ရွေးချယ်ခြင်းဆိုတာ အများထဲက မိမိလိုချင်တာတစ်ခုကို ရှာဖွေပြီး၊ မိမိအနှစ်သက်ဆုံး၊ မိမိနဲ့ အံဝင်ခွင်ကျ အဖြစ်ဆုံး၊ မိမိနဲ့ လိုက်လျောညီထွေအဖြစ်ဆုံးကို ရွေးယူလိုက်ခြင်းလို့ ယေဘူယျ သတ်မှတ်မိပါတယ်။ ရွေးချယ်ခံရတဲ့ အရာများကလည်း အရည်အသွေးကို လိုက်လို့ တန်ဘိုးသတ်မှတ်ချက်တွေ ရှိထားပြီး ဖြစ်နေမယ်လို့ ထင်ပါတယ်။
ရွေးချယ်သူနဲ့ ရွေးချယ်ခံရသူများဟာ သက်ရှိများဖြစ်နေနိုင်သလို၊ သက်မဲ့များလည်း ဖြစ်နေနိုင်ပါသေးတယ်။ အနည်းစုက အများထဲကနေ ရွေးချယ်နိုင်သလို၊ အများစုက အနည်းထဲကနေ ရွေးချယ်တာမျိုးလည်း ရှိနိုင်ပါတယ်။
အလွယ်ဆုံး ဥပမာနဲ့ စဉ်းစားကြည့်ရင် ဈေးသွားလို့ ပစ္စည်းတစ်ခုသွားဝယ်တဲ့အခါ ၀ယ်သူက သက်ရှိ ရွေးချယ်သူတစ်ဦး ဖြစ်ပြီး၊ ပစ္စည်းအများစုထဲကမှ အနှစ်သက်ဆုံးတစ်ခုကို ရွေးချယ်ဝယ်ယူပါတယ်။ ဒီတော့ အနည်းစုက ရွေးချယ်သူဖြစ်နေပြီး၊ ရွေးချယ်ခံရတဲ့ ပစ္စည်းက အများစု ဖြစ်နေတတ်ပါတယ်။ ဒီလို ရွေးချယ်မှုမျိုးက မိမိအတွက် အတ္တစွက်နေတဲ့ ပုဂ္ဂလဆန်ဆန် ရွေးချယ်မှုလို့ ဆိုလို့ရမယ် ထင်ပါတယ်။ ရွေးချယ်သူတစ်ဦးထဲရဲ့ စိတ်ဆန္ဒ တစ်ခုထဲ၊ ဆုံးဖြတ်ချက် တစ်ခုထဲနဲ့ ရွေးချယ်ခဲ့ကြတာပါ။ လက်တွေ့ဘ၀တွေမှာ ပညာရေး၊ ကျန်းမာရေး၊ အချစ်ရေး၊ စီးပွားရေး၊ အလုပ်အကိုင် စသဖြင့် ပုဂ္ဂလဆန်တဲ့ ရွေးချယ်မှုများစွာကို ကြုံတွေ့ခဲ့ဘူးကြမှာပါ။ ဒီလို ရွေးချယ်မှုမျိုးက မိမိအတွက်နဲ့ မိမိရဲ့ ပတ်ဝန်းကျင် အ၀န်းအ၀ိုင်းလေးကိုပဲ ကိုယ်စားပြုစေပါတယ်။
အများစုက အနည်းစုကို ရွေးချယ်တာမျိုးကြပြန်တော့ ပိုမိုကျယ်ပြန့်ပြီး အများနဲ့သက်ဆိုင်တဲ့၊ အများအတွက် ကိုယ်စားပြုတဲ့ အတ္တမဖက်တဲ့ ရွေးချယ်မှုမျိုး ဖြစ်နေတတ်ပါတယ်။ လွတ်လပ်စွာ စဉ်းစားတယ်၊ လွတ်လပ်စွာ တွေးခေါ်သုံးသပ်ပြီးတော့ ရွေးချယ်တာခြင်းအတူတူ ဒီလို ရွေးချယ်မှုတွေက မိမိနဲ့ မိမိရဲ့ အ၀န်းအ၀ိုင်းသာမက၊ လူ့ဘောင်ကိုပါ သက်ရောက် အကျိုးပြုစေပါတယ်။ အများနဲ့ ကစားတဲ့ ကစားပွဲတွေ၊ လူ့အဖွဲ့အစည်းတွေမှာ ခေါင်းဆောင် တစ်ယောက်ကို သူ့အရည်အချင်း အပေါ်လိုက်လို့ အများက သတ်မှတ်ပြီး ရွေးချယ်ကြရပါတယ်။ အများရဲ့ဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ပေးတာမို့ ရွေးချယ်ခံရသူဟာ အားလုံးရဲ့ စံပြဖြစ်နေပြီး၊ အားလုံးရဲ့ အားကိုးခြင်း ခံရသူဖြစ်နေပါတယ်။ ဂုဏ်ယူစရာကောင်းတဲ့ ရွေးချယ်ခံရမှုဖြစ်ပြီး၊ ထိုက်တန်တဲ့ တာဝန်ဝတ္တရားတွေနဲ့ ရွေးချယ်သူများကို ပြန်လည် တုန့်ပြန်ကြရမှာမလွဲပါဘူး။ တကယ်တော့ အများစု တစ်ယောက်ချင်းစီရဲ့ နှစ်သက်ရွေးချယ်မှုကို ခံရဖို့ဆိုတာ နည်းတဲ့ တန်ဘိုးတစ်ခုမဟုတ်ပါဘူး။
မွေးရာပါ အခွင့်အရေးအရ အားလုံးဟာ လွတ်လွတ်လပ်လပ် တွေးခေါ်ဆုံးဖြတ်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်ခွင့် ကိုယ်စီကိုယ်ငှ ရှိနေကြပါတယ်။ လူဆိုတာမျိုးက ဘာလေးဘဲရရ၊ ဘာလေးဘဲဝယ်ဝယ် လူ့သဘာဝအရ ရွေးချယ်ချင်တတ်တဲ့ ဥာဉ်လေးရှိကြတယ်။ ဆင်ခြင်ဉာဏ်နဲ့ သေချာသုံးသပ်ပြီး၊ မှန်ကန်တဲ့ ရွေးချယ်မှုမျိုးကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ အရွေးမှားလို့ ပေးဆပ်လိုက်ရတဲ့ ဆုံးရှုံးမှုဆိုတဲ့ ၀န်ထုတ်ဝန်ပိုးကြီးကို၊ ရွေးချယ်ခဲ့သူများ ကိုယ်တိုင်ကပဲ ရွက်ယူထားရမယ်ဆိုတာ သတိချပ်သင့်ပါတယ်။ တစ်ခါတစ်ရံ ရွေးချယ်ဖို့ အခွင့်အရေး မရလိုက်ခင်မှာပဲ၊ ရွေးချယ်သွားခြင်း ခံသွားလိုက်ရတာမျိုး ရှိနေတတ်တာမို့ သေသေချာချာ သတိထားပြီး ဆင်ခြင်သင့်ပါတယ်။
အသက်ရှင်သန်နေထိုင်သမျှ ကာလပတ်လုံး၊ ရွေးချယ်မှုတွေနဲ့ ကြုံတွေ့နေရဦးမှာပါ။ အားလုံး မှန်ကန်တဲ့ ရွေးချယ်မှုရဲ့ ရလဒ်ဆိုတာကို တန်ဘိုးထားတတ်ပြီး၊ နားလည် သဘောပေါက်နေဖို့တော့ လိုပါလိမ့်မယ်။
အမှန်ဆိုတာ ကောင်းသောအမှု ပြုခြင်း၊ ကောင်းသော လုပ်ဆောင်မှု လုပ်ခြင်းလို့ သိထားပါတယ်။ အမှန်တရား၊ အမြင်မှန်၊ မှန်ကန်ခြင်း၊ မှန်တာလုပ် ဟုတ်တာပြောစတဲ့ အမှန်နဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေလဲ ရှိပါတယ်။ အမှန်တရားဆိုတာ ဖုံးကွယ်လို့မရလို့ ပြောကြသလို၊ အမှန်တရားနဲ့ ပတ်သက်လာရင် ပြောရဲရ၊ ဆိုရဲရ၊ လုပ်ရဲရမယ်ဆိုတာပါ သိလာရပြန်တယ်။
ငယ်ငယ် ကလေးဘ၀က သင်ခန်းစာတွေ မှန်လို့၊ ဆရာမက မှင်နီလေးနဲ့ ခြစ်ပေးတဲ့ အမှန်လေးတွေများ ရလာခဲ့တဲ့အခါ အင်မတန်မှ ၀မ်းသာကျေနပ်မိရတယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုအတွက် အသိအမှတ်ပြုတဲ့ လက္ခဏာလို့ စိတ်ထဲ စွဲထင်ရသလို၊ အမြဲတမ်း အမှန်ခြစ်ထားလေးတွေ လိုချင်တတ်လာခဲ့တယ်။ အချိန်တန် အရွယ်ရောက်လာချိန်မှာတော့ ငယ်စဉ်က ဆရာမ အမှတ်ခြစ်ပေးသလို ကျောင်းစာအုပ်ထဲက အမှန်တွေမျိုး မရတော့ပေမယ့်၊ အမှန်ဆိုတာ ကိုယ်တိုင် တည်ဆောက်ယူမှ၊ ကိုယ်တိုင် ရှာဖွေယူမှ ရမယ့်အရာလို့ သိလာရတယ်။ အမှန်ရဲ့ တန်ဖိုးနဲ့အတူ၊ အမှန်ရဲ့ မှတ်ကျောက်တင် ခံနိုင်ရဲတဲ့ ဂုဏ်၊ သိက္ခာက ဘာလဲဆိုတာပါ သိလာရပြန်တယ်။
အမှန်တွေက တန်ဘိုးရှိတယ်။ အမှန်တွေ ရွေးချယ် ရေးခြစ်နိုင်ဖို့ အရေးကြီးတယ်။ အမှန်တွေက ဘ၀ပေါင်းများစွာကို အများကြီး ပြောင်းလဲပစ်နိုင်စွမ်းရှိကြသလို အများကြီး မြှင့်တင်နိုင်စွမ်းလည်း ရှိပြန်တယ်။ ဒါကြောင့်မို့ အမှန်တွေကို ရင်ထဲ အသည်းထဲက အူလှိုက်သည်းလှိုက် တန်ဘိုးထားစေချင်တယ်။

အမှန်ရဲ့ လက္ခဏာက သိသာထင်ရှားတယ်။ အမှန်ကို ဖုံးကွယ်လို့ မရဘူး။ အမှန်ရဲ့သဘောကိုက ပကတိ ထင်သာမြင်သာတယ်။ အမှန်မှာ ဖန်တီးရယူထားခြင်းမရှိဘူး။ အမှန်ရဲ့ ပင်ကိုယ်ဂုဏ်က ရိုးသားပြီးသား။ အမှန်ဟန်ဆောင်ပြီး အမှန်ကို ရယူနေရင်လဲ ဟန်ဆောင်အမှန်တွေက သပ်သပ်၊ တကယ့်အမှန်တရားတွေက သပ်သပ်၊ သိသာ ထင်ရှားနေတာပါဘဲ။ ဘာလို့လည်းဆိုတော့ အဖြူအစပေါ် အမည်းစက်တစ်စက် သွားစင်လိုက်သလို အတိုင်းသား ပေါ်လွင်နေလို့ပါဘဲ။ အမှန်ကဲ့သို့ ဟန်ဆောင်ထားတဲ့ အမှန်များကတော့ အမှန်စစ်စစ်မဟုတ်ပဲ အမှန်တုများသာ ဖြစ်နေမှာပါဘဲ။ အဲ့ဒါကိုတော့ သတိမူကြဖို့ လိုပါတယ်။
ဒါကြောင့်…
သေသေချာချာ စဉ်းစားပါ။
စဉ်းစားပြီးရင် သေသေချာချာ ရွေးချယ်ပါ။
သေသေချာချာ ရွေးချယ်ပြီးပြီဆိုရင်တော့….
ဘာမှ တွေဝေမနေပါနဲ့တော့..။
ရဲရဲဝံ့ဝံ့နဲ့သာ အမှန်ကို ခြစ်ပစ်လိုက်ကြပါ။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
Posted မြသွေးနီ

No comments:
Post a Comment