မောင်သာ အနားမှာရှိလျှင် ဘယ်လောက်များ ကြည်နူးနေပျော်စရာ ကောင်းလိုက်မလဲဟု လွမ်းလွမ်းတတ တွေးလိုက်မိသည်။ တို့တတွေ အရင်ကလို ခဏ ခဏ ရန်မဖြစ်ကြတော့ဘူး မောင်ရယ်။ မောင်က တို့ကို ပိုတိုးလို့ ကြင်နာပါ။ ညှာတာဖေးမပါ။ တို့လည်း အရင်ကလောက် မောင့်အပေါ် ဆိုးနွဲ့အနိုင်ယူတာမျိုးတွေ မလုပ်တော့ဘူးလေ။ မောင့်အယုအယ၊ မောင့်မြတ်နိုးကြင်နာမှုတွေအပေါ် ကျေးဇူးတင်လျှက် ကျေနပ်နေပျော်တတ်စေရမယ်။
စိတ်စကားတွေကို ကရားရေလွှတ်ဆိုနေစဉ်မှာ မွှေးရနံ့မြမြကလေး သင်းသင်းဝေ့လာ သလို စိတ်မှာထင်သည်။ ဘုရား…။ ကျက်သီးမြမြ ဖျန်းခနဲ ထသွားသည်။ အဲဒါ မောင့်ကိုယ်သင်းနံ့ မဟုတ်လား။ သေချာသည်။ စီးကရက်နံ့ရောသော မောင်ကိုယ်ရနံ့။ ဒါ… ဒါဆို မောင် အနားကို ရောက်နေသလား။ မောင်ဘယ်မှာလဲဟင်။
ထိတ်ထိတ်တုန်တုန် ရင်ခုန်မြန်လျှက် ခန္ဒာကိုယ်ကို တစ်ရာ့ရှစ်ဆယ်ဒီဂရီ လှည့်ပတ်လိုက်မိလျှင် ရင်ခွင်ကျယ်တစ်စုံကို ပါးအပ်မိမလို ဖြစ်သွားရသည်။ သူမ အသက်ကို အောင့်ထားမိလျှက် ဖျတ်ခနဲ ဦးခေါင်းကို မော့လိုက်မိတော့သည်။ မောင်..။ တကယ့် မောင်ပဲဖြစ်နေတာ ဘယ်လောက်များ အံ့သြပျော်ရွှင်စရာ ကောင်းလိုက်ပါသလဲ။ ဒါပေမယ့် သူမ အံ့သြတကြီး မင်သက်မိနေလျှက် ပျော်ရွှင်ဖို့တော့ မေ့လျော့နေခဲ့ပြန်သည်။ ဖြစ်နိုင်လျှင် ခြေကျဲကျဲ တစ်လှမ်းစာလောက် နောက်ဆုတ်ရှောင်ဖယ်ချင်တာ ဖြစ်သည်။ ဒါပေမယ့် သူမ၏ ခြေလှမ်းများက ကြမ်းပြင်မှာ အမြစ်တွယ်ထားသလို စွဲမြဲနေပြန်ရာ သူမ မောင့်ရင်ခွင်ထဲမှာပင် ဇောချွေးပျံလျှက် စိမ့်တက်လာပြန်တော့သည်။
မောင့်မျက်နှာဆီ ဖျတ်ခနဲ မော့ကြည့်မိပြန်ပြီ။ မာနကြီးဆဲ မောင်ကတော့ သူ့မျက်နှာတွေကို အခါများစွာကအတိုင်း ပင့်မော့လျှက်။ မောင့်စိတ်တွေကလည်း သူမဆီမှာ ရှိမနေပဲ တစ်နေရာဆီ လှမ်းမျှော်ငေးနေဆဲပဲ။ သူမအပေါ်မှာ ရှိခဲ့ဖူးသော မောင့်မေတ္တာ၊ မောင့်အာရုံတွေဟာ တစစ ကျဲပါးလို့ မရှိသလောက်နည်းပါးလာတော့တာ တကယ် သေချာနေပြီလား။ သူမ ၀မ်းနည်းနာကျင်လျှက် မောင့်အား စိတ်နာချင်သလို ဖြစ်လာပြန်သည်။
ဒါပေမယ့် ဒါဟာ မဖြစ်နိုင်ပါဘူးနော်။ မောင်ဟာ သူမအပေါ် ဘယ်တော့မှ စိမ်းကားပြတ်တောက် နေနိုင်ရက်မယ့်သူ မဟုတ်တာ ဘယ်သူနှင့်မဆို လောင်းကြေးထပ်ရဲသည်။ ဒါပေမယ့် အခု သူ့အနားမှာ ရှိနေတာကရော မောင် အစစ်မှ ဟုတ်ရဲ့လား။ တကယ်တမ်းမှာ. မောင်က သေလွန်ခဲ့ပြီ မဟုတ်လားကွယ်။
အချစ်သည်းသလောက် မာန်မာနမိုးထိနေတဲ့ မောင်နှင့် ဘာမဆို အနိုင်လိုချင်ပြီး အထက်စီးဆန်လှသော သူမတို့ နှစ်ယောက်ဟာ တစ်ယောက်နှင့် တစ်ယောက် ဘယ်တော့မှ အပျောက်မခံခဲ့ကြစဘူး။ တစ်ယောက်ရဲ့ အဝေးမှာ တစ်ယောက်က ဘယ်ခါမှ နေ မပျော်စဖူး။ သို့ပေမယ့် မောင်ပဲ စတင်သစ္စာဖောက်ဖျက်ခဲ့တာ။ အခါတိုင်းလိုပဲ ဘာမဟုတ်တဲ့ အကြောင်းအရာလေးတစ်ခုကို ပုံကြီးချဲ့ကား၊ အငြင်းပွားရင်း၊ စကားနိုင်လုကြရင်း မထင်မှတ်ပဲ ရန်ပွဲကလေး ဖြစ်သွားခဲ့တာ။ သူမတို့နှစ်ယောက်ကြားမှာ ထုံးစံတစ်ခုလိုဖြစ်နေတဲ့ ၊ ပဋိပက္ခလို့တောင် မခေါ်နိုင်တဲ့ အားစမ်းပွဲလေးကို ရှောင်လွှဲချင်သော မောင်က အနားကနေ ထွက်ပြေးသွားခဲ့တာမဟုတ်လား။ ဒါပေမယ့် အဲဒါ ခဏငယ်လေးပဲ ဖြစ်မှာဟု ထင်မှတ်ခဲ့သည်။ မကြာခင် မောင်တစ်ယောက် စိတ်ပြေကြည်လင်လျှက် အနားသို့ ပြန်ရောက်လာကာ သူမအား ထွေးပွေ့ချော့မြူလိမ့်မည်ဟု ထင်ခဲ့သည်။ မျှော်နေခဲ့သည်။ ဒါပေမယ့် ရက်များစွာလွန်ခဲ့သည့်တိုင် မောင် ပြန်မရောက်လာခဲ့ဘူးကွယ်။
အခုတော့ မောင်ပြန်ရောက်လာ ပြီလား။
မောင်ပြန်ရောက်လာလျှင် သူမ၏ ပျော်ရွှင်မှုအလုံးစုံတို့ ပြီးပြည့်စုံသွားလိမ့်မည်ဟု ထင်မှတ်ခဲ့ဖူးသည်။ တောင့်တ မျှော်လင့်နေခဲ့သည်။ ဒါပေမယ့် အခုတော့ သူမ မပျော်ရွှင်နိုင်တော့တာ အံ့သြရသည်။ မောင့်အပေါ်မှာလည်း သံသယတွေ မ၀င်စဖူး ၀င်နေခဲ့ပြီ။ သူ… သူဟာ မောင်ဟုတ်ပါ့မလားကွယ်။
မောင်က ညဥ့်နက်အချိန်မတော် အိမ်ပေါ်က အဆင်း လမ်းပေါ်မှာ ကားအက်ဆီးဒင့် တစ်ခုနှင့် သေလွန်နှင့်ခဲ့ပြီ မဟုတ်လား။ ဒါပေမယ့် သူ့အပြုံးတွေက မောင်နဲ့တူလိုက်တာနော်။ မောင့်နှုတ်ခမ်းပေါ်က အဲဒီညှို့ရီရီ အပြုံးတွေကို သူမ ထာဝစဉ် ငေးမော့မ၀ ရှိခဲ့ဖူးတာ။ နစ်ပျော်သက်ဝင်ခဲ့ဖူးတာ။ ခုတော့ သူမ ကြောက်ရွံ့လို့လာသည်။ သူက မောင်မဟုတ်ဘူးလေ။
“ရှင် … ရှင်.. မောင်မဟုတ်ဘူး”
“ဟုတ်ပါတယ်ကွာ…”
ဘုရားရေ…။ တိုးလျညံ့သက်တဲ့ သူဟန်ပန်၊ လေသံတွေကလည်း မောင်နှင့် တထေရာထဲပဲ။
“တူမှာပေါ့။ ကိုယ်က ခင်ဗျားရဲ့ မောင်အစစ်ပဲ ဥစ္စာ”
“ဟင့်အင်း”
ခေါင်းခါငြင်းဆန်နေပြန်ရင်း သူမ မောင့်အနီးမှ ရုန်းထွက်ပြေးဖို့ပြင်သည်။ မောင်က သူမ၏ လက်တစ်ဖက်ကို ခပ်ဖွဖွ ထွေးဆုတ်ထားလျှက် မလွှတ်တော့။
“မောင်က သေသွားပြီ “
ပြောလျှက် သူမ၏ နှုတ်ခမ်းရဲရဲလေးက မဲ့ကွေးသွားသည်။ သူက ဦးခေါင်းတွေကို ညင်သာစွာ ခါရမ်းလိုက်ပြန်လျှက်…
“မဟုတ်သေးဘူး။ မောင် မသေပါဘူး”
သူမ လက်မခံနိုင်ပါ။ ဒီနေ့ နေ့လည်မှာပဲ မောင့် ရုပ်အလောင်းကို သဂြိုလ်ပြီးခဲ့ကြပြီ မဟုတ်လား။ နှစ်ဘက်မိဘ နှင့် ဆွေမျိုးသင်္ဂဟတွေ အပါအ၀င် သူမတို့အားလုံး သုဿန်ကနေ အားလျော့နှေးကွေးသော ခြေလှမ်းတွေနဲ့ ဆို့နစ်လျှက်၊ ယူကြုံးမရ ခံစားမှုတွေနဲ့ ပြန်လာခဲ့ကြတာ။
“ကျုပ်လို့ ခင်ဗျားတို့ ထင်ခဲ့တဲ့ သူဟာ ကျုပ်မဟုတ်ဘူး”
သူက ပိုင်နိုင်သေချာနေသလို ခပ်ပြုံးပြုံးဆိုသည်။ ဒါဆို မောင့် ရုပ်အလောင်းက ဘယ်ရောက်သွားလို့လဲ။ သူက သူ့ရင်ဘတ်ကို ခတ်သာသာပုတ်လျှက်…
“’ဒီမှာလေ…”
“မယုံဘူး”
“ခင်ဗျား မယုံရင် သူတို့အားလုံးကို မေးကြည့်လိုက်”
သူပြောမှ ပတ်ဝန်းကျင်ကို သူမ သတိပြုမိသွားရတော့သည်။ သူမနှင့်သူ နှစ်ယောက်တည်းမှ မဟုတ်ပဲ။ သူတို့အားလုံးကလည်း သူဟာ မောင်အစစ်ဖြစ်ပါကြောင်း အမူအယာတွေ ဆိုစကားတွေနှင့် ၀ိုင်းဝန်းထောက်ခံ ပြောဆိုနေကြပြန်ပေါ့။ သူမ၏ မေမေက…
“ဟုတ်တယ် သမီး။ သူ သေပြီလို့ သတင်းကြားတော့ သမီး မယုံနိုင်ခဲ့ဘူးလေ။ သူ့ ရုပ်အလောင်းကို မြင်ရတာတောင် သူ မဟုတ်ဘူးလို့ သမီးပဲ ဇွတ်ငြင်းဆန်ခဲ့တာ မဟုတ်လား”
အဲဒီတုန်းက သူရုပ်ရည်ဟာ မှတ်မိနိုင်လောက်စေရာ အကောင်းပကတိမျက်နှာမှ မရှိတော့ပဲ။ ပြီး မတွေ့ခင်ကသာ ကြည့်ချင်မြင်ချင်ခဲ့သော်လည်း တကယ်တမ်း ပျက်ယွင်းဒဏ်ရာ ဗရပွနဲ့ လှမ်းအတွေ့မှာ သူမ ဖျန်းခနဲ လန့်ဖျတ်သွားခဲ့တာ။ တငင်ငင်ရှိုက်နေမိတာတွေလည်း မေ့လျော့ရပ်တန့်လျှက်။ မျက်ရည်တွေတောင် ခဏတော့ ခမ်းခြောက်သွားသလို ထင်ခဲ့မိသေးသည်။
“ဟင့်အင်း.. သူ မောင် မဟုတ်ဘူး။ မဟုတ်ရဘူး”
“သမီး သတိထားလေ”
ဘယ်သူဘာပြောလာလာ သူမ လက်မခံနိုင်သလို ဇွတ်ငြင်းမိခဲ့တာ ဖြစ်သည်။
မောင် သူမထံ မလွဲမသွေ ပြန်လာလိမ့်မည်ဟု တရံမလပ် ယုံကြည်မျှော်လင့်နေခဲ့မိတာပင်။ တကယ်တမ်း သူအနားသို့ မောင် အသက်ရှင်လျှက် ပြန်ရောက်လာသော အခါမှာတော့ စိတ်က လက်မခံနိုင်။ မယုံကြည်နိုင်တော့ပြန်ပြီ။
“ယုံလိုက်ပါကွယ်။ မင်းရဲ့ ချစ်ခြင်းနဲ့ ပြင်းပြတဲ့ ဆန္ဒတွေကြောင့် ကိုယ် အသက်ပြန်ရှင်လာတာ”
သူဟာ မောင်ပဲလို့ ခိုင်လုံသေချာသလောက်ပါပဲဟု ယုံကြည်ချင်လျှက် စိတ်မှာ သူစိမ်းတစ်ယောက်နှယ် အေးစက်နေနှင့်ခဲ့ပြီ။ သူမ သူ့မျက်နှာဆီ ဖျတ်ခနဲ မော့ကြည့်မိတော့…
“ဟုတ်တယ်။ မင်းကြောင့်သာ ကိုယ် သေရာက ပြန်ရှင်လာခဲ့တာ”
သူမ လိပ်ပြာလွင့်မတတ် အားခနဲ အော်လျှက် မိုက်ခနဲ မူးရီမေ့မျောသွား။
*********
“အား…”
“ဒါလီ.. ဒါလီ။ အိပ်မက် မက်နေတာလား။ သတိရပြီလား”
အိပ်ရေးပျက်ခဲ့တဲ့ညတွေ များလှပြီ မို့ ဆိုဖာပေါ် ခဏ နားနေရင်း ထိုင်လျှက် အိပ်ပျော်သွားခဲ့တာ ဖြစ်မည်။
“အ၀တ်အစားလေး၊ ဘာလေး လဲလိုက်ပါဦးလား။ နင့်ကြည့်ရတာ အရမ်းလည်း နွမ်းနေပြီ”
အိပ်မက်ထဲမှာ သူမရဲ့ ပြင်းပြတဲ့ မျှော်လင့်ဆန္ဒတွေကြောင့် မောင် အသက်ပြန်ရှင်လာသတဲ့။ တကယ်တမ်းမှာတော့ မောင့်ရုပ်အလောင်းကို သဂြိုလ်နှုတ်ဆက် ပြီးခဲ့ပြီ။ သင်္ဂြီုလ်စက်ခေါင်းတိုင်ဆီက မှိုင်းညစ်ညစ် မီးခိုးငွေ့တွေဆီ မဆုံးတမ်းငေးလျှက် မောင့်ကို တမ်းတ ခေါ်ငင်နေမိတော့တာ။ ပြန်လာနိုင်ရင် ပြန်လာပါလားမောင်ရယ်။
အိပ်မက်ထဲမှာတော့ မောင်က သူမထံ ပြန်လာခဲ့သည်တဲ့။ မဖြစ်နိုင်မှန်းသိပေမယ့် အတွေးနှင့်ပင် ကြက်သီးမြမြထကာ ခန္ဓာကိုယ်ကလေး ဆတ်ခနဲတုန်သွားသည်။
“အစာလည်း ဘာမှ မစားဘူးဆို”
ဝမ်းထဲမှာ ဟာနေပြန်တာ ခုမှ သတိရသွားသည်။ သူငယ်ချင်းအား စားစရာတစ်ခုခုစီစဉ်ပေးရန် ပြောခဲ့ကာ ရေချိုးခန်းဝင်ရန်ပြင်သည်။ တစ်ခါတည်း ခေါင်းပါ လျှော်ပစ်လိုက်တော့မည်။ ခုနေ မောင် သေရာက ပြန်ရှင်လာနိုင်ဦးမည်ဆိုလျှင်တောင် သူ့ကို အရင်ကလို ပြန်ချစ်၍ မရတော့ဘူး ထင်သည်။ ကြွေပြီးသစ်ရွက်တွေဟာ အညှာပြန်ဆက်မရနိုင်ကြောင်းကို မောင်လည်း နားလည်နေမည် မဟုတ်လားကွယ်။ ။
Posted by သတိုး
/span>

No comments:
Post a Comment