြာတော့ ရွာပြင်ကို ပြန်ထွက်မြဲအတိုင်း ကျွန်တော်တို့ ပြန်ထွက်ကြတယ်။ အရင်ကလို နွားချေးကောက်တဲ့ အလုပ်တခုတည်းကိုသာ လုပ်တာတော့ မဟုတ်တော့ဘူး။ ကျွန်တော်နဲ့ ဘုတိုက ဘွားလေး တင်ရဲ့ နွားနှစ်ကောင်ကို ကျောင်းနေပြီ။ ကျွန်တော်တို့ နွားကျောင်းတဲ့ စားကျက်ရဲ့ ခမ်းလှမ်းလှမ်းမှာ ကိုကြီးတာ အိပ်နေတယ်။ ကျွန်တော်တို့တခါတလေ ကိုကြီးတာ အနားကို သွားတယ်။ သူ့မြေပုံမို့မို့လေးမှာ သစ်ခက်လေးတွေ ထိုးပြီး ကျွန်တော်တို့ ဆုတောင်းကြတယ်။ တခါတလေ ကျွန်တော်တို့ ပက်ကြားအက်နေတဲ့ လယ်ထဲက ကန်စွန်းနွယ်လေးတွေကို ခူးပြီး ကိုကြီးတာ အနားမှာ စိုက်ပေးကြတယ်။ ကျွန်တ်ာတို့ အားလုံးမှာ မျှော်လင့်နေတာ တခုရှိတယ်။
တနေ့နေ့မှာ တိမ်ညွှန့်စားတဲ့ စုန်းအကြောင်းကို ပြောပြဖို့ ကိုကြီးတာ ပြန်ကို ပြန်လာလိမ့်မယ်။
**နှင်းနုလွင်**

No comments:
Post a Comment