ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 16, 2012

မင်းကိုနိုင် (သို့) ဒီမိုကရေစီ သူရဲကောင်း

>
Par6774337 Political activist and leader of the 1988 student uprising Min Ko Naing (C), one of the most prominent opponents of the regime, addresses supporters in Tharyar Waddy, a town north of Yangon, following his release from detention a day before, on January 14, 2012. Myanmar said on January 14 it freed more than 300 political prisoners in its most significant amnesty yet, a move which prompted the United States to pledge it would restore full diplomatic ties. Friday's releases, which included a number of prominent dissidents, were hailed by Western powers that have long demanded the freeing of political detainees before they will consider lifting sanctions on the isolated nation. AFP PHOTO/Soe Than WIN (Photo credit should read Soe Than WIN/AFP/Getty Images) 2012 AFP

မင်းကိုနိုင်ကို ဘာကြောင့် ကျနော်တို့တွေ အရမ်းလေးစားကြသလဲ?

မင်းကိုနိုင်ကို ဘာကြောင့် ကျောင်းသားထုရဲ့ အမြဲတမ်းခေါင်းဆောင်အဖြစ် သတ်မှတ်သဘောထားနေ ကြသလဲ?

မင်းကိုနိုင်ကို ဘာကြောင့် ကျနော်တို့ အရမ်းလွတ်စေချင်ခဲ့ကြသလဲ?

ဒီလိုတွေ မေးလာခဲ့ရင် အရင်က တော်တော်ဖြေရလိမ့်မည် ဖြစ်ပါသည်။

ယခုတော့ အပြတ်အသား ရင်ကော့ခေါင်းမော့ကာ ပြန်ပြောနိုင်ပေပြီ။

လွတ်လွတ်ချင်းမှာ သူဘာလုပ်သလဲ ကြည့်ပါဟုသာ တစ်ခွန်းတည်းပြောပါတော့မည်။

ယနေ့ခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်၏။

ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးကို ပါးနပ်လိမ္မာစွာ နိုင်ငံရေးနည်းလမ်းကျကျ ပြုလုပ်ရတော့မည်ဖြစ်၏။

မင်းကိုနိုင်သည်ကား နှစ်ပေါင်းများစွာ နံရံလေးဘက်ကြားတွင် နေထိုင်ခဲ့ရပါလျက်

ယနေ့ခေတ်လုပ်ထုံးလုပ်နည်းနှင့် အညီ ရင်ဘောင်တန်းနိုင်ရုံသာမက ရှေ့က ပြေးနေသည်ကို အားကျ အတုယူစဖွယ်မြင်တွေ့လိုက်ရပါသည်။

တကယ်တော့ နှစ်ပေါင်းများစွာ နံရံလေးဘက်ကြားတွင် နေထိုင်ခဲ့ရသူမို့ သူ့ခမျာ ပင်ပန်းနွမ်းလျ ရှာပေမည်။

သို့သော် သူကား လွတ်လွတ်ချင်း အနားယူဖို့မစဉ်းစား။

လမ်းတလျောက် ဘုရားများ ၀င်ဖူး၏။ ဗုဒ္ဓဘာသာ ပီသလိုက်ပါဘိချင်း။

ပြီးတော့ လမ်းတလျာက် ပြည်သူလူထုအား တန်ဘိုးရှိသော စကားများဖြင့် လမ်းညွှန်ခေါင်းဆောင်မှု ပေးခဲ့ချေသေး၏။

ကျနော်သာ သူ့နေရာမှာဆိုလျှင် ခုမှ ထောင်ကလွတ်တာ မိသားစုနဲ့တွေ့ဖို့ အချိန်ပေးမိမည်။

အိမ်ကို မြန်မြန်ပြန်ဖို့ အရင်ဆုံးစဉ်းစားမိမည်ထင်၏။

လက်ရှိဖြစ်ပေါ်တိုးတက်နေသော နိုင်ငံရေးအခြေအနေကို လေ့လာဖို့ အချိန် နည်းနည်းလေးတော့ ယူပေဦးမည်။

သို့သော် မင်းကိုနိုင်ကား ထိုသို့မဟုတ်။

သူသည် အချိန်နေရာမရွေးပဲ သူလုပ်ရမည့်လမ်းစဉ်ကို အပြတ်အသားချမှတ်ထားနိုင်သူသာ ဖြစ်ပါသည်။

ထို့ကြောင့် မင်းကိုနိုင်ဆိုသည်မှာ ဘယ်နေရာမှာ ဘယ်လိုပင် ပိတ်လှောင်ထားသည်ဖြစ်စေ

အလင်းကို တွေ့ရှိခံစားနိုင်စွမ်းသူဖြစ်သည်ဟု ကျနော်နားလည်လိုက်မိပါသည်။

ထောင်မှ လွတ်လာလာချင်းမှာပင် ...

တွေဝေ တုန့်ဆိုင်းခြင်းမရှိသော သူ့အပြုံးများ၊

လေးနက်ပြတ်သားသော သူ့စကားသံများ၊

မားမတ် ဖြောင့်ဖြူးသော သူ့ခြေလှမ်းများအားကြည့်ကာ

ကျနော့်ရင်ထဲ စကားတစ်လုံးပေါ်လာလေ၏။

ခေါင်းဆောင်။

သူသည်ကား ကျနော်တို့အတွက် အငြင်းပွားဖွယ်မရှိသော ခေါင်းဆောင်ပင်ဖြစ်ပေတော့သည်။

ယခုခေတ်တွင် အတွင်ကျယ်ဆုံးမှာ မီဒီယာများဖြစ်ပေလိမ့်မည်။

သို့သော် မင်းကိုနိုင်ကား လွတ်လာလာချင်းတွင် မီဒီယာပေါ်မှတစ်ဆင့် ထိတွေ့မှုများပြုဖို့ထက်

တကယ့် ပြည်သူကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခဲ့သူ ခေါင်းဆောင်မှုပေးခဲ့သူဖြစ်ပါသည်။

သူ့အတွက် မိသားစု သံယောဇဉ်သည် အဓိက မဟုတ်။

ကိုယ်ခန္ဓာ နွမ်းလျ ပင်ပန်းမှုသည် အဓိက မဟုတ်။

ထင်ပေါ်ကျော်ကြားမှုသည် အဓိကမဟုတ်။

လမ်းပေါ်က လက်လုပ်လက်စားပြည်သူအများစုသာ အဓိကဖြစ်ပါသည်။

ထို့ကြောင့် မင်းကိုနိုင်ကို ပြည်သူတွေက မေတ္တာရောင်ပြန်ဟပ်ကာ မြတ်နိုးကြခြင်း ဖြစ်ပေလိမ့်မည်။

ဒီကမ္ဘာမြေပြင်ပေါ်ရှိ သက်ရှိလူသားများထဲတွင် `သတ္တိ´ဆိုသောအခြင်းအရာအတွက် ပြယုဂ်မည်သူနည်းဟု

ကျနော့်အား မေးလာငြားအံ့။ မင်းကိုနိုင်အား လက်ညှိုးထိုး ညွှန်ပြမိတော့မည်ဖြစ်ပါသည်။

သူသည်ကား ...

နောက်လာမည့် မျိုးဆက်များအား အတုယူစရာ စိတ်ဓာတ်ပိုင်ရှင်အဖြစ်အမြဲ တည်ရှိသွားတော့မည်သူဖြစ်ပါသည်။

သူလွတ်မလာခင်ညက ကျနော်ရေးခဲ့ပါသည်။

ငါတို့ရဲ့ သက်ရှိ သူရဲကောင်း၊

ငါတို့ရဲ့ သက်ရှိ ဒဏ္ဍာရီ၊

ငါတို့ရဲ့ သက်ရှိ စံပြုပုဂ္ဂိုလ်၊

ငါတို့ရဲ့ သက်ရှိ ကျောင်းသားသမဂ္ဂ ဟု

ထောင်မှ ထွက်လာလာချင်း မင်းကိုနိုင်၏လုပ်ရပ်များက ထိုတင်စားချက်များထက်ပင် ပိုလွန်အောင် ပြုမူပြခဲ့ပါပြီ။

သေချာသည်ကတော့ မင်းကိုနိုင်သည်ကား ကျနော်တို့ မျှော်လင့်ချက်များအား ဘယ်တော့မှ အလဟဿမဖြစ်စေခဲ့သူပင် ဖြစ်ပါလေတော့သည်။

**သွန်းနေစိုး**

မှတ်ချက်..

**မင်းကိုနိုင် (သို့မဟုတ်)သက်ရှိကျောင်းသားသမဂ္ဂ **. .

ရေးသားထားတာကို အောက်မှာဆက်လက်ဖတ်ရူနိုင်ပါတယ်..ရန်ကုန်တက္ကသိုလ်နှင့် ပတ်သက်၍ ကျွန်တော့်မှာ အကြေကွဲရဆုံး ကိစ္စတစ်ရပ်ရှိသည်။ အဓိပတိလမ်း ၀င်ပေါက်မှ ၀င်ရောက်သော အခါတိုင်း တက္ကသိုလ်ဝင်း၏ထိပ် ညာဘက်ထောင့်နေရာဆီတွင် ကွက်လပ်ကြီးတစ်ခု ရှိနေသည့်အဖြစ်ပါဘဲ။

ထိုနေရာမှာ ယခင်က ... ကျောင်းသားသမဂ္ဂ (တကသ) အဆောက်အဦနေရာမှန်း လူအတော်များများ သိကြပါလိမ့်မည်။ ယခုအခါ ကျောက်တိုင် ငုတ်တိုတစ်ခုသာရှိလျက် ဟာလာဟင်းလင်းဖြစ်နေသော သံစည်းရိုးခတ် ကာရံထားသည့်နေရာမှာ အောက်မေ့ဖွယ်နေရာ တစ်ခုလို အမှတ်တရမြှုပ်နှံရာတစ်ခုလို မြင်နေရသည်။

တကယ်တော့ ထိုနေရာမှာ ကျွန်တော်တို့ မြန်မာ့သမိုင်း၏ လျှမ်းလျှမ်းတောက်ခေါင်းဆောင်များကို မွေးဖွားပေးခဲ့သောနေရာ။

ထိုနေရာမှာပင် ... နောင် ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမည့် အသားညိုညို ဆံပင်တိုတိုနှင့် လူတစ်ယောက်၏ နိုင်ငံရေးဘ၀ စတင်ခဲ့၏။

ထိုနေရာမှာပင် ... မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်ဟူသည့် ရဲရဲတောက်မိန့်ခွန်းကို မိန့်ကြားမည့်သူ လှုပ်ရှားခဲ့၏။

ထိုနေရာမှာပင် ... သပိတ်မှောက်ကျောင်းသား၊ အရှေ့က နေ၀န်းထွက်သည့်ပမာ စာအုပ်ကြီးများကို ရေးသားမည့်သူ ၀င်ထွက်ခဲ့၏။

ထိုနေရာမှာပင် ... ရန်ကုန်တက္ကသိုလ်၏ ဘွဲ့နှင်းသဘင် အဆောက်အဦတွင် ခြသေ့င်္နှစ်ကောင်ထည့်သွင်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူ ကိုထွန်းရွှေ ပထမဆုံးဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ထိုနေရာမှာပင် ... အင်္ဂလိပ်အစိုးရမျက်လုံးပြူးရသော ၁၉၃၈ အထွေထွေသပိတ်ကြီး၏ရှေ့ပြေး ၁၉၃၆ကျောင်းသားသပိတ် စတင်ခဲ့၏။

ထိုနေရာမှာပင် ... ... ။

နယ်ချဲ့ဆန့်ကျင်ရေးနှင့် ပတ်သက်၍ အောင်မြေသဖွယ်ဖြစ်ခဲ့ သောနေရာ။ အနာဂတ်မြန်မာပြည်၏ နိုင်ငံရေး၊ ပညာရေး၊ အနုပညာရေး ဦးဏှောက်အသီးသီးတို့အား ရင့်ကျက်လူလားမြောက်စေခဲ့ရာနေရာ သည် ကျွန်တော်တို့အားလုံးက အထိမ်းအမှတ်ပြတိုက်သဖွယ် အမွန် အမြတ်ပြုရမည့်နေရာဖြစ်၏။

သို့သော် ယခုတော့ ထိုနေရာမြတ်မှာ ကျောက်တိုင်ငုတ်တိုကလေးသာ ရှိနေခြင်းက ကျွန်တော့်ကို ဘယ်လိုမှ စိတ်ချမ်းသာမှုမပေး စွမ်းနိုင်ခဲ့။ ထိုနေရာနားမှ ဖြတ်သွားရစဉ်တိုင်း မချိတင်ကဲစိတ်ကို မျက် နှာလွှဲခြင်းဖြင့်သာ ဖုံးအုပ်ခဲ့ရပါလေ၏။

------ ------ ------ ------ ------

အနုပညာသမားမို့လားမသိ။ ကျွန်တော်က ခံစားချက်အတော်ကြီးပါသည်။

နေရာလေးတစ်နေရာက အဆောက်အဦလေးတစ်ခု မရှိတာ ဘာဖြစ်လဲဟု ဆိုရန်ရှိသော်လည်း အထိမ်းအမှတ်ပြုစရာမရှိသောကြောင့် ကျွန်တော်၏ တက္ကသိုလ်ကျောင်းသားအဖြစ် ဖြတ်သန်းဖူးသော ဂုဏ်ယူဖွယ်အဖြစ်ကို မေ့လျှော့နေခဲ့မိ၏။

နယ်ချဲ့ကို တော်လှန်နိုင်ခဲ့သည့် ရဲစွမ်းသတ္တိရှိလှစွာသော တက္ကသိုလ်ကျောင်းသားတို့၏ အတိတ်သမိုင်းအား ဆက်စပ်မြင်နိုင်စရာ အကောင်အထည်ပြယုဂ်မရှိလေသလို ဖြစ်နေခဲ့သည်။

တနည်းပြောရရင်တော့ စံပြုစရာ၊ လက်ညှိုးညွှန် အထောက် အထားပြစရာတစ်ခုခု မရှိလေသော အဖြစ်ပေပေါ့။ ထိုစဉ်အချိန်မှာပင် မင်းကိုနိုင်အကြောင်း ကျွန်တော်တွေးမိခဲ့ခြင်းဖြစ်ပါသည်။

------ ------ ------ ------ ------

မင်းကိုနိုင်နှင့် ကျွန်တော် မရင်းနှီးပါ။

ထို့ကြောင့် သူ့နှင့် ကျွန်တော် ဘယ်တုန်းက၊ ဘယ်လိုစသဖြင့် ဖော်ပြစရာမရှိ။ ဒီလိုဆိုတော့ သူ့အကြောင်းပြောသမျှမှာ အဝေးခွာ ပုံရိပ်များသာ ဖြစ်နေပေလိမ့်မည်။

သို့သော် ယခု ကျွန်တော်ရေးလိုသည်မှာ သူ့အကြောင်း မဟုတ်ပါ။ သူနှင့် ရင်းနှီးကျွမ်းဝင်သူများက ပြောဆိုပြသောအကြောင်း အရာများကို နားထောင်ရင်း သူ့ပေါ် ကျွန်တော်မြင်မိသော အမြင်၊ သူ့ကို ကျွန်တော်ခံစားရသော ခံစားမှုတို့ပင် ဖြစ်ပါသည်။

------ ------ ------ ------ ------

ကိုပေါ်ဟု သူ့မိတ်ဆွေများက တရင်းတနှီး ခေါ်ကြသော မင်းကိုနိုင်အား ကျွန်တော်မှတ်မှတ်ရရ လေးစားမိသည်မှာ ကိုရွှေဘုန်း (တာရာမင်းဝေ) နှင့် ပတ်သက်ပါသည်။

ကိုရွှေဘုန်း ဈာပနတွင် သူ (မင်းကိုနိုင်) နှင့် ၈၈မျိုးဆက် ကျောင်းသားများတက်ရောက်ကာ မင်းကိုနိုင်က ကိုရွှေဘုန်းအတွက် အမှတ်တရကဗျာ ရွတ်ပေးခဲ့သည်။

ဈာပနတစ်ခုမှာ ကဗျာတစ်ပုဒ်ရွတ်တာ သိပ်မထူးခြားဟု ဆိုနိုင်သော်လည်း ထိုဖြစ်ရပ်နောက်ကွယ်မှအကြောင်းများအား “တာရာမင်းဝေ အမှတ်တရ” စာအုပ်တွင် ကိုအောင်ဒင် ရေးပြထားသည်ကို ပြန်လည်ကောက်နုတ်ဖော်ပြလိုပါသည်။

[အဲဒီရက်တွေအတွင်း ကျနော့်သူငယ်ချင်းတွေကို ဆက်သွယ် ပါတယ်၊ မင်းကိုနိုင် ကို။ ကိုကိုကြီး ကို။ မြအေး ကို၊ ကျနော်သူတို့ တွေကို တောင်းဆိုပါတယ်။

““ငါ့ညီကွာ .... ဗကသ ခေါင်းဆောင်တယောက်လည်း ဖြစ်ခဲ့ပါတယ်၊ နိုင်ငံရေးအကျဉ်းသားတယောက်လည်း ဖြစ်ခဲ့ပါတယ်၊
သေတဲ့အထိလည်း အာဏာရှင်ကို ဒူးမထောက် ခဲ့ပါဘူး၊ ဒီတော့ သူ့ရဲ့အသုဘမှာ ရုပ်အလောင်းကို ကျောင်းသားသမဂ္ဂရဲ့ ခွပ်ဒေါင်းအလံလွှမ်းခြုံပြီး ဗကသဥက္ကဌ မင်းကိုနိုင်က အမိန့်ပြန်တမ်း ဖတ်စေချင်ပါတယ်””

ကျနော့်သူငယ်ချင်းတွေအားလုံး အလုပ်များကုန်ပါတယ်။ကျနော့်ကိုလည်း သူတို့အလိုလိုက်ချင်ကြပါတယ်၊ ရွှေဘုန်းလူကိုလည်း သူတို့ချစ်ကြပါတယ်။ တကယ်တော့ သူတို့အားလုံးက တချိန်ချိန်မှာ ရွှေဘုန်းလူတယောက် သူတို့နဲ့ပြန်လည်လက်တွဲပြီး ၈၈ မျိုးဆက် ကျောင်းသားများအုပ်စုမှာ ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်နေခဲ့ကြတာပါ။ တစ်ဖက်မှာလည်း သူတို့မှာ အကန့်အသတ်တွေ ရှိနေပြန်ပါတယ်။ ရွှေဘုန်းလူကလည်း တိုက်ရင်းခိုက်ရင်း ကျဆုံးသွားတာ မဟုတ်ပြန်ပါ ဘူး။ နောက်ဆုံးတော့ သမဂ္ဂအလံလွှမ်းဖို့နဲ့ အမိန့်ပြန်တမ်းဖတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အကြောင်း ဒါပေမယ့်လည်း သူတို့အားလုံး အသုဘကို သွားပြီး သူတို့သူငယ်ချင်းကို အကောင်းဆုံး နှုတ်ဆက်ကြမယ်လို့ အကြောင်းပြန်ပါတယ်။

ဒီလိုနဲ့ ၁၉၈၈ လူထုအရေးတော်ပုံကြီး ၁၉ နှစ် နှစ်ပတ်လည် မတိုင်မီ တရက်အလို။ ၂၀၀၇ခုနှစ် သြဂတ်စ် ၇ ရက်နေ့မှာ ရွှေဘုန်းလူ (သို့မဟုတ်) တာရာမင်းဝေကို ရေဝေးသုဿန်မှာ အားလုံး နှုတ်ဆက်ခဲ့ကြရပါတယ်။ မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ၈၈ မျိုးဆက် ကျောင်းသားများက ရွှေဘုန်းလူသို့ နောက်ဆုံးနှုတ်ဆက်ခြင်း ဆိုင်းဘုတ်ကိုင်ဆောင် တက်ရောက်ခဲ့ကြပြီး မင်းကိုနိုင်က အားလုံးရဲ့ကိုယ်စား “ကြယ်ကြွေ သတို့သား” ကဗျာကို ရွတ်ဆိုဂုဏ်ပြုခဲ့ပါတယ်။]

တိတိကျကျပြောရမယ်ဆိုလျှင်တော့ မင်းကိုနိုင်တို့အဖွဲ့အား ကျွန်တော်လေးစားသွားမိခြင်းဟု ပြောရလိမ့်မည် ထင်ပါသည်။ သို့သော် အဲဒီထဲတွင် ဦးစီးဦးဆောင်ဖြစ်နေသူက သူ။ မင်းကိုနိုင်။

အကယ်၍ ကျွန်တော်သာ သူ့နေရာမှာ ရှိနေမည်ဆိုလျှင် ဘယ်သို့ တုန့်ပြန်ပါမည်နည်း။ သေချာပါသည် အားနာသမှု၊ လူချင်း ခင်မင်မှုနှင့် လိုက်လျောမိမည်သာ ဖြစ်၏။ တောင်းဆိုလာသူကလဲ သူတို့နှင့် သေဖော်ရှင်ဘက် တကယ့် အရင်းအချာပေပဲ။

ကိုရွှေဘုန်းမှာ ကျွန်တော့်အပေါ် ကျေးဇူးများစွာ ရှိပါသည်။ သူ့ဈာပနတွင် ကိုအောင်ဒင်လုပ်စေချင် သည့်အတိုင်း ဖြစ်မြောက်သွားလျှင် အတော်ကောင်းလိမ့်မည်ဟု တွေးမိပါသည်။ သို့သော် ကိုမင်းကိုနိုင်၏ ထိုစဉ်ကဆုံးဖြတ်ချက်ကိုသိသောအခါ သူ့အား အတော် ယုံသွားမိသည်။

သူကား စည်းမျဉ်းစည်းကမ်းတို့ကို ဖြောင့်မှန် မသွေယိမ်းစွာ လိုက်နာတတ်သူပေပဲ။

------ ------ ------ ------ ------

တကယ်တမ်းတော့ ...

ယခင်ကတည်းကပင် သူ၏ဖြောင့်မှန်သောစိတ်ဓာတ်အားနားလည်သိမှတ်နေမှုမှာကျွန်တော့်အမှတ်သညာထဲ ၌ ရှိနေခဲ့ပြီးဖြစ်ပါသည်။ သို့သော် ထိုစဉ်ကတော့ ယခုလောက် အတွေ့အကြုံမစုံလင်သေးချိန်မို့ ဆင်ခြင်တိုင်းထွာသောစိတ်ဖြင့် မသုံးသပ်နိုင်ခဲ့။ ဘာပဲဖြစ်ဖြစ် သူနှင့်ပတ်သက်တာဆိုလျှင် ဗလာစာအုပ်ကလေးနှင့် ကူးယူထားတတ်သောအကျင့်ကတော့ ကျောင်းသားဘ၀ကတည်းက စွဲနေခဲ့သည်။

ကိုပေါ်နှင့်ဆိုလျှင်ကျွန်တော်က ဆယ်စုနှစ်တစ်ခုစာမျှ အသက် ကွာပါသည်။ ကိုပေါ်တို့ သမဂ္ဂ ဥက္ကဌဖြစ်ချိန်တွင် ကျွန်တော်တို့က အလယ်တန်း ကျောင်းသားဘ၀သာ ရှိသေး၏။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ကျောင်းတွင် သူငယ်ချင်းတစ်စု စုကာ အလယ်တန်း ကျောင်းသားများသမဂ္ဂ လုပ်ကြသည်။

စာရွက်တွေဘာတွေ လက်ရေးတွေနှင့် ၁၀စောင်၊ အစောင်၂၀ ရေးပြီး လျှောက်ဝေကြတာမျိုးလုပ်ကြသည်။ အဓိကကတော့ မင်းကိုနိုင် မိန့်ခွန်းဆိုသည်များကို ကူးဖြန့်ခြင်းပါပဲ။ သူ့မိန့်ခွန်းအစစ်ဟုတ်မဟုတ် တော့ မသိ။ သူငယ်ချင်းတစ်ယောက်က ထိုကိစ္စမှာ ဆရာ။ သူယူလာပေးသည်များကို ကျွန်တော်တို့က ၀ိုင်းကူးကြရ၏။

ထားပါတော့။ ပြောလိုသည်မှာ ထိုစဉ်ကတည်းက သူ့မိန့်ခွန်း ဆိုသည်များမှာ ကျွန်တော်တို့ ကျောင်းသားလူငယ်များ အဖို့ အသည်းစွဲ ဖြစ်နေလေပြီ။

နောက်ပိုင်း သူ့ကဗျာကလေးများရလာတော့ တော်တော် တန်ဖိုးတထား ကူးဖြစ်ခဲ့သည်။ ကဗျာသည် လူတစ်ယောက်၏ နှလုံးသား ခံစားချက်ကို ဖော်ထုတ်လှစ်ပြနိုင်သည်ဟု ကျွန်တော်အောက်မေ့သည်။ စကားပြေကမှ ဟန်ဆောင်လို့ အတုလုပ်လို့ရဦးမည်။ ကဗျာ ဆိုသည်က ခံစားချက်ကို ထုတ်ရေးရတာဆိုတော့ အတုလုပ်ဖို့ သိပ် မလွယ်။ မင်းကိုနိုင်ကဗျာများတွင် မင်းကိုနိုင်၏ နှလုံးသားဝိဥာဉ်အား တွေ့ရှိခဲ့ပါချေ၏။

အလွန်နာမည်ကြီးသော သူ့ကဗျာတစ်ပုဒ်ကို ကြားဖူးကြပါလိမ့်မည်။

ကျောင်းနံရံတစ်ဝိုက်

ဒေါင်းအလံပြန်စိုက်မယ်””

ဆိုသော ကဗျာ။

ကျွန်တော်က အဲဒီကဗျာတိုတိုကလေး ဘတ်ပြီး သူ့စိတ်ဓာတ်တစ်ခုကို သိမှတ်လိုက်မိ၏။ သူကားကျောင်းသား စိတ်ရှိနေသေးသူ။ကျောင်းသားများအား ကိုယ်စားပြုသော အတွေးကိုတွေးနေတတ်သူပင်တည်း။

... ကိုယ်ဟာ ကိုယ့်ဝတ်စုံ ကိုယ် ချုပ်ဖို့အရေး

ကိုယ့်အပ်ကိုယ်သွေးတဲ့အခါ ကိုယ့်နံရိုးကိုပဲ ကိုယ်ရွေးပါတယ်””

ဆိုသော ကဗျာလေးကို ဖတ်ရသည့်အခါ သူ့ဖြူစင်သော စိတ်ကို လှပ်ကနဲတစ်ချက်တွေ့လိုက်မိ၏။ ခုနေခါ မှတ်မှတ်ထင်ထင်ဖြစ် နေမိသည်ကတော့ သူ့အင်တာဗျူးတစ်ခုပင်ဖြစ်လေသည်။

ထိုစဉ်က သူ့အား နောက်တစ်ကြိမ်အဖမ်းခံရလုဆဲဆဲ။ ထိုသို့ အဖမ်းခံရသော အခြေအနေရှိနိုင်မည်လား ဟူသောသဘော သူ့အားမေး သည့်အခါ ...

“အင်း၊ အဲဒီလို ပုံစံမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒီ့ထက်ပိုပြီးတော့ ပြင်းထန်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ...

ဆိုသော အဖြေကို 'အသံမှန်ဖြင့်' သူဖြေသွားခဲ့၏။

အသံမှန်ဖြင့်ဆိုသော စကားရပ်အား ကျွန်တော် မျက်တောင် အဖွင့်အပိတ်ဖြင့် ပြထားခြင်းကို သတိပြုမိကြပါလိမ့်မည်။

အဲဒီလိုအခြေအနေမျိုးမှာ သူ့လို ပုံမှန်တုန့်ပြန်နိုင်သူ အတော်ရှား ပါလိမ့်မည်။ ကြောက်ကန်ကန်ပြီး အတင်းရဲရင့်ပြတာမျိုးလည်း မရှိပဲ နဂိုနေအတိုင်း ဖြေသွားသည့်အတွက် မင်းကိုနိုင်ဆိုသော လူတစ်ယောက်ကို ကျွန်တော်အရမ်းကြီး လေးစားသွားမိ၏။

လူတစ်ယောက် တကယ်သတ္တိရှိမရှိဆိုတာ အရေးအကြောင်း ကြုံရင်ပေါ်တာပါပဲ။ သူ့အပေါ် ကျရောက်လာရန်ရှိသော ဘေးဒုက္ခကို သူမြင်နေ လျက်က ဖယ်လွှဲတိမ်းရှောင်သွားခြင်းမပြု။

... ဒီ့ထက်ပြင်းထန်ကောင်းလည်း ပြင်းထန်နိုင်တာပဲ””

ဟု ခပ်အေးအေး သဘောထားကို မြင်သည့်အခါ လက်သည်းထိပ်တွင် အပ်စိုက်ပြီး နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်ခဲ့သည့် သမိုင်းတစ်ခေတ်မှ ဇာတ်ကြောင်းလေးကို သွားသတိရလိုက်မိသည်။

ကျွန်တော်က သတ္တိရှိသူဆိုလျှင် အလွန်သဘောကျပါသည်။ မင်းကိုနိုင်အကြောင်းများများသိရလေလေ။ သူ့ကို လေးစားမိလေပါပဲ။ တကယ်သတ္တိရှိသူဆိုသည်မှာ ဘယ်တော့မှ နောက်မတွန့် တတ်သူကို ခေါ်ခြင်းဖြစ်ပေလိမ့်မည်။

------ ------ ------ ------ ------

ထိုစဉ်မှာပင် ကျွန်တော့်စိတ်ထဲ အဆက်အစပ်တစ်ခုအား သွားသတိပြုလိုက်မိ၏။

မင်းကိုနိုင်သတင်းကြားရစဉ်တိုင်း၊ ကျွန်တော်တို့ချင်း သူ့ အကြောင်း ပြောဖြစ်စဉ်တိုင်း၌ စိတ်ထဲပ်ါလာတတ်သော ခံစားမှုတစ်ခုရှိသည်။

အားတက်ခြင်းပင်တည်း။

ဘာကိုအားတက်ပါသနည်း?

ကိုယ့်ကိုယ်ကို အားတက်ပါသည်။

တက္ကသိုလ်ကျောင်းသားတစ်ယောက်အဖြစ် ဖြတ်သန်းခဲ့ဘူးသော ကိုယ့်ကိုယ်ကို ဂုဏ်ယူမိ၏။ ပြီးတော့ သူ့အကြောင်းပြောနေမိသည့်အခါ ကိုယ့်ရင်ထဲက ကြောက်ရွံ့စိတ်များအတွက် မလုံလဲစိတ်တို့ ပျောက်ကွယ်နေခဲ့သည်။

မင်းကိုနိုင်သာ ဇာတ်ကောင်တစ်ကောင်ဆိုလျှင် ကျွန်တော်တို့ က သူပါဝင်သော သူ့ဘ၀ ရုပ်ရှင်ကားအား ဘေးမှခံစားကြည့်ရှုကာ နှစ်ခြိုက်အားကျနေသောသူများ ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့၏ စိတ်နှလုံးကိုကိုယ်စားပြုသူက ကျွန်တော်တို့ ကိုယ်စား စွန့်စားပြသည်၊ ရဲဝံ့ပြသည်။ ထိုအတွက် ကျွန်တော်တို့မှာ ကျေးဇူးတင်စွာ အားတက်ခြင်းဖြစ်ရပါသည်။

ဒီလိုဆိုတော့ သူ့အတွက် မစာနာသလို ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ စာနာပါသည်။ သို့သော် သူ့ ရွတ်ရွတ်ချွံချွံစိတ်တို့ကိုလည်း ပျောက်ကွယ် မသွားစေလိုပါ။

ဝန်ခံရပါလျှင် ...

ကျွန်တော်တို့ သူ့လောက် သတ္တိမရှိပါ။

သူ့လို သတ္တိမရှိပါ။

သူနဲ့ယှဉ်ဖို့ ဝေးစွ။ သူ့လို ခံစားရမှုမျိုးကို အိပ်မက်ပင် ရဲရဲ မမက်ဝံ့ကြသူများဖြစ်၏။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ခုခေတ် အစိုးရဘက်က လျှော့ပေါ့ပေးလာသောကာလတွင်မှ ကျွန်တော်တို့ နည်းနည်းကလေး ပြောရဲဆိုရဲ တွေ ဖြစ်လာကြသည်။

ယခင်က ... ပြည်တွင်းမှာသာ နေလို့ကတော့ နိုင်ငံရေးဆိုသည်ကို ယောင်လို့ပင် မရွတ်ရဲခဲ့သူများပင် နိုင်ငံရေးသမားကြီးတွေ အသွင် ဆောင်လာကြသည်များကို မြင်နိုင်ပါလိမ့်မည်။

သူကတော့ ...

ဘာမှ လမ်းမသာခင်ကတည်းက ရှေ့ဆက်လျှောက်သူ၊

ဘာမှ ဖွင့်မပေးခင်ကတည်းက တွန်းဖွင့်သူ၊

ဘယ်သူမှ ပါးစပ်မဟခင်ကတည်းက ပြောဆိုခဲ့သူ၊

... ဖြစ်ပါချေတော့သည်။

ပြီးတော့ အဲဒီလိုတွေလုပ်ရအောင်ကလည်း သူ့မှာ ဘာကျောထောက်နောက်ခံမှ ရှိရှာသူမဟုတ်။ ကျွန်တော်တို့ သူလိုကိုယ်လိုသာမာန် နိုင်ငံသားတစ်ယောက်ပါပဲ။ သူ့ကြောင့် ကျွန်တော်တို့ ဒီနေ့အခြေအနေရောက်ခဲ့သည်ဟု မဆိုဝံ့သော်ငြား သူသည် ကျွန်တော်တို့ ရဲဝံစိတ်အား မီးညှိပေးခဲ့သူ ဖြစ်ပါလေ၏။

သူတောင် ဒီလို ပြောရဲ၊ လုပ်ရဲသေးတာဟူသော အတွေးသည် အာစေးမိနေသော ပါးစပ်ကိုအနည်းကလေးတော့ ပွင့်ဟသွားခဲ့စေ၏။

ဒီလိုဆိုတော့ သူ့ကို `ဆန့်ကျင်ပုန်စားတတ်သူ´ ဟု မသတ်မှတ်စေ့လိုပါ။ သူကိုယ်တိုင်လည်း ပြောခဲ့ပါ၏။

`ကျွန်တော်တို့က အမျိုးသားသင့်မြတ်ရေးအတွက်ကို ဘ်ာအုပ်စု ဘယ်အဖွဲအစည်းကိုမှ အာဃာတမထားပဲနဲ့ လက်တွဲ အလုပ်လုပ်လို့ရတယ်လို့ဆိုတဲ့ စိတ်အခံက ကျွန်တော်တို့ရဲ့ ဖြေရှင်းတဲ့နေရာမှာ စိတ်နှလုံးအခံ´ တဲ့။

သူကား သတ္တိရှိသူ ဖြစ်ပါသည်။

လွဲနေလျှင် တည့်ပေးမည့်သူသာဖြစ်ပါသည်။

`ကျွန်တော်တို့က အဲဒီခေါင်းစဉ်တွေ ဆိုင်းဘုတ်တွေကို အဓိကထားတာ မဟုတ်ဘူးဗျ´ ဆိုသော လူစားမျိုးဖြစ်ပါသည်။

ယခုတော့ ကျွန်တော်တို့ နိုင်ငံတော်ကြီးမှာ တည့်နေပြီပဲ၊ သူုနှင့် ကဏ္ဍကောစဖြစ်စရာ ရှိတော့လိမ့်မည်ဟု မထင်မိပါ။

------ ------ ------ ------ ------

ယခုနောက်ပိုင်းမှာ ...

အဓိပတိလမ်းမကို ရောက်သွားစဉ်တိုင်း၌ ကျွန်တော့်ကိုယ်ကျွန်တော် အားပေးနိုင်ခဲ့သော စိတ်ထွက်ပေါက်လေးတစ်ခုရှိသည်။

“ငါတို့မှာ သမဂ္ဂအဆောက်အဦကြီးမရှိတော့ပေမဲ့ မင်းကိုနိုင်ရှိသေးတာပဲ”

သူရှိသည့်အတွက် ရဲဝံ့မှုအား၊ ခိုင်ကြည်မှုအား၊ သမိုင်းကြောင်း ကောင်းမှုအား ကိုယ်စားပြုစရာ ရနေခဲ့ပါသည်။ သို့မို့ကြောင့်လည်း သူ့အား သက်ရှိကျောင်းသားသမဂ္ဂဟု ကျွန်တော်နာမည်ပေးရခြင်းပါပဲ။

ကျွန်တော့် တစ်သက်လုံးအတွက်

ရင်ထဲမှာ အဖြစ်ချင်ဆုံးဆန္ဒတစ်ခု ရှိနေခဲ့သည်။

သမဂ္ဂအဆောက်အဦကြီးကို ယခင်အတိုင်းပြန်မြင်လိုသော ဆန္ဒ။

... ဒါ ဗိုလ်ချုပ်တို့ရဲ့နေရာဟေ့၊ ဒါ ဒဂုန်တာရာတို့၊ သိန်းဖေမြင့်တို့ နေရာဟေ့။ ဒါ ကိုဗဟိန်းတို့၊ ကိုဗဆွေတို့ရဲ့ နေရာဟေ့...

ဟု နောက်လာမည့်မျိုးဆက်များအား ဂုဏ်ယူဝံ့ကြားစွာ ပြချင်စမ်းပါဘိတော့သည်။

အကယ်၍များ ...

မင်းကိုနိုင်ကို လွှတ်အပြီး သမဂ္ဂအဆောက်အဦကြီးအားပြန်လည်အုပ်မြစ်ချသောနေ့ကိုကျွန်တော့်အသက်တာ တွင် ကြုံလိုက်ရမည်ဆို ပါငြားအံ့။

သေချာပါသည်။ ထိုကိစ္စဖြည့်စွမ်းပေးသူအား (ဘယ်သူမဆို) ကျွန်တော် ကျေးဇူးတင်လွန်းစွာ ထာဝရ ဦးညွှတ်နေမိတော့မည်ထင်၏။

သွန်းနေစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)