**ကမ္ဘာလုံးဆိုင်ရာ.**.
လုပ်ငန်းတူ၊ စီးပွားပြိုင်…တခြားလ္ဘက်ရည်ဆိုင်တွေက ဂြိုလ်တုစလောင်းတွေ အပြိုင်အဆိုင် တတ်ဆင်ပြီး ရောင်းအားမြှင့်လာကြတော့ ကိုယ်တွေလည်း မနေသာတော့ဘူး။
``တို့ဆိုင်လည်း စလောင်းဆင်မှ ဖြစ်မယ်´´
ဆင်ပေါ့။
ဒါပေမယ့် ကိစ္စက ပြီးမသွားဘူး။
လက်တစ်ဘက်က တီဗီချယ်နယ်တွေ အမျိုးမျိုးပြောင်းနေ၊ ချိန်ညှိနေချိန်မှာတောင် ကျန်လက် တစ်ဘက်က မဂ္ဂဇင်း၊ ဂျာနယ်…တစ်ခုမဟုတ်၊ တစ်ခုကိုလည်း ကိုင်ထား၊ ဖွင့်ထားလျှက်…။ ပြီး…. နှုတ်ကလည်း…..
``ကမ္ဘာကြီး ပြားသွားပြီ´´
…ဆိုပါလား။
အိုင်တီခေတ်မှာ သတင်းနဲ့ နည်းပညာပျံ့နှံ့မှုက လျှင်မြန်လွန်းလို့ဒီနေ့ကမ္ဘာကြီးဟာ အရှေ့နဲ့ အနောက် အဆီးအတားမရှိ။ တသီးတခြားစီ မဟုတ်တော့ပဲ တစ်သားတည်းဖြစ်သွားပြီလို့ ဆိုလိုချင်ပုံပဲ။
ပေါင်းသင်းလာခဲ့ကြတာပဲ အိမ်ထောင်သက် အနှစ် နှစ်ဆယ်နီပါး ဆိုတော့ ကိုယ့်အိမ်ဦးနတ် အကြောင်းလည်း ကိုယ်သာ အသိဆုံးလေ။ အဲတော့ဖက်ပြိုင်ပြောမနေချင်တော့ဘူး။ အသံတိတ်မျက်စောင်း တစ်ချက် ဒိုင်းခနဲပစ်လွှတ်ပေးလိုက်တယ်။
ရွှေကိုယ်တော်က မိန်းမနဲ့ မပြောရတော့ သောက်သုံးသူတွေ စားပွဲဝိုင်းမှာ ၀င်ထိုင်ပြီး အာဘောင်၊ အာရင်း သန်နေပြန်ပါရော….။
စကားဆိုတာက ဟုတ်တိုင်းမှန်ရာ ဖြစ်နေစေဦးတော့။ ကာလ၊ ဒေသ၊ ပြီးတော့….ကိုယ်ပြောမယ့် တစ်ဘက်သားရဲ့ ခံယူနိုင်စွမ်းကိုလည်း တွက်ချင့် စဉ်းစားရဦးမှာ မဟုတ်လား။
တခြားသူတွေကရော…သူပြောလာသမျှ မျက်စေ့စုံမှိတ်ပြီး ယုံကြည်ပေးမှာတဲ့လား။ သူတို့ တစ်သက်လုံး ယူမှတ်လာခဲ့ကြတာက``ကမ္ဘာလုံး´´….. ပဲလေ။ ဟိုလူတွေက အုံနဲ့ကျင်းနဲ့ပြန်ငြင်း၊ ၀ိုင်းဟားကြတော့ သူပဲ အူကြောင်ကြောင်ဖြစ်ရပြန်ရော မဟုတ်လား။
ဘေးကနားထောင်ရင်း အမြင်အကြားမတော်တာနဲ့……
``ကဲ…ရှင့် ကမ္ဘာပြားကြီး ခဏထားပြီး ဖက်ရှင်ချယ်နယ်တစ်ခုလောက် ပြောင်းဖွင့်ပေး လိုက်ပါဦး။ ကျွန်မတို့ ဖောက်သည်တွေ ပျင်းလှရောပေါ့။´´
လာဘ်မမြင်တတ်တော့ နေရာတကာ လိုက်ပြောနေရတာသာ ကြည့်တော့။
အမှန်အတိုင်းပြောရရင် သူ့ကမ္ဘာပြားကြီးကို လုံးဝကို စိတ်မ၀င်စားဘူး။ အဓိက ကတော့ ကိုယ့်လ္ဘက်ရည်ဆိုင်လေး စည်စည်ကားကား၊ ရောင်းပန်းသာနေဖို့သာပဲ။ အဲတော့…ကိုယ်တွေရဲ့ အားကိုးတကြီး တိုင်တည်ရာ ``အဘဆရာကြီး´´ ညွှန်ကြားထားတဲ့အတိုင်း တသွေမတိမ်းစေရ။ အပွင့်၊အခက်၊ အရွက်၊အညွန့်တွေနဲ့ တစ်ဆိုင်လုံး ဝေနေစေတယ်။ အပွင့်အရွက်တဝေေ၀ကို ဘယ်တော့မှ ညှိုးခြောက် မနေစေရဘူး။ ဆီမီး၊ အမွှေးနံ့သာတိုင်တွေနဲ့ လည်း နေ့၊ညမပြတ် ထုံအီမွှေးပျံ့နေစေတယ်။ ကဲ….ဘာလိုသေးလဲ..။
ဒီရက်တွေမှာတော့ စိတ်ကတိုတယ်။ ကမ္ဘာဖလားဘောလုံး ပွဲစဉ်တွေက ဆက်တိုက်လာနေပြီ မဟုတ်လား။ နေ့နေ့၊ညည ဈေးရောင်း ကောင်းလှတာ အတွက်တော့ ပျော်ပါရဲ့။ ဒါပေမယ့် ညည့်နက်ပွဲတွေဆက်လာတော့ လူက ပင်ပမ်းရုံမက အအိပ်ပျက်တဲ့ဒဏ်ကိုပါခံလာရပြီ။
ညဘက် အနားမရလို့ နေ့လည်ဘက်တွေမှာရောတဲ့။ တရေးတောင် မမှေးရဲပါဘူး။ သူ့နဖူးဆီ ညစဉ်တဒိုင်းဒိုင်း ထိမှန်နေတဲ့ ဘောလုံးက ကိုယ်တစ်ချက်ကလေး သတိလစ်၊ အိပ်ငိုက်မိတာနဲ့ ကောင်တာစားပွဲက ကိုယ့်ပိုက်ဆံ အံဆွဲကို လာမှန်တော့မှာ အသေအချာ။ အဲတော့ …အံဆွဲသော့ကို ကျစ်ကျစ်ဆုတ်လို့ ငုတ်တုတ်၊ ငိုက်ရတယ် ဆိုရုံကလေးပဲ။
သူ့မှာတော့ အကြိုက်တူ၊ စရိုက်ဝါသနာတူ… သူ့ဘော်ဒါ အပေါင်းအသင်းတွေနဲ့ နေ့လည်း တရုန်းရုန်း။ ညမှာလည်း တစ်လုံးလုံး။အံမယ်….။ ဘောလုံးအသင်းတွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက် ပေါင်းစုံကိုတောင် အင်တာနက်မှာရှာဖွေလို့ ခန့်မှန်းတွက်ချက်တတ်နေကြပြီ ဆိုပဲ။
``အဲဒါကြောင့် ပြောတာပေါ့။ကမ္ဘာကြီး ပြားသွားပြီလို့….´´
ဟွန်း….။သူတို့နဲ့ တွေ့မှပဲ ကမ္ဘာကြီးခမျာ…
လုံး…..
လည်…..
ချပ်ပြား။ ။
**** **** *****
**တို့အိမ်တွင်းမှာ များသတ္တာ **
ရှည်လျား ကြာငြောင်းလွန်းလှတဲ့ နွေ။ မေလလည်ရောက်လာတဲ့အထိ အစွမ်းပြလို့ကောင်းနေဆဲပင်။ ပူချက်ကလည်း ကမ်းကို ကုန်ရော ပြောရတော့မလို။ ယောရုဝ ဒယ်အိုးနှုတ်ခမ်းမှာ အဖီဆွယ် နေမိသလားတောင် ထင်ယောင်မှားချင်တော့သည်။
``မိုးမင်းရေ...ရွာပါတော့´´
တိမ်းသားတစ်မျှင်တစ်စမျှ စွန်းထင်မနေသော စင်ကြယ်ကြည်လင်လွန်းလှသည့်ကောင်းကင်ဆီ ရူးမိုက်စွာ လှမ်းမျှော်ကြည့်မိတော့ စူးရှစွာလင်းပြက်နေသော အလျှံရဲရဲ မီးကျည်ခဲတစ်စက မျက်စေ့အစုံကို ကျိန်းစပ်စေပြန်၏။
``ရွာလိုက်ပါတော့ မိုးမင်းရယ်´´
မေ(၁၆)ရက်နေ့မှာ ဖြိုးဖြိုးဖျောက်ဖျောက် မိုးပေါက်ကလေးတွေ တဖွဲဖွဲ စွေခဲ့သည်။ ဒါပေမယ့် မြေပြင်ကလေး သိပ်သည်းသွားရရုံ။ ၀န်းကျင်တစ်ခွင် အုံ့ပြပြနေသာရုံကလေးသာ။
မေ(၁၈)ရက်နေ့မှာတော့ ဆိုင်းမဆင့်၊ဗုံမပါ လေရောမိုးပါ သည်းထန်စွာ ရွာသွန်းလေတော့ပြီ။ ပျော်လိုက်ကြတာ။
နွေနှောင်းကာလတစ်လျှောက်လုံး သောက်သုံးရေအတွက် ပူပန်ရ၊ ချွေးတလုံးလုံး ကြံစည်သယ်ယူခဲ့ရတဲ့ ဘ၀အမောတွေ။ လယ်မြေတွေ ပက်ကြားအက်ကုန်ပြီတဲ့..။ ဒီနှစ် ထွန်တုံး၊ထွန်တံ ကိုင်ကြရပါဦးတော့မလား။ ပူပန်တွေးမောခဲ့ရတာတွေ။ ခါဦးမိုးနှင့်အတူ လျှောခနဲ ပြေပျောက်လွင့်ပြယ်သည်။
``ဟေး...မိုးရွာတုန်းရေခံကြပါဟဲ့´´
အိမ်ရှိလူကုန် တံစက်မြိတ်ဖျားဆီ အာရုံရောက်ကာ ဗျာများနေကြစဉ်....
``ဟဲ့ ဒီနေရာက မိုးတွေ ယိုကျနေပါလား´´
အိမ်မအလည်တည့်တည့်ဆီ လက်ညှိုးညွှန်လျှက် တစ်ယာက်က သတိပေးသည်။ လေပြင်းတစ်ချက် အဝှေ့မှာ အိမ်ခေါင်ပွင့်လန် သွားခဲ့တာကိုး။ ဒီလေဒီမိုးကြားမှာ အိမ်ခေါင်တက်ပြင်ကြဖို့ ကြိုးစားကြည့်ကြသေးသော်လည်း အချီးနှီးသာ။
အမေအိုက...
``သင်္ကြန်တွင်းတုန်းကလည်း အိမ်ကိုရေမဆေးခဲ့ရသေးဘူး မှုတ်လား။ ခု..တစ်ခါတည်း
ကြမ်းခင်းတွေကို တိုက်ချွတ်ဆေးချလိုက်ကြတော့။´´
အိမ်ရှိလူကုန် တပျော်တပါး တစ်အိမ်လုံးကို ရေဖြင့် ဆေးချကြသည်။
ဘုးရားခန်းကို စင်ကြယ်စွာ ရေဆေးသန့်စင်အပြီးမှာ အမေအိုက ရေတစ်ဖန်ခွက် တောင်းလိုက်သည်။ မွှေးနံ့သာရည် သုံးလေးစက်ရောလိုက်လျှက် သပြေခက်ကလေး နှစ်ကာ..၊ဖြန်ကာ...။ ပဋ္ဌန်းဒေသနာတော်နှင့် ပရိတ်ကြီး(၁၁)သုတ်ကို နှုတ်တက်ရွရွ ရွတ်ဖတ်နေလို့ရယ်။
ကျန်အိမ်သားအားလုံးကတော့ ပဲကြီးခွံလို အရည်တွန့်နေသော ခြေဖျား၊လက်ဖျားကလေးတွေဆီ ကိုယ်စီကြည့်ငေးလျှက် မျှော်လင့်ကျေနပ်နေခဲ့ကြပါသည်။ ။
**သတိုး**

No comments:
Post a Comment