ဇေတဝန်ကျောင်းကို သွားတော့ ဒုလ္လဘတစ်ပါးက အရင်က
ဘောလုံးသမားမျိုးလှိုင်ဝင်းနဲ့ ဝင်းအောင်တို့အကြောင်းကို ပြောတယ်။
အဲဒီတုန်းက ဝင်းအောင်က ဆောက်လုပ်ရေးမှာ ကန်တယ်ထင်တာပဲ။ ကာကွယ်ရေးနဲ့
ဖလားလုတော့ သန်းရွှေကြီးက သူ့ကို ဖလားပေးရမယ်၊ ဆောက်လုပ်ရေးရှုံးအောင်
ကန်ရမယ်ဆိုပြီး အမိန့်ထုတ်ရော။ ဝင်းအောင်က လုပ်ပွဲမကန်ဘူး။
အခွင့်အရေးရတာနဲ့ ခေါင်းတိုက်သွင်းလိုက်တယ်။ ကာကွယ်ရေးက
ကိုယ့်ဂိုးပေါက်ကို မကာနိုင်တော့ ဂိုးဝင်သွားရောသတဲ့။
အာဏာရှင်နိုင်ငံဆိုတော့ ဝင်းအောင် ဘာဖြစ်သွားမလဲ စဉ်းစားစရာတောင်
မလိုဘူး။ အဲဒီတုန်းကစပြီး သူက မြန်မာ့လက်ရွေးစင် မဖြစ်တော့ဘူးပြောတာပဲ။
သူ့ဘဝက ငုပ်လိုက်ပေါ်လိုက်နဲ့ပေါ့။ မြန်မာနိုင်ငံမှာ လူကောင်းဖြစ်ရတာ
မလွယ်ပါလားနော်လို့ ဒုလ္လဘက ငြီးရှာပါတယ်။ စာရေးသူကတော့ သူ့ကို ဒီလိုပဲ
ပြောလိုက်တယ်။ "အော် အရှင်ဘုရားရေ ခေတ်ပျက်မှာ လက်ရွေးစင်
သွားဖြစ်တာကိုး၊ ခေတ်ပျက်လက်ရွေးစင် သေပွဲဝင်ရမြဲပါပဲ"။
ဘာကြောင့် ဒီလိုပြောရတာလဲ။ မြန်မာအသင်းနဲ့ ထိုင်းအသင်းကန်ယင်
ထုံးစံအတိုင်း မြန်မာအသင်းကို အားပေးကြတာပေါ့။ မျိုးလှိုင်ဝင်းနဲ့
ဝင်းအောင် တိုက်စစ်အတွဲကို အားကိုးရတာပေါ့။ ဒါပေမယ့်
နောက်တန်းနဲ့အလယ်တန်းမှာ တပ်က ရွေးပေးလိုက်တဲ့
ဘောလုံးသမားတွေပဲရှိတယ်ဆိုတော့ ဘောလုံးက ရှေ့ကို မရောက်ဘူး။ ဘောလုံးမရတဲ့
တိုက်စစ်မှူးတွေက ဂိုးသွင်းစရာ ဘယ်ရှိတော့မလဲ။
နိုင်ငံရေးမှာလည်း ဒီလိုပါပဲ။ အခုလောလောဆယ်မှာ အမေရိကန်နိုင်ငံရေးမှာ
ခေတ်ပျက်လက်ရွေးစင်တစ်ဦး ရှိပါတယ်။ အဲဒါကတော့ အမေရိကန်သမ္မတ
မစ္စတာအိုဘားမားပါပဲ။ အိုးဘားမားဆိုတော့ ဘားမားအတွက်
လက်ကီးရှိမယ့်သမ္မတဆိုပြီး မြန်ပြည်သားတွေ အားပေးခဲ့ရပါတယ်။ ဒါပေမယ့် သူ
တက်ခါစက ကာတွန်းတစ်ပုံကို မှတ်မိတယ်။ ကားအစုတ်တစ်စီးပါ။ သက်တမ်းပြည့်လေသူ
သမ္မတဟောင်းဂျော့ဂ်ျဒဗလျူဘုရှ်က ကားစုတ်ဘေးနားကနေ
ထွက်သွားတော့မယ့်ဟန်ပြနေ၊ သမ္မတသစ်အိုဘားမားက သူ့အနားမှာ ရပ်နေ၊ ဘုရှ်က
ကားစုတ်သော့ကို အိုဘားမားကို ပေးနေပုံဖြစ်တယ်။
အခု သမ္မတအိုဘားမားရဲ့ ပထမသက်တမ်း ပြည့်ခါနီးပြီ။ သမ္မတဟောင်းဘုရှ်
ထားခဲ့တဲ့ ကားစုတ်ကို မပြင်နိုင်သေးပါ။ အမေရိကန်လွှတ်တော်မှာလည်း
ရီပတ်ဘလီကန်နဲ့ဒီမိုကရက်တို့က လွန်ဆွဲရင်းနဲ့ လေးနှစ်သက်တမ်းက
ကုန်သွားရတော့မယ်။ ဒီမိုကရက်တွေရဲ့ အဓိကဦးစားပေးဖြစ်တဲ့
ကျန်းမာရေးဝန်ဆောင်မှုကို မပျက်ပျက်အောင် ရီပတ်ဘလီကန်တွေက ဖျက်ခဲ့သလို
ရီပတ်ဘလီကန်တွေ တင်တဲ့ အမေရိကန်ကနေဒါ
လွန်ပျံရေနံပိုက်လိုင်းစီမံကိန်းကိုလည်း မပျက်ပျက်အောင် ဒီမိုကရက်တွေက
ဖျက်ခဲ့ပါတယ်။
ဒီတော့ သမ္မတအိုဘားမားက အာဘောင်အာရင်းသန်သန်နဲ့ ကြွေးကြော်ခဲ့တဲ့
ပြုပြင်ပြောင်းလဲရေးဟာ ဘာတစ်ခုမှ ဖြစ်မလာခဲ့ပါဘူး။ သူက မျိုးလှိုင်ဝင်းနဲ့
ဝင်းအောင်တို့လိုပဲ ဂိုးသွင်းဖို့ ဘောလုံးမရဘူးဖြစ်နေတယ်။ ဘောလုံးက
အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်က ကိုင်ကစားထားတာနဲ့ပဲ
အချိန်စေ့တော့မှာဖြစ်တယ်။
အမေရိကန်လွှတ်တော်က ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားတဲ့
ကိုယ်စားလှယ်တွေနဲ့ ရပ်တည်နေတာပါ။ နိုင်ငံရေးကစားချင်တာရှိယင် အဲဒီမှာပဲ
ကစားကြပါတယ်။ သန့်သန့်ရှင်းရှင်းကစားတာပဲဖြစ်ဖြစ်၊ ညစ်ညစ်ပတ်ပတ်
ကစားရတာပဲဖြစ်ဖြစ် အဲဒီလွှတ်တော်မှာပဲ ကစားကြပါတယ်။
အမေရိကန်မှာ တရားရေးမဏ္ဍိုင်ကို တရားသူကြီးချုပ် ကိုင်ထားပါတယ်။
ဥပဒေပြုရေးမဏ္ဍိုင်ကို ကွန်ဂရက်က ကိုင်ထားပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ကို
အစိုးရက ကိုင်ထားပါတယ်။ ဒီနေရာမှာ ကွန်ဂရက်နဲ့တည့်အောင် မပေါင်းနိုင်ယင်
ဘယ်အမေရိကန်သမ္မတမှ မအောင်မြင်ခဲ့ဖူးပါဘူး။ အခု သမ္မတအိုဘားမားက ကားစုတ်ကို
ပြင်ရင်းနဲ့ စီးပွားရေးသမားတွေနဲ့လည်း တည့်အောင် မပေါင်းနိုင်ခဲ့ဘူး။
ကွန်ဂရက်ကိုလည်း မစည်းရုံးနိုင်ခဲ့ဘူး။
(သမ္မတအိုဘားမား နဲ့ ကားစုတ်)

မြန်မာနိုင်ငံကလည်း ကားစုတ်တစ်စီးပါပဲ။ ကားက စုတ်ရုံမကဘူး၊
အင်ဂျင်ကတခြား၊ ဘော်ဒီက တခြား၊ မောင်းသူက တခြား ဖြစ်နေတယ်။ ပြင်ဖို့
မပြောနဲ့။ ရှုပ်ပွနေတဲ့အပုံကြီးထဲက ဘယ်တစ်ခုကို စကိုင်ရမလဲ ဝေခွဲရခက်နေတဲ့
နိုင်ငံတစ်ခု ဖြစ်တယ်။ စက်ပစ္စည်းတွေ၊ ဘော်ဒီတွေကလည်း စစ်လျော်ကြေးရထားတဲ့
၃၇ လိုင်းကားလို သံချေးတွေ တက်ကုန်ပြီ။ မောင်းလို့ ရတဲ့ကားတွေကလည်း
ဘော်ဒီပဲ ရှာဗလေပါ၊ စက်ပစ္စည်းတွေ၊ အချို့ကိုယ်ထည်တွေက တရုတ်မိတ်တွေ
ဖြစ်တယ်။
ဒီတော့ မြန်မာ့လွှတ်တော်ကို ကားစုတ်တစ်စီးလို့ သဘောထားကြည့်ရအောင်ပါ။
၂၀၀၈-ခုဥပဒေဆိုတာ ဒီကားစုတ်ကို မောင်းဖို့ လက်စွဲ manual ပဲပေါ့။ ကားဘီးက
လေမညီဘူး။ စက်ပစ္စည်းထဲက ၂၅ ရာခိုင်နှုန်းက ကားနဲ့ လုံးဝမဆိုင်ဘဲ
ထည့်ထားတယ်။ ကားဘော်ဒီကလည်း 1962 made ဖြစ်နေတယ်။ ကားအသစ်မသွင်းရ၊
ရှိသမျှလူတွေ ဒီကားစုတ်ပေါ်ကိုပဲ လိုက်ကြရမယ်။
ဒီကားစုတ်က စီးလို့ရရ မရရ၊ စီးလို့ရတယ်လို့ အသိအမှတ်ပြုရမယ်။
အသိအမှတ်ပြုရုံနဲ့လည်း မရဘူး။ အန္တရာယ်ရှိရှိ မရှိရှိ၊ လာစီးကြည့်ရမယ်။
ဒီကားကို စီးကြည့်ရင်းနဲ့ ပြင်သင့်တာကို ပြင်ကြပါ။ ဒါပေမယ့် ၂၅
ရာခိုင်နှုန်းကိုတော့ လိုလို မလိုလို မထိရဘူး။ ကားဘော်ဒီကိုလည်း မလဲရဘူး။
အင်ဂျင်ကိုလည်း မဆေးရဘူး။ ဒီကားကို စီးချင်တဲ့ဆန္ဒတူညီတူတွေနဲ့
လက်တွဲလုပ်ဆောင်သွားမယ်။ ဆန္ဒမတူသူတွေကိုတော့ အဖျက်သမားများလို့
သဘောထားမယ်။ ဒီလိုဆိုယင် အဆင်ပြေပါ့မလား။
ဒို့အိမ်မှာ ဒီကားစုတ်ရှိတယ်ဆိုပါစို့။ အိမ်မှာ အမေရှိမယ်၊ အဖေရှိမယ်၊
မောင်နှမတွေရှိမယ်။ ဒီလို တွေးကြည့်ကြရအောင်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို
လူများခေါ်သလို "အမေ"လို့ ခေါ်ပါ။ သမ္မတသိန်းစိန်ကို ကြံ့ဖွတ်တွေ ခေါ်သလို
"အဘ"လို့ ခေါ်ပါ။ တိုင်းရင်းသားခေါင်းဆောင်တွေကို "ညီနောင်"တွေလို့ ခေါ်ပါ။
ဒီကားစုတ်ကို ပြင်ကြည့်ကြရအောင်ပါ။ ကဲ ဘယ်လို ပြင်ကြမလဲ။
အဘကို အဖေလို့ ပြင်ခေါ်ပါရစေ။ အဖေက ဒီလိုပြောမယ်။ ဒီကားစုတ်ကို ပြင်ဖို့
တစိတ်တဝမ်းထဲ ရှိရမယ်။ ဒါကို အမေကလည်း သဘောတူတယ်။ ဒါပေမယ့် သားသမီးတွေက
ဟို ၂၅ ရာခိုင်နှုန်းရှိနေယင် ဒီကားစုတ် ပြင်လို့ရမှာ မဟုတ်ဘူး၊
ဒီကားစုတ်ကို မတွယ်တာချင်ဘူး၊ ဒီကားစုတ်ကို ပြင်မယ့်အစား အသစ်ပဲ ဝယ်ပြီး
ကိုယ်ပိုင်ကားစီးကြမယ်လို့ ပြောတယ်။ အဖေက ပြန်ပြောတယ်။ သားတို့
အိမ်ပြန်လာကြပါ။ တစိတ်တဝမ်းထဲဖြစ်ရအောင် သားတို့အမေဗိုက်ထဲ ပြန်ဝင်ပါ၊
ဆယ်လကြာမှ ပြန်မွေးပေးမယ်၊ အဲဒီအခါကျမှ ဒီကားစုတ်ကို ပြင်ကြတာပေါ့၊
သားတို့ ပြောပြောနေတဲ့ ကားသစ်တွေကိုလည်း ခေတ်နဲ့အညီ ရှိသင့်တယ်လို့ အဖေက
သဘောတူပါတယ်၊ လက်ပ်တော့ပ်တောင် သားတို့ကို ဝယ်ပေးဦးမယ်။
ကဲ ပင်လုံမှာ မွေးခဲ့ပြီးပြီ။ အခုကျမှာ အဲဒီတုန်းက မွေးပုံမွေးနည်းက
မဟန်လို့ အခု ဗိုက်ထဲပြန်ဝင်ပြီး မင့်အမေ ပြန်မွေးခိုင်းရမယ်ဆိုပါလား။
အမေကလည်း သူတို့ကို ဗိုက်ထဲ ပြန်မဝင်စေနဲ့အေ...၊ သူတို့ မွေးရာပါအတိုင်း
နေကြပါစေတော့၊ သူတို့ကို တစိတ်တဝမ်းထဲ ဖြစ်အောင် ကျုပ်လည်း
ဝိုင်းပြောပေးပါ့မယ်၊ တော်လည်း ဒီကားစုတ်ကို ပြင်ပေါ့၊ သူတို့ကိုတော့
အိမ်ရောက်မှ ကြည့်ပြောရတာပေါ့ လို့ ပြောမယ်။ ဒါတောင်မှ အဖေက
"ပြောထားမယ်နော်၊ သူတို့ကို မိုင်ဇီရိုးကား ဝယ်မပေးဘူး၊ သူတို့က
ကားအသစ်ကို ရယင် ကျုပ်ကားစုတ်ကို ဘယ်စီးချင်တော့မလဲ၊ အလွန်အကျွံ
မလုပ်နဲ့၊ အိမ်စောင့်နတ် မကြိုက်ဘူး၊ မတတ်သာလို့ သူတို့ကို ဝယ်ပေးရယင်
ဆော့ဖို့ ပလစ်စတစ်ကားပဲ ဝယ်ပေး ရှင်မရေ...." ဒီလို ပြောခဲ့မယ်။
မိဘစကားဆိုတော့ သားသမီးတွေက အတော်များများ နားထောင်ကြရတာပေါ့။
နားထောင်ကြလို့လည်း အချို့က အိမ်ပြန်လာကြပြီ။ အချို့ကျတော့ အမေကို
ချစ်ပေမယ့် အမေ့ဗိုက်ထဲ ပြန်ဝင်ရမှာကို လန့်တယ်လေ။ ပြန်မလာဝံ့ဘူး။ အဲဒီ
ပြန်မလာတဲ့ ကလေးကို တုတ်တစ်ချောင်းမက သေနတ်ပါ ဆွဲပြီး အဖေက
လိုက်ခေါ်နေလေရဲ့။
ကိုင်း...မြန်မာနိုင်ငံရဲ့အဖြစ်သနစ်က ဒီလိုပဲ မဟုတ်လား။
၁။ ကားစုတ်နဲ့တူတဲ့ လွှတ်တော်က သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့
ဘေးထွက်ပစ္စည်းတွေ ထုတ်လုပ်နေတယ်။
၂။ မိဘနှစ်ပါးကြားမှာ ဘယ်သားသမီးမှ မကြားရတဲ့ တီးတိုးစကားတွေ ရှိတယ်။
၃။ သားသမီးတွေကလည်း ယုံတဝက်မယုံတဝက်နဲ့ အငြင်းပွားကုန်တယ်။
ဒီလိုမျိုး ကောက်ချက်ဆွဲကြည့်ရအောင်ပါ။
၁။ လွှတ်တော်ကို ဝင်ပြီး ဥပဒေကို ပြင်ခိုင်းခြင်းမှာ ကားစုတ်ကို စီးပြီး
ခရီးရှည်ကြီးကို သွားရတာနဲ့ တူတယ်မလား။
၂။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတသိန်းစိန်တို့ကြားမှာ အပေးအယူရှိတယ်လို့
ကြားဖူးတယ်၊ အခုထိ ဘာမှန်းမသိသေးဘူး။ ဒွတ္တဘောင်မင်းနဲ့
ပန်ထွာဘုရင်မဒဏ္ဍာရီထက် ပဟေဠိဆန်နေတယ်။
၃။ ဒုတိယပင်လုံညီလာခံခေါ်မယ်ဆိုတာ သားသမီးတွေကို ဝမ်းထဲဝင်ခိုင်းပြီး
ပြန်မွေးတာပဲမဟုတ်လား။
ကဲ...ဝမ်းထဲဝင်ပြီးမှ အဖေကလည်း မလှုပ်၊ အမေကလည်း ငုပ်တုပ်၊
အလုပ်မလုပ်ကြဘူးဆိုယင် ဆုံးပြီပေါ့။ တိုင်းရင်းသားပြည်သူများ
သတိထားကြပါကုန်လော့။ ကားစုတ်ကို စီးဖို့ မမက်ကြပါနဲ့။
သတိပေးရုံသက်သက်ပါပဲ။
-ကိုအောင်မျိုးထွန်း ဖေ့ဘုတ်ထဲက ကူးပြီးဖြန့်လိုက်တာပါ၊။
**ကိုပီတာ(စမ်းချောင်း)**

No comments:
Post a Comment