Zombie (ဖုတ်ကောင်) (ဟေတီဘာသာစကားဖြင့် Zonbi ၊ အာဖရိကတိုက် အင်ဂိုလာနိုင်ငံ အနောက်မြောက်ပိုင်းရှိ Mbundu ဘာသာစကားဖြင့် Nzumbe) ဆိုသည်မှာ လူသေကောင်အား စုန်းအတတ်၊ မှော်ပညာတို့ဖြင့်အသက်ပြန်လည်သွင်းပြီး ရှင်သန်ထမြောက်လာသော အလောင်းကောင်ကိုဆိုလိုသည်။ ထို့ပြင်အိပ်မွေ့ချခံထားရပြီး လမ်းလျှောက်နိုင်၍ ပတ်ဝန်းကျင် စေ့ဆော်မှုကို သိရှိသော်လည်း သတိလက်လွတ်ဖြစ်ကာ မိမိကိုယ်ကိုသတိမထားနိုင်သော သူများကိုလည်း Zombie ဟု သုံးနှုန်းသည်။ အဆိုပါ Zombie များသည် ၁၉ ရာစုမှစ၍ ထင်ရှားလာပြီး အထူးသဖြင့် ဥရောပနှင့် မြောက်အမေရိကဒေသတို့၏ ရိုးရာပုံပြင်များတွင် ဖုတ်ကောင်များအကြောင်း အများအပြားပါရှိခဲ့သည်။
ယခုခေတ်တွင် Zombie (ဖုတ်ကောင်) များသည် ထိတ်လန့်သည်းဖိုဝတ္ထုများတွင် အများအပြား ပါဝင်လျက်ရှိသည်။ ၁၉၆၈ ခုနှစ်တွင် George A. Romero ရိုက်ကူးသော Night of the Living Dead ဇာတ်ကားမှစတင်၍ လူကြိုက်များခဲ့ပြီး အဆိုပါ Zombie (ဖုတ်ကောင်) များသည် များစွာသော စာအုပ်များ၊ ရုပ်ရှင်များနှင့် ရုပ်သံဇာတ်လမ်းများတွင် ပါဝင်ခဲ့သည်။
လတ်တလောအချိန်တွင် အဆိုပါဖုတ်ကောင်များပါဝင်သော ဇာတ်လမ်းများ၏ ဦးတည်ရာ သည် ပြောင်းလဲလျက်ရှိသည်။ ယခင် ဖုတ်ကောင်ဇာတ်လမ်းများသည် မှော်ပညာနှင့် စုန်းအတတ်များ ပါဝင်ပြီး ဖုတ်ကောင်အနည်းငယ်သာ ပါဝင်သော်လည်း ယခုဖုတ်ကောင်ဇာတ်လမ်းများသည် ဗိုင်းရပ်စ်ပိုး ပြန့်ပွားခြင်း ကြောင့် လူအမြောက်အမြား ဖုတ်ကောင်များ အဖြစ်သို့ ရောက်ရှိသွားသော ဇာတ်လမ်းများသို့ ဦးတည်ချက်ပြောင်းလျက်ရှိသည်။ ထိုသို့ပြောင်းလဲလာခြင်းမှာ လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော အခြေအနေများကိုထင်ဟပ်ပြီး ဖုတ်ကောင်ဇာတ်လမ်းများကို ရေးသားလာသော ကြောင့်ဖြစ်သည်။ ကမ္ဘာပေါ်တွင် AIDS ရောဂါ၊ SARS ရောဂါ နှင့် ကြက်ငှက်တုပ်ကွေးကဲ့သို့သော ဗိုင်းရပ်စ်ပိုးကိုအခြေခံသည့်ရောဂါများ အရှိန်အဟုန်နှင့် ပျံ့နှံလျက်ရှိခြင်းကြောင့် ဖုတ်ကောင် ဇာတ်လမ်းများအား ဗိုင်းရပ်စ်ပိုးအပေါ်အခြေခံ၍ ရေးသားလာကြခြင်း ဖြစ်သည်။ ထို့ပြင် သဘာဝဘေး အန္တရာယ်များ ကျရောက်မှုများပြားလာသောကြောင့် အဆိုပါအန္တရာယ်များကျရောက်လျှင် ကြုံတွေ့ ရမည့်အနေအထားများကိုလည်း ဖုတ်ကောင်ဇာတ်လမ်းများတွင် ထင်ဟပ်ဖော်ပြလျက်ရှိသည်။
ဗိုင်းရပ်စ်ပိုးပျံ့နှံ၍ လူသားများအနည်းငယ်သာကျန်ရှိတော့သည့် အချိန်တွင်ဖြစ်ပေါ် တတ်သော လူသားတို့၏စိတ်ခံစားချက်၊ အနာဂတ်ရည်မှန်းချက်များ ပျောက်ဆုံးပြီး ဘေးအန္တရာယ်များ နှင့် ရင်ဆိုင်ရချိန်တွင် ဖြစ်ပေါ်တတ်သော လူသားတို့၏အနေအထား ၊ စိတ်ခံစားချက်နှင့် အန္တရာယ် ကျရောက်ချိန်တွင် သူတစ်ပါးအား ကူညီတတ်သော ကိုယ်ချင်းစာစိတ်ဓာတ်၊ ခေါင်းဆောင်မဲ့ နေချိန်တွင် ဦးဆောင်နိုင်မည့် ခေါင်းဆောင်ကောင်းအား ရှာဖွေခြင်းအစရှိသည့် လူသားတို့၏ ကမ္ဘာပျက်စီးသွားသော အခြေအနေ (Apocalyptic Event) တွင် လူသားတို့ ဘ၀ပြန်လည်ဦးမော့လာ စေရန် ထားရှိအပ်သော ရှင်သန်လွတ်မြောက်ရေးမူဝါဒ (Survivalism) ကို အဆိုပါ ဖုတ်ကောင် ဇာတ်လမ်းများတွင် အများအပြားမြင်တွေ့ရသည်။
ထို့ပြင် ဖုတ်ကောင်အန္တရာယ်များကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်စေ ကမ္ဘာကြီးပျက်စီးလုနီးသော ၀ရုန်းသုန်းကား အခြေအနေမျိုးဖြစ်ပေါ်ပြီး လူသားများ အတိဒုက္ခ ရောက်ချိန်တွင် တစ်ဦးပေါ်တစ်ဦးကူညီစောင့်ရှောက်ခြင်း၊ ကိုယ်ချင်းစာစိတ်ထားရှိခြင်း၊ မိမိ တစ်ဦးတည်းကောင်းစားရေးကိုမကြည့်ဘဲ အခြားသူများအတွက် အနစ်နာခံဆောင်ရွက်ပေးခြင်း အစရှိသည့် ခေါင်းဆောင်ကောင်းစိတ်ဓာတ်များထားရှိရန် လိုအပ်ခြင်းသည်လည်း ဖုတ်ကောင် ဇာတ်လမ်းများကို ကြည့်ခြင်းဖြင့်သိရှိရသည်။ ထို့ကြောင့် ဖုတ်ကောင်ဇာတ်လမ်းများသည် ယခင်ကဲ့သို့ စိတ်ကူးယဉ်ဇာတ်လမ်းများမဟုတ်ဘဲ ကမ္ဘာပေါ်တွင် လက်ရှိကြုံတွေ့နေရသော ပြဿနာများကို ထင်ဟပ်ဖော်ပြလျက်ရှိသောကြောင့် သိရှိနားလည်ထားသင့်သော အကြောင်းအရာ ဇာတ်လမ်းများ ဖြစ်ပါကြောင်း ဖော်ပြလိုက်ပါသည်။
Zombiemyanmarblog အား ၀င်ရောက်ကြည့်ရှုလိုပါက အောက်ပါ link မှတစ်ဆင့်ဝင်ရောက်နိုင်ပါသည်။
http://zombiemyanmar.blogspot.com/

No comments:
Post a Comment