ချမ်းသာခြင်းအကြောင်းသိလိုပါတယ်။
ချမ်းသာခြင်း အပိုင်းသုံးပိုင်းရှိတယ်။
၁။ ရုပ်ပိုင်းဆိုင်ရာချမ်းသာခြင်း (စိတ်ချမ်းသာချင်မှ ချမ်းသာမယ်)
၂။စိတ်ပိုင်းဆိုင်ရာချမ်းသာခြင်း(ရုပ်ဝတ္ထု ချမ်းသာချင်မှချမ်းသာမယ်)
၃။ရုပ်ပိုင်းရော စိတ်ပိုင်းရော နှစ်မျိုစလုံးချမ်းသာခြင်း။ တို့ပါ--
လူတွေကြိုးစားနေတာက ရုပ်ဝတ္ထုပိုင်းချမ်းသာခြင်း ငွေကြေး ၊တိုက်တာ၊ ကား၊ လူ့အသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်လက်စား ရတနာများ ပိုင်ဆိုင်နိုင်အောင်ကြိုးစားစုဆောင်း ကြတတ်ပါတယ်။ လူသားတစ်ယောက်အနေနဲ့ ကိုယ့်ဘဝချမ်းသာဖို့ ကိုယ့်အသိုင်းအဝန်းလေး ပြည့်စုံစေဖို့ ရှာကြဖွေကြ စုကြဆောင်းကြ မှန်ပါတယ်။ သမာအာဇီဝနဲ့ စုဆောင်းရှာဖွေခြင်းမှန်သမျှ ဘယ်လောက်ပမာဏများများ လောဘ လို့သတ်မှတ်လို့မရပါဘူး။ ဥစ္စာဓနတွေကို မိမိပိုင်ဆိုင်ဖို့ ပတ်ဝန်းကျင်နဲ့ ထိတွေ့ရာ ပတ်သတ်ရာ လူအားလုံးကို အကျိုးစီးပွားလျှော့နည်းနစ်နာအောင် အနိုင်ပြုနေရင်တော့ ဘယ်လောက်ပမာဏနည်းနည်း လောဘလို့သတ်မှတ်ရမှာပဲဖြစ်တယ်။
ရုပ်ဝတ္ထု ချမ်းသာတာနဲ့ စိတ်ချမ်းသာတာ ဘယ်အရာကမြတ်သလဲ။
ဗုဒ္ဓရဲ့ အယူဝါဒအရတော့ စိတ်၏ချမ်းသာခြင်းကသာ ပိုမြင့်မြတ်တန်ဖိုးရှိတယ်လို့ယူဆရမှာပါပဲ။
ဘာကြောင့်အဲဒါကို ဗုဒ္ဓအယူဝါဒလို့ ပြောလိုရတာလဲ။
ဗုဒ္ဓက အိမ်ရှေ့စံပါ။ နောင်ဘုရင်ဖြစ်မယ့်သူပါ။ သူ့မှာ ရုပ်ဝတ္ထုပိုင်းလိုလေသေးမရှိ ပြည့်စုံမှာကိုတော့ ယုံမှားဖွယ်မရှိပါဘူး။ အဲဒီရုပ်ဝတ္ထုတွေကို ဘာဖြစ်လို့ စွန့်လွှတ်ပြီးတောထွက်တရားအားထုတ်တာလဲ။ အဲဒီရုပ်ဝတ္ထုဟာ စိတ်၏ချမ်းသာခြင်းကို အပြည့်အဝမပေးစွမ်းနိုင်ယုံတင်မကပဲ စိတ်ထားမတတ်ရင် စိတ်၏ဒုက္ခဖြစ်ရာ အကြောင်းရင်းတောင်ဖြစ်စေနိုင်တယ်။
ဒါဆိုရင် စိတ်ချမ်းသာဖို့ ရုပ်ဝတ္ထုတွေ စွန့်လွှတ်ရမယ်ပေါ့။
ဟင့်အင်း အဲဒီလိုလဲ မဆိုလိုပါဘူး။ လုံးဝစွန့်လွှတ်ရမယ်လို့မပြောလိုပါဘူး။ ဒါပေမယ့် အဲဒီရုပ်ဝတ္ထုတွေအပေါ် တွယ်မက်နေတဲ့ တဏှာ စွဲလမ်းမှု ခင်တွယ်မှု ကိုတော့ လုံးဝဖြတ်ထားနိုင်ရင် အကောင်းဆုံးစိတ်ချမ်းသာမှုရမှာအမှန်ပါ။ (ဥပမာဆိုပါတော့) ကိုယ်ဝယ်ထားတဲ့ကားလေး မတော်တဆ တိုက်မိသွားတယ်။ သုံးမရအောင် ပျက်စီးပိန်ရှုံ့သွားတယ်။ အဲဒီကားအပေါ် ကိုယ်က တွယ်တာလွန်း မက်မောလွန်း စွဲလမ်းလွန်းရင် စိတ်ဆင်းရဲမှု အားကြီးမှာပဲ။ ဒီကားလေးအပေါ်မှာ နဂိုထဲက စွဲလမ်းမက်မော တွယ်တာတာတွေ ကြိုပြီး တရားသဘောနဲ့ ဆင်ခြင်ထားမယ်ဆိုရင် တကယ်လက်တွေ့ တွေ့ကြုံလာတဲ့အခါ စိတ်ဆင်းရဲမှုနည်းပါးမှာပဲ ။ ဒီသဘောပါ။
စိတ်ချမ်းသာဖို့အတွက် ရုပ်ဝတ္ထုတွေ စွန့်ပြီး တောထွက် တရားအားထုတ်ရမှာလား။
ပုထုဇဉ်တစ်ယောက်အတွက်တော့ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်ဖို့အတွက် တောထွက်စရာမလိုပါဘူး။ တွယ်မက်တဲ့သဘောသဘာဝဖြစ်တဲ့တဏှာကိုသတ်ဖို့အတွက် အမြဲတဲ့အနိစ္စ သဘော ။ဆင်းရဲတဲ့ ဒုက္ခရဲ့သဘော။ ကိုယ်ဖြစ်ချင်သလို မဖြစ်နိုင်တဲ့ အစိုးမရတဲ့ အနတ္တသဘောတွေကို အမြဲမပြတ်နှလုံးသွင်း ဆင်ခြင်ပြီး လိုချင်တဲ့လောဘကို ပေးကမ်းခြင်းဒါန နဲ့သတ်။ ပူလောင်တဲ့ဒေါသကို အေးမြတဲ့မေတ္တာနဲ့သတ်။ မမြင်တဲ့အမှောင်မောဟကို ဥာဏ်ပညာအလင်း ဝိပသ၁နာနဲ့သတ်။ အဲဒီလိုပြောလို့ လောကီအကျိုးစီးပွားကို မရှာနဲ့လို့ပြောတာမဟုတ်ဘူး။ လောကီစီးပွားဥစ္စာကို သမာအာဇီဝ နဲ့သာဆိုရင် ဇွဲ ၊လုံ့လ၊ ဝီရီယ အားကုန်သုံးပြီးရှာ။ ရှာလို့ရရင် သုံးသင့်တာကိုသုံး။ လှုသင့်တာကိုလှု။ ပေးကမ်းချီးမြှင့်သင့်တာကိုပေးကမ်း။ ရလာတဲ့ဥစ္စာအပေါ်မှာ လုံးဝစွဲလမ်းဖက်တွယ်မထားနဲ့။
ဒီနေရာမှာ ကိုးရီုးယားဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းလေးတစ်ခုကို အမှတ်ရမိတယ်။ သားအမိနှစ်ယောက် အဖိုးတန်တဲ့ အသားဟင်းတွေ မစားစဖူးစားကြရတယ်။ သားလုပ်တဲ့သူက စားပြီးမကြာခင်ပဲ ဗိုက်နာလို့ အိမ်သာတတ်ချင်လာတယ်။ အစာဟောင်းစွန့်ချင်တယ်။ မိခင်လုပ်တဲ့သူက စားထားတာဘာမှမကြာသေးဘူး ချက်ချင်းပြန်စွန့်မထုတ်နဲ့ နှမြောစရာကောင်းတယ်ဆိုပြီး အတင်းအောင့်ခိုင်း ထားတယ်။ နောက်ဆုံးမထိမ်းနိုင်တော့ပဲ ဘောင်းဘီထဲ ထွက်ကျကုန်တယ်။
ဟာသ သဘောနဲ့တင်ပြထားပေမယ့် လူတွေလဲ ဒီလိုပါပဲ။ ကိုယ့်ဆီဝင်လာဖို့ပဲကြိုးစားကြပြီး ကိုယ့်ဆီက ပြန်ထွက်ဖို့တော့အတင်းပဲ တားဆီးပိတ်ပင်တတ်ကြတယ်။ဒီတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ့။ ဝင်လာတာကိုလည်း လက်ခံပါ ။ ထွက်သင့်တာကိုလည်းခွင့်ပြုပါ။ ဒါမှလောကကြီးငြိမ်းချမ်းမှာပါ။
ရုပ်ဝတ္ထုပိုင်းဖြစ်တဲ့ ပစ္စည်း ဥစ္စာ ရွှေ ငွေ ရတနာ ချမ်းသာဖို့ နည်းလမ်းရှိသလား။
ကြီးပွားရေး အကြံပေးစာအုပ်တွေ အများကြီးထွက်နေပါတယ်။ ဖတ်ကြည့်ပါ။ နည်းလမ်းတွေအများကြီးပါပဲ။ ဒါပေမယ့် နည်းလမ်းဟာ နည်းလမ်းပဲဖြစ်နေမှာပါ။ ဒီနည်းလမ်းကို လိုက်နာကျင့်ကြံတဲ့ ဇွဲ ၊ လုံ့လ၊ ဝီရီယ၊ ပညာ ၊ယုံကြည်မှု ၊ခံယူချက်၊ စိတ်အားထက်သန်မှု စတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိမှ အောင်မြင်ချမ်းသာမှာပါ။ အဲဒီအရည်အသွေးတွေဟာ လူတိုင်းမှာ မရှိနိုင်ပါဘူး။ ဒါကြောင့် လူတိုင်းနည်းလမ်းသိရုံနဲ့ မချမ်းသာတာပါ။ နည်းလမ်းထက် ကိုယ်ရည်ကိုယ်သွေးက အဓိကကျတယ်လို့ ထင်ပါတယ်။ နည်းလမ်းက ၂၀ % ဆိုရင် ကိုယ်ရည်ကိုယ်သွေးက ၈၀% ပါ။ ဆရာဖေမြင့်ဘာသာပြန်ထားတဲ့ ဘေဘီလုံက အချမ်းသာဆုံးပုဂ္ဂိုလ် ဆိုတဲ့ကြီးပွားရေးစာအုပ်ကို ညွှန်းချင်ပါတယ်။
စိတ်ချမ်းသာဖို့ကော နည်းလမ်းရှိလား။
အလားတူပါပဲ။ ဗုဒ္ဓရဲ့တရားတော်တွေဟာ စိတ်ချမ်းသာဖို့ လမ်းညွှန်ချက်တွေအများကြီးပါပဲ။ ဒါပေမယ့် သံသရာအဆက်ဆက်က စွဲမြဲစွာ တည်ရှိနေတဲ့ လောဘ ဒေါသ မောဟ အထုံတွေကြောင့် လူတိုင်းတော့ ဗုဒ္ဓရဲ့ တရားတော်တွေကို သိရှိခံစား ကျင့်ကြံနိုင်ကြမှာမဟုတ်ပါဘူး။
ချမ်းသာခြင်း မှာ စိတ်လည်းချမ်းသာတယ် လူလဲချမ်းသာတယ် ဆိုရင် အမြတ်ဆုံးပဲလို့ဆိုလိုတာလား။
လောကီ ပုထုဇဉ်ဘဝမှာတော့ ဒါကို အမြင့်ဆုံး အမြတ်ဆုံးလို့သတ်မှတ်မယ်ဆိုရင် သတ်မှတ်လို့ရပါတယ်။
၁။ ။ဥစ္စာပစ္စည်းတွေကို သမာအာဇီဝကျကျ ကြိုးစားပြီးရှာမယ်။ ဒါပေမယ့် ရလာတဲ့အခါတော့ တွယ်မက်ဖက်တွယ်မထားဘူး။ ပေးသင့်တာပေးမယ်။ သုံးသင့်တာသုံးမယ်။ လှုသင့်တာလှုမယ်။ အဲဒီစကားစုမှာ``သင့်`` ဆိုတဲ့စကားက တော်တော်အရေးပါတယ်။ ငယ်ငယ်က ကုဋေ ၈၀ သူဋ္ဌေးသား ပုံပြင်ထဲကလို မပေးသင့် မသုံးသင့် မလှုသင့်တာတွေ လုပ်လို့ မွဲပြီးသေတာဟာ ပညာဆိုတဲ့ အကောင်းအဆိုး မခွဲခြားတတ်လို့ပဲ။
၂။ ။အရာအားလုံးဟာ မတည်မြဲတဲ့ အနိစ္စသဘော ကိုယ့်အလိုကျ ထိမ်းချုပ်စီမံလို့ မရနိုင်တဲ့ သင်္ခါရသဘော တွေကို မပြတ်ဆင်ခြင်ပြီး စိတ်ခံစားချက်အတွက် နှလုံးသားကိုခံစစ်ပြင်ထားရပါမယ်။ ဒါမှလောကဓံတရားနဲ့ ကြုံတွေ့တဲ့အခါ မတုန်လှုပ်ပဲခံနိုင်ရည်ရှိတဲ့သူဖြစ်မှာပါ။ အနိစ္စ ဒုက္ခ
အနတ္တ တို့ကို နှလုံးသွင်းဆင်ခြင်တာနဲ့ တောင်စိတ်ုချမ်းသူမှု ရစေနိုင်ပါတယ်။
၃။ ။ ကိုယ်နဲ့ ရင်းနှီးခင်မင်တဲ့သူကို ကူညီလိုက်ရင် ဝမ်းသာတယ်။ ဒုက္ခရောက်နေတဲ့သူကို ကိုယ်ကကူညီ လိုက်ရရင် သူဝမ်းသာသွားတာကိုကြည့်ပြီး ကိုယ်လဲစိတ်ချမ်းသာတယ်။ ယုတ်စွအဆုံး ဆာလောင်နေတဲ့ တိရိစ္ဆာန်တစ်ကောင်ကို အစာကြွေးလိုက်ရရင်တောင် ကြည်နူးတယ်။
ကိုယ်လေးစားရတဲ့သူကို ကန်တော့လိုက်ရရင် ပီတိဖြစ်တယ်။ ဒါတွေဟာ စိတ်ခံစားချက် စိတ်၏ချမ်းသာခြင်း အတွက် ဆေးဝါးတွေပဲ။ အဲဒီလို စိတ်သွားတိုင်း ကိုယ်ပါဖို့ကလည်း ရုပ်ဝတ္ထုပစ္စည်း ကိုယ့်မှာရှိဖို့ လိုသေးတာပဲ။ ရုပ်ဝတ္ထုချမ်းသာပြီး စိတ်ကောင်းနှလုံးကောင်းမရှိရင် ရော ဒီခံစားချက်စိတ်ချမ်းသာမှုမျိုး မရနိုင်ပြန်ဘူး။
ဒါကြောင့် ကိုယ်စိတ်နှစ်ပါးလုံးချမ်းသာဖို့ဆိုရင် ရုပ်ဝတ္ထုချမ်းသာဖို့လည်းလိုတယ်။ စိတ်ကောင်းစေတနာကောင်းရှိဖို့လဲလိုတယ်။ နောက်ပြီး အကောင်းမြင်ဝါဒ လည်းရှိသင့်တယ်။ ဟုတ်တယ်မဟုတ်လား။
Written by ko soe naing

No comments:
Post a Comment