လူတိုင်းလူတိုင်းကလေးဘဝမှစ၍အိပ်မက်မက်ဖူးကြသည်…ငယ်ဘဝတွင်ငယ်ဘဝ၏မျှော်လင့်ချက်များ..လိုလား
ချက်များ..ဖြစ်စေလိုမှုများကိုအိပ်မက်အဖြစ်နှင့်ရခဲ့သည်လည်းရှိသည်…မိမိနှစ်သက်မြတ်နိုးသည့်အရာများကို
ဆုံးရှုံးသွားသည်လည်းရှိခဲ့သည်…မည်သို့ပင်ဆိုစေကာမူအိပ်မက်များသည်မခေါ်ယူပါပဲလည်းရောက်ရှိခဲ့ကြသည်။
မပြီးဆုံးစေချင်ပေမယ့်လည်းလန့်နိုးထ၍ကွယ်ပျောက်ခဲ့ကြသည်။
အတိတ်ကိုဝင်စား၍ဖြစ်စေ…ကြိုတင်နမိတ်များအဖြစ်ဖြစ်စေ…သွေးလေခြောက်ခြားခြင်းကြောင့်ဖြစ်စေ…နတ်
တို့လှည့်စားသောကြောင့်ဖြစ်စေအိပ်မက်ကိုမက်ကြသည်ဟုရှေးလူကြီးသူမများပြောသဖြင့်ကြားဖူးခဲ့သည်။မည်
သည့်အကြောင်းကြောင့်ဖြစ်စေအိပ်မက်ကိုနှစ်သက်စွာမက်လိုခဲ့ကြသည်…အိပ်မက်တွင်အများအားဖြင့်အရောင်
အဆင်း…အသံ..အနံ့..အရသာ..မရှိ..အထိအတွေ့မရှိ..ရံဖန်ရံခါမှသာယင်းသည်တခုတလေအဖြစ်အိပ်မက်တွင်
ပါဝင်လေ့ရှိသည်။…ထိုအခါအိပ်မက်သည်ပိုမိုလှပသယောင်..ပိုမို၍အဓိပ္ဗါယ်ပြည့်စုံသယောင်ထင်မှတ်ရပေသည်။…

ငယ်စဉ်အချိန်ကအိပ်မက်များကိုအိပ်စက်ချိန်များတွင်သာမက်ခဲ့ကြသည်…သို့ရာတွင်အရွယ်ရောက်ကြီးပြင်း
လာသောအခါအိပ်မက်များကိုအိပ်စက်ချိန်တွင်သာမကနိုးထနေချိန်တွင်ပင်အိပ်မက်များကိုမက်ခဲ့ကြသည်။
အချို့သည်မိမိတို့နိုးထလျက်မက်ခဲ့သောအိပ်မက်များကိုအိပ်မက်အဖြစ်နှင့်သာထားပြီးအချို့ကမူမိမိတို့၏အိပ်
မက်များကိုအမှန်တကယ်ဖြစ်လာစေရန်အကောင်အထည်ဖော်ကြသည်။
နိုးထလျက်မြင်မက်သောအိပ်မက်များသည်မိမိတို့၏မျှော်လင့်ချက်ဖြစ်တည်လိုမှုများဖြစ်ကြသည်…အိပ်မက်ကို
အကောင်အထည်ဖော်ရာတွင်အချို့အိပ်မက်များသည်အချိန်များစွာပေးရသည်…အချို့အိပ်မက်များမှာမူအချိန်
များစွာပေးရန်မလိုပေ…အိပ်မက်တစ်ခုကိုအကောင်အထည်ဖော်ရန်အကောင်းဆုံနည်းလမ်းကိုအိပ်မက်မက်သူ
ကသာအသိဆုံးဖြစ်သည်…ထိုကဲ့သို့အကောင်အထည်ဖော်ရာတွင်ကြီးစွာသောစိတ်ဆန္ဒရှိရန်အဓိကလိုအပ်သည်။
ကြီးမားသောစိတ်ဆန္ဒရှိလျင်..ဆန္ဒစိတ်ကြီးမားပြင်းထန်လာလျင်မိမိတို့၏ဖြစ်လိုမှုများ..(သို့တည်မဟုတ်)..အိပ်မက်များသည်အကောင်အထည်ပေါ်ရန်၆၀%မှာသေချာနေပြီးဖြစ်သည်…ကြီးမားသော
စိတ်ဆန္ဒဖြစ်တည်လာလျင်ကြီးမားသောလုံ့လကိုပြုတတ်ကြပေသည်…မည်ကဲ့သို့သောအခက်အခဲများကို
မဆိုဖြတ်ကျော်ရန်ဝန်မလေးတော့ပေ..ထိုအခါမက်ခဲ့သောအိပ်မက်သည်အကောင်အထည်ပေါ်လာခဲ့လေသည်။
ဤကမ္ဘာလောကကြီးထဲတွင်နိုးလျက်မက်ခဲ့သောအိပ်မက်များကိုအကောင်အထည်ဖော်ခဲ့သူအမြောက်အများရှိ
ခဲ့ကြသည်…သို့ရာတွင်မိမိတို့၏နိုးလျက်မက်သောအိပ်မက်များကိုအိပ်မက်နေရာတွင်သာထားလိုက်သူများကပို
များသည်…မဖြစ်နိုင်တာကိုစိတ်ကူးမယဉ်တာကောင်းပါတယ်ဆိုသောအားငယ်စိတ်အညံ့ခံစိတ်သည်မက်
ခဲ့သောလှပသည့်အိပ်မက်များကိုရိုက်ချိုးလိုက်ခြင်းဖြစ်သည်…ဤသတ္တလောကအတွင်းလူသည်အသိဥာဏ်
အရာတွင်အင်အားအရှိဆုံးဖြစ်သည်…သံတုံးသံခဲတို့ကိုလေပေါ်တွင်ပျံစေနိုင်ခဲ့သည်..ရေပေါ်တွင်ပေါ်စေနိုင်
ခဲ့သည်။ဤအကြောင်းအရာများသည်အကောင်အထည်မပေါ်ခင်အချိန်အထိစိတ်ကူးယဉ်အိပ်မက်များ
သာဖြစ်ခဲ့သည်။…
လူတိုင်းလူတိုင်းတွင်စိတ်ကူးယဉ်ခွင့်အိပ်မက်ခွင့်ရှိသည်…ထိုအိပ်မက်များကိုလည်းအကောင်အထည်ဖော်ခွင့်
ရှိကြသည်….ဖြစ်တည်လိုစိတ်ကြီးမားပြင်ထန်လာလျင်အထောက်အပံ့သည်ရောက်ရှိလာခဲ့သည်ဖြစ်သည်။

အိန္ဒိယပြည်နယ်တစ်ခုအတွင်းမုဆိုးမဈေးသည်တစ်ယောက်ဈေးရောင်းထွက်လာသည်…ဈေးရောင်းမကောင်း
သဖြင့်ညနေတိုင်အောင်ကလေးငယ်များအတွက်စားစရာမဝယ်နိုင်ခဲ့ပေ…ထိုအခါအနှီမုဆိုးမသည်ဆာဒူးကြီး
တစ်ပါးထံတွင်ချမ်းသာခြင်းကိုဆုတောင်းသည်။
…ထိုအခါဆာဒူးက“သင့်တွင်တကယ်လိုချင်စိတ်မရှိသေး”ဟုပြောသည်…မုဆိုမကလည်းသူတကယ်ချမ်းသာ
ကိုအလိုရှိကြောင်းပြန်ပြော
သည်။ထိုအခါဆာဒူးကြီးသည်မုဆိုးမရောင်သောပစ္စည်းများကိုဂင်္ဂါမြစ်အတွင်းပစ်ချလိုက်သည်…မုဆိုမသည်
လည်းပူပန်ခြင်းကြီးစွာဖြင့်ငိုကြွေးသည်။အမှောင်ကြီးစိုးလာသည်နှုင့်အမျှသူမ၏ကလေးတွေမစားမသောက်
ရသေးသည်ကိုတွေးမိ၍ဆာဒူးကြီးကိုတောင်းပန်သည်။…ဆာဒူးကြီးကလည်းသင်တကယ်ချမ်းသာကိုမလိုသေး
ဟုသာပြန်ပြော၍တရားမှတ်နေခဲ့သည်…မုဆိုးမသည်ညည့်မှောင်လာသည်နှင့်အမျှစိုးရိမ်ပူပန်စိတ်တွေလည်း
ပိုမိုလာခဲ့သည်…နှလုံးသားတွင်မီးမြှိုက်သလိုခံစားလာရသောအခါတွင်လူတစ်ဦးသူမနှင့်ဆာဒူးကြီးနားကိုရောက်
လာသည်…အကျိုးအကြောင်းမေးသောအခါတွင်မုဆိုးမကပြောပြပြီးလျင်ဆာဒူးကြီးကမူတစ်ခွန်းတစ်ပါဒမျှဝင်
မပြောပေ…အကျိုးအကြောင်းမေးမြန်းသောလူကြီးထွက်သွားပြီးများမကြာမီ..လှည်းသုံးစီးစာမျှသောစားစရာ.
.အ၀တ်အထည်နှင့်အသုံးအဆောင်ပစ္စည်းတို့သည်မုဆိုးမနှင့်ဆာဒူးကြီးရှိရာကိုရောက်လာခဲ့သည်…ထိုလှည်း
၃စီးသည်မုဆိုးမအတွက်ဖြစ်သည်..ပို့စေသောသူမှာသူမတို့အားအကျိုးအကြောင်းမေးမြန်းသည့်မိမိမြို့ရွာကို
လှည့်လည်စစ်ဆေးနေသောမြို့စားကြီးဖြစ်သည်…မုဆိုးမသည်ဆာဒူးကြီးအားပြစ်တင်ပြော
ဆိုလေသည်…ထိုအခါဆာဒူးကြီးကမုဆိုးမအား“သင်၏စိတ်တွင်သင်သည်ချမ်းသာကိုအမှန်လိုအပ်နေသော
အချိန်တွင်ချမ်းသာသည်သင့်ထံသို့ရောက်လာခြင်းဖြစ်သည်”ဟုပြန်ပြောလေသည်။
အထက်ပါအကြောင်းအရာသည်ပုံပြင်တစ်ခုသာဖြစ်ပါသည်…စိတ်အားထက်သန်မှုသည်မည်မျှအရေးပါသည်
ကိုဖော်ပြထားသောအကြောင်းအရာတစ်ခုလည်းဖြစ်သည်…လက်တွေ့လောကတွင်မိမိတို့၏စိတ်ကူးအိပ်မက်
များကိုအကောင်အထည်ဖော်ရန်ထိုထက်ပို၍လုံ့လဝိရိယနှင့်စိတ်အားထက်သန်မှုတို့ကိုလိုအပ်ပါသည်။
ကျွန်ုပ်တို့သည်မအိပ်စက်ပဲမက်ခဲ့သောအိပ်မက်များရှိခဲ့ပြီးကြပြီဖြစ်သည်…နောက်နောင်တွင်လည်းစိတ်ကူးယဉ်
အိပ်မက်များကိုမြင်မက်နေကြဦးမည်ဖြစ်သည်။.မိမိတို့နေထိုင်ရာပတ်ဝန်းကျင်နှင့်နေရာဒေသများတိုးတက်
ကြီးပွားလာကြစေရန်၎င်း..မိမိတို့ဖြစ်လိုမှုများကို၎င်း..ယင်းတို့နှင့်ပတ်သက်သောအိပ်မက်များကိုဆက်လက်၍
လည်းမက်နေသင့်သည်…ထို့အပြင်ထိုမက်နေခဲ့သောအိပ်မက်များကိုအသက်သွင်း၍အကောင်အထည်ပေါ်ရန်
လည်းထက်သန်သောဆန္ဒများကျွန်ုပ်တို့ကြိုးစားသင့်ကြသည်...ကျွန်ုပ်တို့မြင်
မက်ခဲ့ကြသောအိပ်မက်များသည်အနာဂါတ်ကာလတွင်အမှန်တကယ်အကောင်အထည်မပေါ်လာနိုင်ဘူးဟု
မည်သူပြောနိုင်ပါမည်နည်း…
**ပျိုးယုဝသုန်**

No comments:
Post a Comment