မျက်မှောင်ကြုတ်ထားတာကြာတော့ ကျုပ်ဟာ ကျုပ် မဟုတ်တော့ဘူး.....
နှစ်ရှည်ကြာ ဒဏ်ရာကို ဆေးသုတ်
ကာလတွေ တိုက်စား ကြုတ်နေတဲ့ မျက်မှောင်အား ဖြေလျော့
ကာကွယ်ဆေးထိုး မထားခဲ့ ညဟာ အဆိပ်ပြင်း မြွေတစ်ကောင်လို ပေါက်
အတိတ်ကို ဘယ်သူက ရေခဲစိမ် ဘီယာလို သောက်ချင်နေကြသေးလဲ....။
ရှေးဟောင်း ဓာတ်ပြားမှာ ထွက်အံကျလာတဲ့ စစ်သီချင်းတစ်ပုဒ်
တချို့ ထမင်းတစ်လုပ်အတွက် ကံကြမ္မာကို ထင်းလိုခုတ်
တချို့ အတ္တကြီးကြီးများ ကြော်ငြာ ဆိုင်းဘုတ်လို ထိုးထိုးထောင်ထောင်
အခြေခိုင်နေတဲ့ ဒုက္ခများ ကျောက်တောင်လို မြင့်မြင့်မားမား
မကောင်းမှုတွေ မှောင်ရိပ်မှာ ပျော်ပါးနေကြတယ်..။
ကောင်းကင်ထက်မြင့်မား ရည်ရွယ်ချက်တွေနဲ့
တိမ်ဆိုင် တိမ်လိပ်လို ဘ၀ ခရီးသွား
မိုးခေါင် ရေကြီး ပျက်ဆီးမှုတွေလည်း ဆုံပြီးပြီ..
မီးပျက် မီးလောင် ခေတ်အမှောင်လည်း ထိပ်တိုက်တိုးပြီးပြီ....
အရိုးတောင်တန်းအောက် သွေး မျက်ရည်တွေနဲ့ ရေကာတာလည်းဆောက်ပြီးပြီ....။
ဒေါသလှိုင်းလုံးတွေ တ၀ုန်းဝုန်းထနေတဲ့ ခေတ်
သောကများ အမေ့အိမ်ကို မကြာခဏ အလည်လာ
သော့ခတ်ခံထားရတဲ့ အဝေးက သံယောဇဉ်တွေ
ပြဿနာကို ခြေရာခံရင်း အသက်လည်း ကြီးပြင်းခဲ့
အချိန်က ရွှေလို တန်ဘိုးရှိတဲ့ အတွေ့အကြုံတွေ ယူဆောင်လာခဲ့ပြီ.။
နေ့စဉ် သက်ပြင်းတွေ အခါခါမြိုချ
ဖျက်မျဉ်းပြိုင်များ ခေတ္တ ဥပက္ခာပြုရင်း
ဝေးကွာနေစဲ အနာဂတ် မနက်ဖြန်များ အပေါင်ဆိုင်က ပြန်ရွေး
ချိုမြိန်တဲ့ စကားလုံးများနဲ့ အပျော်တွေ ပါကင်ထုတ်
ညစ်ပတ်စဲ ခြေရာတွေ ထင်ကျန်ရစ်
အိပ်မောကျ သက္ကရာဇ်များ ပြက္ခဒိန်က ဆုတ်ဖြဲပစ်ချင်ပြီ...။
ဘယ်သူက မကျေနပ်မှုတွေ ခြိုးခြံချွေတာပြီး ခြစ်ခြစ်ခြုတ်ခြုတ် စုထားချင်ပါ့မလဲ
မျက်မှောင်ကြုတ်ထားတာကြာတော့ ကျုပ်ဟာ ကျုပ် မဟုတ်တော့ဘူး.....။
အောင်ခိုင်မြင့်
Rest of your post

No comments:
Post a Comment