ကိုယ့်ဖိနပ် ကိုယ်စီး
ကိုယ့်ခရီးကို ကိုယ်သွားရရိုးမှန်ရင်
မင်း ကျောပေးထိုင်နေတဲ့ ဓါတ်တိုင်အကြောင်းကို
ဒီထက် အသံ နည်းနည်းမြှင့်ပြီး ထုတ်လွှင့်လိုက်ပါ
ကမ္ဘာက
ချွေးသိပ်စကားဆိုရအောင် ဆို့နင့် မနေဘူး။
မုသားကို အလိုမရှိဘူး
ရွက်ပုန်းသီး မလိုဘူး
လူ အားလုံးဟာ မင်းထင်သလောက် မနုံအဘူး ဂျိုး။
ငါတို့သွားမယ့် လမ်းဆုံမှာ
မင်းအတည်တကျ ၀င်ထိုင်လိုက်တာ
လည်ချောင်းမှာ တစ်တစ်ခွခွ ခွေလိုက်တဲ့ မြွေပဲ
မင်းရမ်းခါနေတဲ့ အဆိပ်က ထိပ်မှာလာသီးတယ်
မင်းစိုက်နေတဲ့ ဆူးရိုင်းပင်ကို မင်းကိုယ်တိုင် ရိတ်သိမ်းချိန်တန်ပြီ
မင်းပစ်တင်လိုက်တဲ့ လေလှိုင်းကို အရေးတကြီးထိန်းဖို့လိုပြီ
မင်းခေါက်ဝတ်ထားတဲ့ ဘောင်းဘီ အောက်နားစကို
မင်းကိုယ်တိုင် ဖြည်ချဖို့ လိုအပ်နေပြီ ဂျိုး။
“အရူးလက်ထဲကို သေနတ်တလက်ရောက်သွားရင် ဘာဖြစ်နိုင်သလဲ”
မင်းဝတ်ထားတဲ့ ရှပ်အကျီကို ပြန်မေးကြည့်မယ်
ရှုထုတ်လိုက်တဲ့ နီကိုတင်းကို ပြန်မေးမယ်
လိပ်ပြာလုံတယ်ဆိုရင်
မင်းကိုယ်တိုင် အားစိုက်ပြီး လက်ခေါက်မှုတ်လိုက်ပါ
ကြွေကျလာမယ့်အသီးအနှံမှန်သမျှ/ မင်းအောင်မြင်ခမ်းနားခြင်းတွေ
မင်းကိုယ်တိုင် သိမ်းဆည်းလိုက်ခွင့်ရှိတယ်ဂျိုး…။
ကစားနည်းမှန်သမျှမှာ
မိန်းမတစ်ယောက်ကို ကစားတာဟာ
အသပ်ရပ်ဆုံးနဲ့ အရှုံးနိမ့်ဆုံး ပြကွက်ပဲဂျိုး…။
မရယ်မောလိုက်နဲ့
မင်းပစ်ချလိုက်သမျှ အန်စာတုံးတွေ
မင်းကို ပြန်ပစ်ချသွားမယ့် ဇာတ်ဝင်ခန်းဟာ
ဖြစ်ကတတ်ဆန်း ၀ါးပြီး ထွေးထုတ်လိုက်တဲ့ ပီကေမဟုတ်ဘူး
မင်း အကြောဖြေလျော့နေကြ
သွေးပူလေ့ကျင့်ခန်းတစ်ခုမဟုတ်ဘူး
အရာရာအတွက် အကောင်းဆုံးကို ပြင်ဆင်ထားပါ
မင်းအကျီအပြဲရာအတွက်သာ မင်းကိုယ်တိုင် ဖာထေးလိုက်ပါ/ ရိုးသားပစ်လိုက်ပါ….ဂျိုး။
တလက်စတည်း ထပ်ပြောမယ်
အခန့်မသင့်တိုင်း လွှင့်လာတတ်တဲ့
ရူးသွပ်ခြင်းတွေ၊ ယုံမှားဖွယ်တွေ
ဒီမှာ ဂျိုး
ကမ္ဘာဟာ မင်းထင်သလောက် မနုံအကြဘူး။
**နှင်းနုလွင်**

No comments:
Post a Comment