**ဆိုမာလီမြို့တော်ရှိ ဒုက္ခသည်စခန်းအတွင်း မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ်ပျက်ကျ**
(မိုဂါဒစ်ရှူး၊ ဖေဖော်ဝါရီ ၅)
မိုဂါဒစ်ရှူး ဘဒ်ဘာဒိုဒုက္ခသည်စခန်းရှိ တဲငယ်တစ်လုံးပေါ်သို့ မောင်းသူမဲ့ လေယာဉ် ဖေဖော်ဝါရီ ၃ ရက်က ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများနှင့် စစ်သားများက ပြောကြားသည် အာဖရိကသမဂ္ဂငြိမ်းချမ်းရေးလိုလားသူအဖွဲ့ဝင်များရောက်ရှိလာခဲ့ပြီး ယင်းလေယာဉ်ပျက်အား ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ပျက်ကျသည့် မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ်သည် လေယာဉ်ပျံအငယ်စားပုံစံမျိုးရှိသည့် မောင်းသူမဲ့လေယာဉ်ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြသည်။ ပြီးခဲ့သည့်နှစ်က မိုဂါဒစ်ရှူးမြို့အတွင်း ယင်းအမျိုးအစားမောင်းသူမဲ့လေယာဉ်တစ်စင်း ပျက်ကျခဲ့ဖူးသည်။ အမေရိကန်နိုင်ငံသည် အယ်လ်ကေဒါအကြမ်းဖက်သမားများအား ချေမှုန်းနိုင်ရေးနှင့်ထောက်လှမ်းသိရှိနိုင်ရေးတို့တွင် အာဖရိကန်ဦးချိုဒေသ၌ မောင်းသူမဲ့လေယာဉ်များ စေလွှတ်အသုံးပြုလျက်ရှိကြောင်း သတင်းတွင်ဆက်လက်ပါရှိသည်။ (အင်တာနက်)
**လူသားတို့နေထိုင်နိုင်မည့် ဂြိုလ်သစ်တစ်လုံးတွေ့ရှိ**
(၀ါရှင်တန်၊ ဖေဖော်ဝါရီ ၅)
အာကာသအတွင်း လူသားတို့အသက်ရှင်နေထိုင်နိုင်မည့် ဂြိုလ်သစ်တစ်လုံးကို ကြယ်တာရာတစ်ခု၏ အနီးတွင် ရှာဖွေတွေ့ရှိကြောင်း ယင်းဂြိုလ်၏မျက်နှာပြင်ပေါ်တွင် ရေကဲ့သို့သောအရာများကို တွေ့ရှိရကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနပညာရှင်များက ဖေဖော်ဝါရီ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
၎င်းဂြိုလ်၏ မျက်နှာပြင်အပူချိန်သည် အပူလွန်ကဲမှုနှင့် အအေးလွန်ကဲမှုများမရှိကြောင်း၊ မျက်နှာပြင်ပေါ်တွင် တွေ့ရှိရသည့်အရည်များမှာ ရေများဖြစ်၊ မဖြစ်လေ့လာသုတေသနပြုရမည်ဖြစ်ကြောင်း အမေရကန်သုတေသနပညာရှင်များက ပြောကြားသည်။ အဆိုပါ ဂြိုလ်ကို နာဆာ၏ဟိုလီဂရေးလ် အာကာသလေ့လာရေးယာဉ်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းဂြိုလ်၏ အနီးတွင် ကြယ်တာရာတစ်လုံးလည်းရှိနေကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနပညာရှင်တစ်ဦးဖြစ်သူ စတီဗင်ဗို့က ပြောကြားသည်။ (အင်တာနက်)
**တရုတ်နိုင်ငံတောင်ပိုင်းဝေဟင်၌ လေ့ကျင့်ရေးလေယာဉ်နှစ်စင်းတိုက်မိ**
(ပေကျင်း၊ ဖေဖော်ဝါရီ ၅)
တရုတ်နိုင်ငံတောင်ပိုင်း ပင်တန်စီရင်စု ဝေဟင်၌ လေတပ်လေယာဉ်နှစ်စင်းဖေဖော်ဝါရီ ၄ ရက် မတော်တဆတိုက်မှုဖြစ်ပွားခဲ့ကြောင်း တရုတ်အရာရှိများက ဇန်န၀ါရီ ၅ ရက်တွင်ပြောကြားသည်။ အေတီ-၃ လေ့ကျင့်ရေးလေယာဉ်တစ်စင်းနှင့် လေတပ်အကယ်ဒမီမှ လေယာဉ်တစ်စင်းတို့တိုက်မှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူးနှစ်ဦးစလုံး လေထီးဖြင့် ခုန်ထွက်ခဲ့၍ အနည်းငယ်ဒဏ်ရာရရှိခဲ့သော်လည်း လေယာဉ်နှစ်စင်းလုံးပျက်စီးခဲ့သည်။ လေတပ်အကယ်ဒမီမှ လေ့ကျင့်ရေးလေယာဉ်မှာ အခြေစိုက်စခန်းမှ ပျံတက်ပြီးလေ့ကျင့်ပျံသန်းနေစဉ် အေတီ-၃ လေ့ကျင့်ရေးလေယာဉ်တစ်စင်းနှင့် ဝေဟင်၌ တိုက်မိခဲ့ကြခြင်းဖြစ်သည်။ (အင်တာနက်)
**ထိုင်းလေကြောင်းလိုင်းခွဲသစ် မကာအိုသို့ပျံသန်းမည်**
ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းမှ လေကြောင်းလိုင်းခွဲအသစ်တစ်ခုသည် ထိုင်းနိုင်ငံ ဗန်ကောက်နှင့် မကာအိုဒေသသို့ လာမည့် ဇွန် ၁ ရက်တွင် ပထမဆုံးအနေဖြင့် စတင်ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဖေဖော်ဝါရီ ၅ ရက်က သတင်းထုတ်ပြန်သည်။ အဆိုပါ လေကြောင်းလိုင်းသစ်သည် မကာအိုသို့ ပထမဆုံးပျံသန်းမည်ဖြစ်ပြီး နေ့စဉ်လေကြောင်းလိုင်းနှစ်လိုင်း ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။ လေယာဉ်လက်မှတ်များကိုလည်း လာမည့် ဧပြီလမှစ၍ စတင်ရောင်းချသွားနိုင်ရန် စီစဉ်ထားကြောင်း အခြားလေကြောင်းလိုင်းများထက် ခရီးသည်ပိုမိုရရှိလိမ့်မည်ဟု မျှော်မှန်းထားကြောင်း စီးပွားရေးဖွံဖြိုးတိုးတက်မှု အမှုဆောင် ဒုတိယဥက္ကဋ္ဌ ချိုကာဟေးပန်ယာယွန်က ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်**

No comments:
Post a Comment