ဘုရားရှင်လက်ထက်တော် အခါက လင်ကို မြွေကိုက်၊ သားကို စွန်ချီ လင်သေသား ဆုံး အပူမီးတွေ ဟုန်းဟုန်း တောက် အဝတ်ကိုယ်မှာ မ ကပ်နိုင်အောင်ထိသွက်သွက်ခါ ရူး သွပ်သွားရရှာတဲ့ အပူသည် မလေး ပဋာစာရီ အကြောင်းကို ကြားနာ ဖတ်ရှုဖူးကြမှာပါပဲ။
ဗုဒ္ဓရှင်တော်မြတ်ဘုရားက ပဋာစာရီကို တရားရေအေး တိုက် ကျွေးရာမှာ ထိရောက်မှုရှိအောင် သာဓကဆောင်နိုင်ဖို့ ပဋာစာရီကို လူမသေဖူးသေးတဲ့ အိမ်က မုန်ညင်း ဆီ အရှာခိုင်းခဲ့တယ်လေ။ လူမသေဖူးတဲ့ အိမ်ရယ်လို့ ရှိမှ မရှိတာ။ လူမသေဖူးတဲ့ အိမ်က မုန်ညင်းဆီ ရှာမရခဲ့ဘူးပေါ့။ အဲဒီ သဘောနဲ့ ထပ်တူလိုပါပဲ။
ပြဿနာနဲ့ ကင်းတဲ့လူ၊ ပြဿ နာမရှိတဲ့လူဆိုတာ ဘယ်မှာရှိနိုင်မှာ လဲ။ အသင်းအဖွဲ့၊ လူ့အသိုင်းအဝိုင်း၊ ဆွေမျိုးမိသားစု အသိုက်အမြုံတွေ ကြားမှာ ပေါ်လာရတဲ့ ပြဿနာဆို တာ လူအများနဲ့မို့ထားလိုက်ပါ။ လူ အမျိုးမျိုး စိတ်အထွေထွေလို့ဆိုထား တာပဲ။ အထွေထွေ ဆိုကတည်းကို က ကွဲပြားမှုမတူတာတွေ ရှိနေပြီ။ မတူညီခြင်းဟာ ပြဿနာရဲ့အစ မတူညီကြလို့ဖြစ်တာ သဘာဝ တရားပဲ။
သူတစ်ပါး မပါ၊ မိမိတစ်ဦး တစ်ယောက်တည်းမှာရော ပြဿ နာက ကင်းရဲ့လား။ ဒွိဟ စိတ်နဲ့ အမြဲလိုလို ပြဿနာနဲ့ ရင်ဆိုင် နေကြရတာပါပဲ။ ဒီကိစ္စကို ငါလုပ် ရမယ်။ လုပ်ကို လုပ်မှဖြစ်မယ်။ ဟာ .. ငါ လုပ်လို့မဖြစ်သေးပါဘူး။ ငါဒီလိုကြီး လုပ်ချလိုက်ရင် ဟိုလို တွေဖြစ်မလာနိုင်ဘူးလား။ အို .. ဘာဖြစ်ဖြစ် ဒီလိုပြတ်ပြတ်သားသား လုပ်ဖြစ်မှ ကိစ္စပြတ်သွားမယ်။
စဉ်းစားဦးနော်။ ကိစ္စပြတ်တယ် ဆိုတာ ငါအခု စိတ်ထက်သန်နေ တုန်း ပြောတဲ့စကား။ တကယ်ပြတ် ဖို့ကျတော့ အပြောလွယ်ပေမယ့် လက်တွေ့မှာ အငိုလွယ် အရှိုက်ခက် သတဲ့။ အဲဒီလိုမျိုး ပြဿနာပေါ့။ ဒါက အများနဲ့မဟုတ်၊ မိမိတစ် ယောက်တည်း တက်နေရတဲ့ ပြဿနာ။
ခုလိုကြီးမားတဲ့ စီးပွားရေး၊ လူ မှုရေးပြဿနာတွေကို မပြောပါနဲ့ လေ။ ဘာမဟုတ်တဲ့၊ အလွန်ကို သေးနုပ်လှတဲ့ ပြဿနာလေးတွေကို သာဓက ပြပါမယ်။
အချိန်တွေပိုနေ အားနေလို့ ကိုယ်တစ်ယောက်တည်း ဘာလုပ်ရ မှန်းမသိ ပျင်းနေရတဲ့အချိန်၊ တန်ဖိုး ရှိရှိ အသုံးချဖို့ မလိုအပ်တဲ့ အချိန် ပိုကာလတွေ ရှိတတ်ကြတယ်။ မိမိ ခင်တဲ့ သူငယ်ချင်း အိမ်တစ်အိမ်ကို သွားလည်ချင်တဲ့ ဆန္ဒပေါ်လာ တယ်။ သွားလည်လိုက်မယ်ပေါ့။ဒါပေမဲ့ ဒီကောင်ကြီးက ရှိချင် မှရှိနေမှာ၊ သွားမနေပါနဲ့ကွာ၊ မသွား တော့ဘူး ဆုံးဖြတ်ပြီးခါမှ စကား ပြောချင်စိတ်က ပြန်ပေါ်လာ ပြန် တယ်။ ဒီတော့ သူမရှိတော့လည်း ပြန်လာလိုက်တာပေါ့။ သွားမယ် ဆိုတဲ့စိတ် ဖြစ်လာပြန်တယ်။ အပြင် လှမ်းကြည့်တော့ နေက ချစ်ချစ် တောက်ပူလို့၊ ဟာ.. သူမရှိလို့ ပြန်လာရရင် နေက ဒီလောက်ကြီး ပူနေတာ။ အဲဒီလိုမျိုး ဘာမဟုတ်တဲ့ အသေးအဖွဲပြဿနာမျိုးကိုပြောတာ၊ အစားအသောက်နဲ့လည်း အဲဒီလို ပြဿနာလေးတွေ တက်တတ်သေး တာပဲမဟုတ်လား။ စားကလည်း စားချင်၊ ကိုယ့်ရောဂါနဲ့ကလည်း မတည့်၊ ဖြစ်ချင်ရာဖြစ် ဇွတ် စားမိလိုက်ပြီးမှ ရောဂါပဲ တိုးလာသလိုလို စိတ်က ဖြစ်လာ၊ ကိုယ့်ကိုယ်ကို စိတ် အလိုလိုက်ရကောင်းလားလို့ နောင်တရ၊ ဒေါသဖြစ်။ ဒါတွေဟာကိုယ်တစ်ယောက် တည်းဖြစ်နေရတဲ့ ပြဿနာ တွေပဲ မဟုတ်လား။
မိမိ သိပ်ကို ချစ်ခင်ပြီး သံယောဇဉ် ကြီးရတဲ့ မိ သားစု၊ မိတ် ဆွေတွေ အကြားမှာ မထင်မှတ်ဘဲ ကြေကွဲစရာ ခံပြင်းနာကြည်းပြီး တမြည့်မြည့်ခံစားရတဲ့ အထင်အမြင် လွဲမှားမှုပေါ်မှာ အပြစ်မြင်ပြီး ပေါ် ပေါက်လာရတဲ့ ပြဿနာမျိုးတွေ ရှိလာတတ်ကြပါတယ်။
ခိုင်မြဲတဲ့ သံယောဇဉ်အနှောင် အဖွဲ့တွေ ကျိုးပဲ့ပြတ်တောက်သွား ကြရတဲ့အထိ ပြဿနာက တစ်စ တစ်စ ပိုပိုကြီးထွားလာတတ်တယ်။ အဖြေမှန်ကို မဖော်ထုတ်နိုင်သေး သရွေ့ သံသယအပေါ် သံသယ ဆင့်ပြီး သေကုန်ကြတဲ့အထိ ဆက် စပ်မရ ဖြစ်တတ်ကြတဲ့ သာဓကတွေ လောကကြီးမှာ အများကြီးရှိပြီးခဲ့ ကြပြီ။ ဒါကြောင့် ပြဿနာ ပေါ်လာ ရင် ပြဿနာစက်ကွင်းထဲမှာပါ ရှိ နေကြတဲ့ လူအားလုံးက ဒီပြဿနာ ကို ချေဖျက်နိုင်ကြဖို့၊ ခွင့်လွှတ်နိုင် ကြဖို့ အသီးသီးတာဝန်ရှိကြတယ်။ ကြိုးစားချေဖျက်ယူကြပါ။
ဒီပြဿနာ စက်ကွင်းထဲမှာ ပါဝင်နေကြသူ အားလုံးက သူ တစ်ပါးအပြစ်ကိုချည်း ပုံကြီးချဲ့ တွေး မနေဘဲ၊ သူတစ်ပါးအပေါ်ကို ချည်း အပြစ်တွေ တရစပ်ပုံဖို့ မနေကြဘဲ 'ငါကကော' ဆိုတဲ့ အတွေးမျိုးကို တွေးဖြစ်အောင်တွေးယူကြည့်လိုက်ပါ။
ငါ့ရဲ့ ချို့ယွင်းချက်နဲ့ မှားယွင်း မှုတွေကရော အခုဖြစ်ပေါ်လာရတဲ့ ပြဿနာထဲမှာ အချိုးအစားအားဖြင့် ဘယ်လောက်ပါဝင်နေသလဲ ဆိုတဲ့ သုံးသပ်မှုမျိုးကို မိမိကိုယ်မိမိ နှစ် ကိုယ်ခွဲပြီး သတ္တိရှိရှိစစ်ဆေး သုံးသပ် ကြည့်လိုက်စမ်းပါ။ အဲဒီလို မငဲ့မညှာ သုံးသပ်မှုရဲ့ တန်ဖိုးကြီးမားမှုကို လက်တွေ့ခံစားရပါလိမ့်မယ်။
ဥပမာ ချိန်ခွင်တစ်ဖက်ပေါ် မှာ ထည့်ချိန်တဲ့ အလေးချိန်သိလိုတဲ့ ပစ္စည်းရှိမယ်။ ကျန်တစ်ဖက်ပေါ်မှာ တော့ အဆုံးအဖြတ်ပေးရမယ့် အလေးတွေရှိနေမယ်။ မိမိ တစ်ပါးသူအပေါ် သံသ ယနဲ့ စွပ်စွဲထားချက်နဲ့ ဖြစ်ပေါ်ခံစား နေရတဲ့ နာကြည်းနေရမှုက (ပစ္စည်း) ဆိုပါစို့။ ကျန်တစ်ဖက်မှာက သံသ ယကို ချေဖျက်ဖို့၊ အာဃာတကို ပယ်နုတ်နိုင်ဖို့ (အလေး)။ မိမိက အချိန်တိုင်းဖြည့်ဖို့နေလို့ (ပစ္စည်း) အာဃာတအမုန်းတွေ ထည့်ထားတဲ့ ချိန်ခွင်ဘက်မှာ ချိန်ခွင်လျှာထွက် နေတာ၊ အလေးသာနေတာက တစ်နေ့ထက် တစ်နေ့ ဟိုးအဆုံးထိ စောင်းကျနေပြီနော်။ အမှန်တရားဘက်မှာ ချိန်ခွင် လျှာ လုံးဝကို မရှိတော့ဘူး။ အဲဒီလို တစ်ဖက်စောင်းနင်းကြီး ဖြစ်နေစမ်း ပါစေ။ စောစောကပြောခဲ့သလို မိမိ အပြစ် အားနည်းချက်ကို မငဲ့မညှာ သတ္တိရှိရှိ ရှာဖွေနိုင်ခဲ့လို့ မိမိ အပြစ် အားနည်းချက်ကို ဘွားခနဲ တွေ့လိုက်ပြီဆိုတာနဲ့...။
မိမိ နေ့စဥ်စုပြုံထည့်နေခဲ့တဲ့ ချိန်ခွက်ဘက်က(ပစ္စည်း)အာဃာတ အမုန်းတွေကို ချိန်ခွင်ပေါ်ကနေ ဆွဲထုတ်ယူချလိုက်သလိုမျိုး ချိန်ခွင် လျှာဟာ အမှန်တရား (အလေး) တွေ ထည့်ထားတဲ့ဘက်ကို တစ်မု ဟုတ်ချင်း ရောက်ချသွားပါလိမ့်မယ်။
မိမိရင်ထဲက အာဃာတနဲ့ အမုန်းတရား နာကြည်းခံပြင်းမှုတွေ ဟာလည်း ချိန်ခွင်ပေါ်မှာ ထည့် ထားတဲ့ ပစ္စည်းတွေကို ဆွဲနုတ်ယူ လိုက်သလို အမြန်ဆုံး ပျောက်ကွယ် ပေါ့ပါးသွားပြီး မိမိတစ်ပါးသူတွေ အပေါ်မှာ ထားရှိ စွပ်စွဲမိနေတဲ့ သံသယနဲ့ အမုန်းတရားတွေ အစား ချစ်ချစ်ခင်ခင် လုံးလုံးထွေးထွေး ယုယုယယ ရှိနေခဲ့ကြစဉ် အနစ်နာ ခံခဲ့ကြပုံတွေ၊ ကြင်နာခဲ့ကြပုံတွေ စည်းရုံးခဲ့ကြပုံတွေ စတဲ့ စတဲ့ ပုံရိပ် တွေ အလျင်အမြန် ထင်ဟပ်လာပြီး သံယောဇဉ်တွေ ပြန်လည်ရှင်သန် လာကြပါလိမ့်မယ်ဆိုတာ ရဲရဲကြီး ယုံကြည်လိုက်ပါ။
အခန်းတစ်ခန်းထဲမှာ လူငါး ယောက်တိတိရှိကြမယ်။ အဲဒီလူ ငါးယောက်ထဲကမှ လူတစ်ယောက် ကို ဒီအခန်းထဲမှာ လူ ဘယ်နှ ယောက် ရှိပါသလဲလို့ ရေတွက်ခိုင်း ပြီဆိုပါတော့။ ရေတွက်သူက (တစ်၊ နှစ်၊ သုံး၊ လေး) ဆိုပြီး စိတ်နဲ့ ဖြစ် ဖြစ်၊ ပါးစပ်က အသံထွက်ပြီးဖြစ် ဖြစ် ရေတွက်ပြီဆိုပါတော့။ ဒီအဖြေဟာ မှန်ပါရဲ့လား။ ဒီအခန်းထဲမှာ ရှိနေကြတဲ့ လူက ငါးယောက်မဟုတ်ပါလား။ ဒီငါး ယောက်ထဲကဘယ်သူ့ကိုပဲရေတွက် ခိုင်း ရေတွက်ခိုင်း (တစ်၊ နှစ်၊ သုံး၊ လေး)ဆိုတဲ့ အဖြေသာ ရရှိနေသ ရွေ့ အဖြေမှားပဲ ဖြစ်နေမှာပါပဲ။ တစ်ယောက်ယောက်က (တစ်၊ နှစ်၊ သုံး၊လေး၊ ငါး) ရယ်လို့ အဖြေ ထွက်အောင် ရေတွက်ပြနိုင်မှသာ တိကျ မှန်ကန်တဲ့ အဖြေမှန်ကိုရရှိလာ မှာဖြစ်ပါတယ်။အဲဒါဘာကြောင့်လဲ။ တစ်၊ နှစ်၊ သုံး၊ လေးဆိုတဲ့ အဖြေကို ရနေသူတွေဟာ ဒီထဲမှာ သူ့ကိုယ်သူ ထည့်မရေတွက်ကြဘဲ ကျန်လူတွေကိုသာ လက်ညှိုးထိုး အသားပေး ရေတွက်နေခဲ့ကြလို့ပဲ မဟုတ်ပါလား။တစ်၊ နှစ်၊ သုံး၊ လေး၊ (ငါး) ဆိုတဲ့ အဖြေမှန်ကိုရရှိသူက ဒီအခန်း ထဲမှာ ရှိနေတဲ၊့ ပါဝင်နေတဲ့ သူ့ကိုယ် သူပါထည့်သွင်း ရေတွက်နိုင်ခဲ့လို့ မှန်ကန်တိကျတဲ့ အဖြေကို ရရှိခြင်း ပဲ ဖြစ်ပါတယ်။
အဓိကတင်ပြချင်တဲ့အကြောင်း က အဲဒါပါ။ ပြဿနာ တစ်စုံတစ်ရာ ပေါ်လာတဲ့အခါမှာ မိမိပါ ဒီ ပြဿနာစက်ကွင်းထဲမှာရှိနေ၊ ပါနေ ခဲ့မယ်ဆိုရင် မိမိဟာ ဘယ်ထောင့် ဘယ်နေရာမှာ ရှိနေ သလဲ။ မိမိရဲ့ မှားယွင်းမှု၊ ချို့ယွင်းချက်၊ ပြုမှားမိတဲ့ အမှားတွေ၊ ဘယ်အချိုးအစားနဲ့ ဒီ ပြဿနာပေါ်လာစေဖို့ ပါဝင်နေခဲ့ သလဲဆိုတာတွေကို မိမိကိုယ်မိမိ ခွင့် မလွှတ်ဘဲ၊ လျှော့မတွက်ဘဲ သတ္တိ ရှိရှိ ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။
ပြဿနာရဲ့ အဖြေမှန်ဟာ အလင်းအားနဲ့အတူတူပါပဲ။ အလင်း အားကောင်းလေလေ၊ အမှောင်ထု လွင့်ပြယ်ရလေ မဟုတ်လား။ အဖြေ မှန်ရလာတာနဲ့ အမျှ ထင်မြင်လွဲမှား မှုက ကြီးထွားလာနေကြတဲ့ အမုန်း တရား၊ အာဃာတတရားတွေ အမြန်ဆုံး ကွယ်ပျောက်လွင့်ပြယ် ကုန်ကြရပြီး၊ သူတို့ရဲ့ အောက်မှာ ငုပ်လျှိုး တိမ်မြုပ်နေခဲ့ကြရတဲ့ မေတ္တာ အနှောင်အဖွဲ့ခိုင်မြဲတဲ့ သံယောဇဉ် တွေဟာ ပြန်လည်ရှင်သန်နိုးထ လာကြမှာ ဧကန်မုချ ဖြစ်ပါတယ်။ ပျောက်ဆုံးနေခဲ့တဲ့ အဖိုးထိုက် ရတနာတွေဆိုတာ ဘယ်အချိန်၊ ဘယ်ကာလမှာပဲ ပြန်တွေ့တွေ့ တန်ဖိုး နိမ့်ကျမသွားပါဘူး။ မိတ် ကောင်းဆွေကောင်း၊ ဆွေကောင်း မျိုးကောင်းတွေ ဆုံးရှုံး ကြရတာဟာ ရတနာပစ္စည်းဆုံးရတာထက် နစ် နာဆုံးရှုံးမှု ကြီးမားပါတယ်။
အဆွေခင်ပွန်းကောင်းတွေ မဆုံးရှုံးကြရအောင် အဖြေမှန်ကို ရှာကြပါ။ မိမိကိုယ်မိမိ ဘယ်တော့မှ အပြစ်ထဲက ဖယ်မတွေးပါနဲ့။ ကြည်လင်အေးမြပြီး စူးရှ ထက်မြက်တဲ့ အမြင်အာရုံကို ရရှိချင် ရင် သူတစ်ပါးရဲ့ မျက်စိကို မျက်စဉ်း သွားခတ်ဖို့ မကြိုးစားပါနဲ့။ အချည်း နှီးသာဖြစ်ပါလိမ့်မယ်။ မိမိမျက်စိကိုသာ မျက်စဉ်းခတ် ပါ။ အစွမ်းထက်တဲ့ မျက်စဉ်းကောင်း ကို ခတ်နိုင်ဖို့ ကြိုးစားပါ။
**ကာတွန်းမြင့်သိန်း**
ပေါ်ပြူလာ(အတွဲ-၁၃/အမှတ်-၇)
**From-မေမွန်ကျော်**

No comments:
Post a Comment