ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်၊ ဖုတ်ဖရမြို့နယ် ၃၇ ကီလိုမီတာ၊ တနှစ်ပတ်လုံး မုန်လာဥ စိုက်ပျိုးထုတ်လုပ်ရာ လုပ်ငန်းခွင်တနေရာ၌ မော်တော်ယာဉ်မတော်တဆဖြစ်ပြီး မြန်မာအလုပ်သမား ၈ ဦးဒဏ်ရာရှိကာ ထိုအထဲတွင်မှ တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
ယမန်နေ့ ညနေ ၅ နာရီခန့်တွင် မုန်လာဥနူတ်ပြီးကားပေါ်တင်ကာ ပြန်လာကြချိန်မှာ ဖုတ်ဖရမြို့နယ် ၃၇ ကီလိုမီတာ၊ ထိုင်းစာသင်ကျောင်းအနီး၌ ကားမှောက်ကာ လိုက်ပါလာကြသော မြန်မာအလုပ်သမား ၈ ဦးစလုံးဒဏ်ရာကိုယ်စီရရှိခဲ့ကြသည်။ ၄င်းတို့ကို အလုပ်ရှင် အမျိုးသမီးက တစ်နာရီခန့် နောက်ကျပြီးမှ ဖုတ်ဖရမြို့နယ် ဆေးရုံသို့ ပို့ခဲ့ကြောင်း၊ ၄င်းတို့ထဲတွင် ဒဏ်ရာပြင်းထန်သော ကိုစိုးမင်းဦး (၃၂) နှစ်အား ယမန်နေ့ ည (၉) နာရီကျော်တွင် မဲဆောက်ဆေးရုံကြီးသို့ လွှဲပြောင်းရာ မကြာမီတွင် သေဆုံးသွားကြောင်း ကာယကံရှင် အလုပ်သမားများက ပြောပြသည်။ ဤအလုပ်သမား ၈ ဦး အမှုနှင့် သေဆုံးရသူ ကိုစိုးမင်းဦး (၃၂) နှစ်တို့၏ အလုပ်သမားဆိုင်ရာ ရပိုင်ခွင့်များအတွက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥပဒေ အထောက်အကူပြုဌာန (LLC) နှင့် ဆက်စပ်ဆောင်ရွက်သွားရန် ပြင်ဆင်လျက်ရှိသည်။ ကွယ်လွန်သူ ကိုစိုးမင်းဦးတွင် ဇနီး မခင်မာချိုနှင့် ၁၀ နှစ်သားအရွယ်သားတစ်ဦး၊ ၅ နှစ်အရွယ်သားတစ်ဦးတို့ရှိသည်။
(ဖုတ်ဖရမြို့နယ် ၃၇ ကီလိုမီတာမှ သီးနှံစိုက်ခင်းတစ်ခုပုံ)
လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကာကွယ်ရေးဥပဒေ (ခေါ်) လျော်ကြေးဥပဒေ (BE-2537) အရ အလုပ်သမားတစ်ဦး လုပ်ငန်းခွင်အတွင်း မည်သည့် မတော်တဆမှုဖြင့် ဖြစ်စေ၊ သေဆုံးရပါက လျော်ကြေးငွေ တစ်သိန်းဘတ်၊ သင်္ဂြိုလ်စရိတ် ၂ သောင်း ပေးရန် ပြဌာန်းထားသည်။
သတင်း- သောင်ရင်းနဂါး
(၃၇ ကီလိုမီတာ၊ တနှစ်ပတ်လုံး မုန်လာဥ စိုက်ပျိုးထုတ်လုပ်ရာ လုပ်ငန်းခွင်)

No comments:
Post a Comment