ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 1, 2012

မြန်မာအစိုးရရဲ့ လျှို့ဝှက်စီမံကိန်း(ဘာတေးလ် လစ်တနာ)

>

မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရနဲ့ အရင်အစိုးရတို့ရဲ့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေအပေါ်မှာ နိုင်ငံတကာက ဝေဖန်ပြစ်တင်တာတွေ ရပ်တန့်သွားပြီး ခုချိန်မှာ မြန်မာအစိုးရအတွက် နိုင်ငံတကာမိတ်ဆွေတွေ တိုးပွားနေပါတယ်။

အမေရိကန်အစိုးရနဲ့ ဥရောပသမဂ္ဂအတွင်းက ရန်သူဟောင်းတွေကလည်း အခုအခါ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းသူက ရုပ်သိမ်းကြသလို၊ တချို့ကလည်း ရုပ်သိမ်းဖို့ ပြင်နေကြပြီ။ နိုင်ငံပေါင်းစုံ ဖြန့်ကျက် လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေကလည်း အာရှမှာ နောက်ဆုံး ရင်းနှီးမြုပ်နှံရာ မြန်မာစားကျက်မြေကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ရာ ခြေလှမ်းတပြင်ပြင် ဖြစ်နေပြီ။

သမ္မတသိန်းစိန်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဆိုတာနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကို အနောက်ကမ္ဘာတခုလုံးက ကန့်ကွက်သူ မရှိသလောက်နီးနီး ချီးမွမ်းသြဘာပေးနေကြတယ်။ ဒါပေမယ့် တကယ်တမ်း ဘာတွေ ပြောင်းပါသလဲ။ အဲဒီအပြောင်းအလဲဆိုတဲ့ အပြောတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ။

- ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတွေအပေါ်မှာ ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲခဲ့တာတွေ၊

- ၂၀၀၈ ခုနှစ် အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ နာဂစ်ဘေးဆိုးကာလကြီးရဲ့ အစပိုင်းမှာ အကြင်နာကင်းမဲ့ ရက်စက်တဲ့ တုံ့ပြန်ပုံတွေ၊

- ဒီလူသတ်မုန်တိုင်းကြီး ဖြစ်ပြီးကာစမှာပဲ အခြေခံဥပဒေသစ်နဲ့ ပတ်သက်တဲ့ အတုအယောင် ဆန္ဒခံယူပွဲကြီး ကျင်းပခဲ့လို့ အများက ဝိုင်းဝန်းရှုတ်ချ ပြစ်တင်ခံရတာတွေ၊

- ၂၀၁၀ နိုဝင်ဘာမှာ လုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်း မဲခိုးမဲညစ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့တွေက မဲတွေ သိမ်းကျုံး လုယူသွားတာတွေကို မကြာသေးခင် ကာလကလေးမှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းရှုတ်ချ အပြစ်တင်ခဲ့ကြပါသေးတယ်။

အခုခေတ်စားနေတဲ့ သီအိုရီတခုအရ အစိုးရအဖွဲ့အတွင်းမှာ ခေါင်းမာသူတွေနဲ့ ပြုပြင်ပြောင်းလဲလိုသူတွေ အာဏာလွန်ဆွဲနေကြတယ်လို့ ဆိုပါတယ်။ ခုလောလောဆယ်အထိတော့ ပြုပြင်လိုသူတွေက အသာစီးရနေသေးတယ်လို့လည်း ဆိုကြလေရဲ့။
“ဖက်ဒရယ်မူကို အစိုးရဘက်က ထည့်တောင်မစဉ်းစားဘဲ တောက်လျှောက် တသမတ်တည်း ငြင်းဆန်နေတဲ့ အချက်ဟာလည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူညီချက်ကို တာရှည်တည်တံ့ဖို့ မဖြစ်နိုင်တဲ့အချက် ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာလည်း စစ်တပ်ကို အဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍာန်ကို အခြေခံရေးသားထားပါတယ်။ ဒါ့ကြောင့် လတ်တလော ပြောနေကြတဲ့ “ပြုပြင်ပြောင်းလဲရေး” ဆိုတာနဲ့ ပတ်သက်ပြီး အပျော်လွန်နေတဲ့ ကာလဟာ သိပ်ရှည်ကြာမယ်မထင်ပါဘူး။ စစ်တပ်ကို လွှတ်တော်ထဲမှာ တရားမဝင် ဗီတိုအာဏာတွေ အလွန်အကျွံပေးထားတဲ့ လက်ရှိ အခြေခံဥပဒေကို ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှမဟုတ်ရင် တိုင်းရင်းသားပြဿနာဟာ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။”

အနောက်နိုင်ငံ တော်တော်များများက ဘာပဲလုပ်လုပ် သူတို့လုပ်တဲ့ အလုပ်တိုင်းဟာ ပြုပြင်လိုသူတွေကို ထောက်ခံအားပေးရာရောက်ဖို့နဲ့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်မသွားဖို့ဆိုတဲ့ အချက်အပေါ်မှာ ပေါ်လစီချ ဆောင်ရွက်နေကြတာကလည်း အထင်အရှားပါပဲ။ ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဒီသဘောထားကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အီးယူ ဥရောပသမဂ္ဂ ဥက္ကဌ ဟားမန်းဗန်ရွန်းပါက ဘရပ်ဆဲလ် ထိပ်သီးအစည်းအဝေးမှာ ကြေညာ ပြောဆိုခဲ့ရာမှာ “မြန်မာအစိုးရရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုတဲ့ သန္နိဌာန်ထားရှိဖို့ကိုလည်း တိုက်တွန်းအားပေးပါတယ်” လို့ ပြောခဲ့ပါတယ်။

အဲသလို သူမပြောခင် တရက်အကြိုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါခွင့်ပေးတာ အပါအဝင် မြန်မာနိုင်ငံရဲ့ လောလောဆယ်လုပ်တဲ့ အပြောင်းအလဲတွေကို “အားပေး” ပါတယ်လို့ ပြောခဲ့ပါတယ်။

တချို့လူတွေကတော့ အစိုးရခေါင်းဆောင်တွေကြားက အကွဲအပြဲဆိုတာတွေဟာ ပြည်တွင်းအတိုက်အခံတွေ ငြိမ်နေအောင်၊ အနောက်နိုင်ငံတွေဆီက အရင်ဝေဖန်သူဟောင်းတွေရဲ့ အသံတွေ တိတ်ပြီး နိုင်ငံခြားမိတ်ဆွေတွေ တိုးလာအောင် သူတို့ စစ်ဗိုလ်အချင်းချင်းကြားမှာ လူဆိုးလူကောင်းအုပ်စုခွဲပြီး ဇာတ်တိုက်ကပြနေကြတာလို့ သံသယဝင်ကြပါတယ်။

တချို့ကတော့လည်း သိန်းစိန်အစိုးရဟာ သူတို့ စစ်အာဏာရှင် အသိုင်းအဝိုင်းအတွင်းမှာတောင် သူ့ခြေလှမ်းကို ကြိုမခန့်မှန်းနိုင်လောက်အောင် ဝှက်ဖဲတွေကို ခုချိန်အထိ ပါးပါးနပ်နပ် ကိုင်တွယ်ပြီး ကစားနေတယ်လို့ မြင်ကြပါတယ်။ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို ဆယ်စုနှစ်တွေနဲ့ချီပြီး လေ့လာသူ မြန်မာတယောက်ကတော့ “တကယ်တမ်း အာဏာရှိတာက စစ်တပ်ဗျ။ ဒီမိုကရေစီအစိုးရ ကိုယ်စားလှယ်တွေမှာ ဘာအာဏာမှ ရှိတာမဟုတ်ဘူး” လို့ ပြောပါတယ်။
စနစ်တကျ အကွက်ချထားတဲ့ အစီအမံ

မြန်မာအစိုးရရဲ့ ပေါ်လစီအပြောင်းအလဲနဲ့ ဘာ့ကြောင့် အနောက်နိုင်ငံတွေက ဒီလောက် ထောက်ခံနေကြသလဲ ဆိုတာကို နားလည်နိုင်ဖို့ဆိုရင် ၂၀၀၀ ခုလွန် အစောပိုင်းကာလတွေကို ပြန်ပြောင်းကြည့်ရှုဖို့ လိုပါလိမ့်မယ်။ အဲဒီအချိန်တုန်းက နိုင်ငံတကာရဲ့ အပြစ်တင်မှု၊ ဖိအားပေးမှုတွေရှိနေပြီး အုပ်စိုးသူ စစ်အစိုးရဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ ချီတက်ရာ လမ်းပြမြေပုံ ၇ ချက် ဆိုတာကို ၂၀၀၃ ခု သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။ အဲဒီ လမ်းပြမြေပုံအရ အခြေခံဥပဒေသစ် ရေးဆွဲ၊ ရွေးကောက်ပွဲ ကျင်းပ၊ ပြီးရင် လွှတ်တော်ခေါ်ယူပြီး ခေတ်မီဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်မယ်လို့ ဆိုပါတယ်။

လမ်းပြမြေပုံကို ပြည်သူသိအောင် ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ လျှို့ဝှက်မဟာစီမံကိန်းတရပ်ကို တပြိုင်တည်း ရေးဆွဲခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ဘယ်လိုဆက်ဆံမယ်ဆိုတဲ့ နည်းလမ်းတွေနဲ့ အတိုက်အခံကို ဘယ်လို ဟန့်တားမယ်ဆိုတာတွေ ထည့်သွင်းရေးဆွဲထားပါတယ်။ ဒီအက်စ်အေရဲ့ သုတေသန အရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှူးအောင်ကျော်လှ ရေးသားတယ်ဆိုတဲ့ အဲဒီလျှို့ဝှက်စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပါတယ်။ ဗိုလ်မှူးအောင်ကျော်လှ ဆိုတာ ဘယ်သူလဲဆိုတာတော့ သေသေချာချာ မသိရပါဘူး။

မြန်မာဘာသာနဲ့ ရေးတဲ့ အဲဒီစာတမ်းမှာ မဟာစီမံကိန်းရဲ့ နောက်ကွယ်က သေနင်္ဂဗျူဟာကို သုံးသပ် ဖော်ပြထားပါတယ်။ အောင်ကျော်လှ ဆိုတာဟာ တကယ်ရှိတဲ့ လူတယောက်လား၊ နာမည်ဝှက်လားဆိုတာ သေသေချာချာ မသိရပေမယ့် နာမည်ဝှက်လို့ ယူဆစရာ ရှိပါတယ်။

စာမျက်နှာ ၃၄၆ မျက်နှာရှိပြီး မြန်မာ-အမေရိကန်ဆက်ဆံရေး လေ့လာချက်လို့ နာမည်ပေးထားတဲ့ အဲဒီစာတမ်းမှာ အဓိက ဆွေးနွေးထားတာကတော့ မြန်မာရဲ့ တရုတ်နဲ့ သံတမန်ရေးရာ မဟာမိတ်ဖွဲ့ထားတဲ့ အနေအထားနဲ့ စီးပွားရေး မှီခိုအားထားနေရတဲ့ အခြေအနေဟာ တိုင်းပြည်ရဲ့လွတ်လပ်ရေးကို ခြိမ်းခြောက်ခံနေရတဲ့ အရေးပေါ်အခြေအနေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

ဒီစာတမ်းရဲ့ အကြံပြုချက်အရ၊ လမ်းပြမြေပုံ ၇ ချက်ကို အကောင်အထည်ဖော်၊ အစိုးရတရပ်ကို ရွေးကောက် တင်မြှောက်ခြင်းအားဖြင့် ပြင်ပကမ္ဘာက လက်ခံနိုင်လောက်တဲ့ ပုံစံဖြစ်လာအောင် လုပ်တဲ့နည်းလမ်း ကျင့်သုံးပြီး အနောက်အုပ်စုနဲ့ မြန်မာရဲ့ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရပုံစံနဲ့ အုပ်ချုပ်နေသေးသမျှမှာ အနောက်ကမ္ဘာနဲ့ ဆက်ဆံရေး ပုံမှန်မဖြစ်နိုင်ဘူးလို့ သူတို့အတွင်းစည်းမှာ တွေးခေါ်ယူဆတာကတော့ ထင်ရှားလှပါတယ်။

ဒါ့အပြင် မဟာစီမံကိန်းစာတမ်းမှာ အောင်ကျော်လှ အကြံပေးထားတာက လူ့အခွင့်အရေးပြဿနာကို အနောက်နိုင်ငံတွေက စိုးရိမ်ပူပန်တာမှန်ပေမယ့် အမေရိကန်ဟာ သူတို့ရဲ့ သေနင်္ဂဗျူဟာအတွက် အရေးပါတဲ့ အကျိုးစီးပွားတွေကြောင့် သူတို့မူကို ပြင်ဖို့ ဆန္ဒရှိလိမ့်မယ်လို့ ဆိုထားပါတယ်။ သေနင်္ဂဗျူဟာကျတဲ့ အကျိုးစီးပွားဆိုတာ ဘာတွေလဲ ဆိုတဲ့အချက်ကိုတော့ အတိအကျ ပြောပြမထားပါဘူး။

ဒါပေမယ့် သူတွေးခေါ်ပုံဟာ အမေရိကန်-တရုတ်အားပြိုင်မှုကို အခြေခံပြီး အမေရိကန်နဲ့ ဘုံအကျိုးတူ အခြေခံကို ရှာဖွေတွေ့ရှိနိုင်မယ်လို့ တွေးတာထင်ရှားပါတယ်။ အမေရိကန်ဟာ သေနင်္ဂဗျူဟာအရ အရေးပါတဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်လာရင် ဒီမိုကရေစီနဲ့ ဆန့်ကျင်နေသော်ငြားလည်း သူ့မူဝါဒကို ပြုပြင် အလျှော့ပေးတတ်ကြောင်းကို အောင်ကျော်လှက ဗီယက်နမ်နဲ့ အာဏာရှင်ဆူဟာတို လက်ထက် အင်ဒိုနီးရှားဥပမာတွေနဲ့ ထောက်ပြပြောဆိုပါတယ်။

တကယ်လို့ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်နိုင်ရင် မြန်မာအနေနဲ့ သေလုမျောပါး လိုအပ်နေတဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီက ငွေကြေးအကူအညီကို ရနိုင်မယ်လို့ အဲဒီမဟာစီမံကိန်းက ဖော်ပြပါတယ်။ ဒါဆိုရင် မြန်မာဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ စေတနာနဲ့ ကုန်သွယ်ရေးအပေါ်မှာ မီခိုနေရတဲ့ ဒေသတွင်း နိုင်ငံတနိုင်ငံအဆင့်ကနေ ကျော်လွန်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲကို ဝင်ရောက် နိုင်လိမ့်မယ်လို့ အကြံပြုထားပါတယ်။ မြန်မာဟာ အနောက်နိုင်ငံတွေရဲ့ ယုံကြည်မှုရအောင် တရုတ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆက်ဆံရေးကို မလျှော့ချခင်မှာ ပေါ်ပေါက်လာနိုင်တဲ့ ပြဿနာတွေကိုလည်း မဟာစီမံကိန်းမှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။

အဲဒီစီမံကိန်းကို ရေးဆွဲနေစဉ်ကာလဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ ကာလဖြစ်ပြီး အဲဒီစာတမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သော့ချက်ဖြစ်တယ်လို့ ရေးထားပါတယ်။ သူ့ကို ဖမ်းထားတဲ့ အချိန်တွေမှာ နိုင်ငံရေးဖိအားတွေ ပိုမိုလာပြီး သူ့ကို လွှတ်ပေးထားရင် ဖိအားတွေ လျော့သွားတယ်လို့လည်း သုံးသပ်ထားပါတယ်။ စုကြည်ကို လွှတ်ပေးခြင်းဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးတက်စေလိမ့်မယ်လို့ အစီရင်ခံစာမှာ ရေးထားသလို သူ့ရဲ့ အဆုံးစွန် ရည်မှန်းချက်အဖြစ် ရှင်းရှင်းလင်းလင်း ရေးသားထားတာကတော့ အတိုက်အခံအင်အားစုကို ဖြိုခွဲရေးပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ရေးကို ဆန့်ကျင်တဲ့ အနောက်တိုင်းပညာရှင်တွေကိုလည်း နာမည်နဲ့တကွ ဖော်ပြပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်ကတော့ သြဇာရှိတဲ့ အမေရိကန် ကွန်ဂရက်စ်အမတ်တွေရဲ့ နောက်ခံ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ခင်မင်ရင်းနှီးသော အိန္ဒိယသံတမန်များက အကူအညီပေးပါလိမ့်မယ်လို့ ဆိုထားတဲ့ အချက်ဖြစ်ပါတယ်။

စာတမ်းမှာ အဆုံးသတ် ကောက်ချက်ချထားတာကတော့ အစိုးရဟာ မီဒီယာတွေနဲ့ ပြည်ပရောက်အတိုက်အခံတွေ ဖွဲ့ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ယှဉ်နိုင်မှာ မဟုတ်ပေမယ့် အမေရိကန် နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေကို မြန်မာနိုင်ငံလာဖို့ ဖိတ်ကြားလိုက်ရင် နိုင်ငံတကာရဲ့အမြင်ကို အစိုးရဘက်ပါလာအောင် တဖြည်းဖြည်း ပြောင်းလဲနိုင်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ အမေရိကန်အများအပြားဟာ မြန်မာနိုင်ငံထဲကို ရောက်လာကြပြီး ပြန်သွားတဲ့အခါ အရင်ကထက် ဝေဖန်တဲ့အသံတွေ တဖြည်းဖြည်း ပျော့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ အမေရိကန်နဲ့ ထိတွေ့ဆက်ဆံရေးမှာ အပေးအယူ အပြန်အလှန်ဆိုတဲ့ အခြေအနေမဟုတ်ဘဲ အသာစီးရတဲ့ အခြေအနေဖြစ်အောင် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
တရုတ်ကြောက်ရောဂါ

အောင်ကျော်လှရဲ့ ဒီစာတမ်းဟာ တရုတ်နဲ့ နီးနီးစပ်စပ် ဆက်ဆံနေရတဲ့အပေါ် စစ်အစိုးရရဲ့ မနှစ်သက်မှုကို ပထမဆုံး ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။ တရုတ်နဲ့ နီးစပ်လာတာဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုတဲ့ လူထုလှုပ်ရှားမှုကြီးကို သတ်ဖြတ်နှိမ်နင်းမှုနဲ့ တခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အနောက်နိုင်ငံတွေက မြန်မာနဲ့ ဆက်ဆံရေးကို လျော့ချလိုက်တာကလည်း အကြောင်းတကြောင်းအနေနဲ့ တစိတ်တဒေသအားဖြင့် ပါဝင်ပါတယ်။ တရုတ်နဲ့ ဆက်ဆံရေး ပိုပြီးဆိုးလာတာကိုတော့ ၂၀၁၀ ခုနှစ်အတွင်း စစ်တပ်အတွင်းမှာပဲ ဖြန့်ဝေဖတ်ရှုတဲ့ အစီရင်ခံစာတွေကို ဖတ်ကြည့်ရင် ပိုပေါ်လွင်လာပါတယ်။

အဲဒီကာလအထိ တရုတ်ကို အားကိုးထိုက်တဲ့ မိတ်ဆွေလို့ ချီးမွမ်းပြောဆိုမှုတွေ ဆက်ရှိနေသေးပေမယ့် သစ်တောသယံဇာတတွေကို မတော်မတရား ရယူမှု၊ မူးယစ်မှောင်ခိုကုန်သွယ်ရေးကို ဆိုးဝါးစေမှု အပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဆိုးဆိုးဝါးဝါးကိစ္စအများစုမှာ တရုတ်ဟာ ဇစ်မြစ်အကြောင်းတရား ဖြစ်သလားဆိုတာကို တဖြည်းဖြည်း သုံးသပ်စပြုလာတယ်။ မြန်မာနိုင်ငံမှာ အဓိက မူးယစ်ဆေးဝါး ကုန်သွယ်ရေးလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ တရုတ်ကြား ရင်းရင်းနှီးနှီး ဆက်သွယ်ပတ်သက်နေတာကိုလည်း နေပြည်တော်အစိုးရ အာဏာပိုင်တွေအနေနဲ့ သတိမပြုမိစရာ အကြောင်းမရှိဘူး။

အဲဒီ့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ ဒေါ်လာ သန်း ၃,၆၀၀ တန် တရုတ်ဖက်စပ် မြစ်ဆုံစီမံကိန်းကို သိန်းစိန်အစိုးရက ဆိုင်းငံ့လိုက်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတော့တယ်။ အမေရိကန်ပြည်ထောင်စုဘက်က ကြည့်တော့လည်း နေပြည်တော်အစိုးရက အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ပူးပေါင်းလိုကြောင်း ပြသတဲ့အချိန်မှာ မြန်မာကို တရုတ်နဲ့ ခွဲခွာအောင် အားပေးအားမြှောက် ပြုလုပ်ပေးရေးဟာ အဓိက ဦးစားပေးဖြစ်လာတယ်။

ဒါ့အပြင် သူတို့အတွက် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား စစ်ရေးဆက်စပ်မှုကို ပျက်ပြယ်အောင်လုပ်ဖို့လည်း အမေရိကန်အစိုးရအနေနဲ့ စိတ်အားထက်သန်တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာတော့ အမေရိကန်ရဲ့ အဓိကလုပ်ငန်းစဉ်တွေထဲမှာ မြောက်ကိုရီးယားအရေးဟာ ထိပ်ပိုင်းက ပါလာတာဟာ ဘာမှအံ့သြစရာမရှိဘူး။

ပြုပြင်ပြောင်းလဲရေး လိုလားပါတယ်ဆိုတဲ့ သိန်းစိန် သမ္မတ ဖြစ်လာပြီးနောက် အစိုးရအရာရှိတွေက သူတို့နဲ့ မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူးလို့ ကြေညာပြီးနောက်၊ ၂၀၁၁ ခုနှစ် မေလ၊ ဇွန်လတွေမှာတောင် မြောက်ကိုရီးယားကနေ မြန်မာနိုင်ငံကို သင်္ဘောနဲ့ လက်နက်တင်ပို့ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။

မေလ ၂၆ ရက်မှာ မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားက မစ်ဇိုင်းလက်နက် အစိတ်အပိုင်းတွေနဲ့ စစ်လက်နက်တွေ သယ်ဆောင်လာတယ်လို့ သံသယရှိဖွယ်ဖြစ်တဲ့ M/V Light မြောက်ကိုရီးယား ကုန်တင်သင်္ဘောကို အမေရိကန် ရေတပ်ပိုင် USS McCampbell လေယာဉ်တင်သင်္ဘောက တွေ့ခဲ့တယ်။ အမေရိကန်သင်္ဘောက မြောက်ကိုရီးယာ သင်္ဘောဆီ ချဉ်းကပ်ပြီး သင်္ဘောပေါ်တက်ရောက် စစ်ဆေးခွင့်တောင်းပေမယ့် မြောက်ကိုရီးယားဘက်က ငြင်းခဲ့တယ်။

နောက်ထပ် ရက်အနည်းအငယ်အကြာ စင်္ကာပူနိုင်ငံအနီး ရှန်ဟိုင်းတောင်ဘက် ပင်လယ်ပြင်ထဲမှာတော့ နှစ်ဘက် ရင်ဆိုင် အချင်းများခဲ့ကြတယ်။ နောက်ဆုံးမှာတော့ အမေရိကန် ကင်းထောက်လေယာဉ်တွေနဲ့ ဆက်သွယ်ရေး ဂြိလ်တုက လမ်းတလျှောက် တောက်လျှောက် စောင့်ကြပ်လိုက်ပါလာတဲ့အတွက် မြောက်ကိုရီးယားသင်္ဘော မြောက်ကိုရီးယားကို ပြန်လှည့်သွားခဲ့တယ်။

အဲဒီအဖြစ်အပျက်နောက်ပိုင်း နေပြည်တော် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီကနေ ငွေကြေးအကူအညီ ရယူနိုင်အောင် အမေရိကန်ဘက်က ပိတ်ဆို့အရေးယူမှုတချို့ကို လျှော့ပေါ့ပေးဖို့ မက်လုံးပေးခဲ့ပြီး မြောက်ကိုရီးယားလက်နက်သင်္ဘော မြန်မာနိုင်ငံကို လာရောက်ဖို့ နောက်ထပ်ကြိုးစားတာမျိုးလည်း မကြားရတော့ပါဘူး။

မြန်မာအစိုးရအနေနဲ့ တရုတ်ကနေ ခွဲခွာချင်တဲ့ ဆန္ဒကို အမေရိကန်က ကောင်းကောင်း အမြတ်ထုတ် အသုံးချခဲ့တယ်ဆိုတာ သံသယဝင်စရာ မရှိပါဘူး။ “အမေရိကန်ပြည်ထောင်စုဘက်က ကြိုးစားဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံကို လစ်ဘရယ် အသွင်ပြောင်းချင်တဲ့ အင်အားစုတွေကို ထောက်ခံအားပေးကြောင်း ပြသဖို့ပါပဲ” လို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှာ အခုအခါ အလုပ်လုပ်နေတဲ့ အမေရိကန်သံတမန်ဟောင်း ရောဘတ်ဖစ်က ပြောပါတယ်။

မကြာခင်မှာ မြန်မာနဲ့ သံတမန်ဆက်သွယ်ရေး မြှင့်တင်တဲ့အနေနဲ့ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံကို သံအမတ် ခန့်အပ်ပါတော့မယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ထုတ် အမေရိကန် နယူးယောက်တိုင်းသတင်းစာမှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ စီအိုင်အေရဲ့ ညွှန်ကြားရေးမှူး ဒေးဗစ်ပက်ထရီးရပ်စ် ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို သွားမယ်လို့ အမေရိကန် အစိုးရအရာရှိတွေကို ကိုးကားပြီး ရေးသားခဲ့ပါတယ်။

စီအိုင်အေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လစ်ဘရယ်တန်ဖိုးတွေကို မြှင့်တင်ပေးသူ ထောက်ခံအားပေးသူအနေနဲ့ လူသိများတဲ့ အဖွဲ့အစည်းမျိုး လုံးဝမဟုတ်ပါဘူး။ စီအိုင်အေရဲ့ ဦးစားပေးလုပ်ငန်းဟာ အမေရိကန်အတွက် မြန်မာရဲ့သေနင်္ဂဗျူဟာအရ အရေးပါတဲ့ ကိစ္စလိုဟာမျိုးကို ဆောင်ရွက်ဖို့ပါ။

ဒီနေရာမှာ အန္တရာယ်ရှိလာနိုင်တဲ့ အချက်ကို လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက အောင်ကျော်လှက ရေးခဲ့ပါတယ်။ မြန်မာဟာ အမေရိကန်နဲ့ အပြန်အလှန်ဆက်ဆံရေး တိုးမြှင့်လာရင် တရုတ်ဟာ မြန်မာရဲ့ သွေးစည်းခိုင်မာမှုနဲ့ လွတ်လပ်ရေးကို တနည်းနည်းနဲ့ ခြိမ်းခြောက်လာနိုင်တယ် ဆိုတာပါပဲ။ ဒါ့ကြောင့် အားမျှအောင် ချင့်ချိန်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အောင်ကျော်လှက ပြောပါတယ်။ ဒါပေမယ့် ဘယ်လို အားမျှအောင် လုပ်မလဲဆိုတာကိုတော့ သူ့ရဲ့မဟာစီမံကိန်းမှာ ထည့်သွင်းရေးသားမထားပါဘူး။
ကောင်းကောင်းပြင်ဆင်ထားတဲ့ လမ်းကြောင်း

မြန်မာရဲ့ ပေါ်လစီသစ်တွေဟာ ရေရှည် အလုပ်ဖြစ်ပါ့မလားဆိုတာတော့ သံသယဝင်စရာ အကြောင်းတွေ ရှိပါတယ်။ မြန်မာနိုင်ငံက စစ်အစိုးရဝင်စားတဲ့ အရပ်သားအစိုးရထဲမှာ လူကောင်း၊ လူဆိုးအုပ်စု ကွဲပြားနေတယ်ဆိုတဲ့ ဝတ်စုံပြည့် ကပြနေတဲ့ ဇာတ်လမ်းကို နိုင်ငံတကာက ယုံကြည်ပုံရပေမယ့် ပြည်တွင်းပြည်ပက အဓိက အတိုက်အခံအင်အားစုတွေကတော့ ဒီလောက် အညှာလွယ်လွယ်နဲ့ ယုံကြည်ကြပုံမရပါဘူး။

မြန်မာနိုင်ငံမှာ လောလောဆယ် အရပ်သား အသွင်ပြောင်းထားတဲ့ လူကောင်းတွေထဲက တယောက်ပါဆိုတဲ့ မီးရထားဝန်ကြီး ဗိုလ်ချုပ်ဟောင်း အောင်မင်းဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား ခေါက်တုံ့ခေါက်ပြန်သွားပြီး ထင်ရှားတဲ့ အဝေးရောက် အတိုက်အခံတွေနဲ့ တွေ့ဆုံနေပါတယ်။ သူနဲ့ လတ်တလော တွေ့ဆုံကြရသူတွေကတော့ သူ့ရဲ့ ရည်ရွယ်ချက်တွေ၊ စစ်အစိုးရ တင်းမာအုပ်စု လူဆိုးတွေဆီက ပြောကြတယ်လို့ သူဆိုတဲ့ ညှိနှိုင်းလိုစိတ်မရှိတဲ့ လက္ခဏာတွေဆိုတာနဲ့ ပတ်သက်ပြီး သံသယကြီးကြီး ဝင်နေကြပါတယ်။

အောင်မင်းဟာ ၁၉၈၃ ခုနှစ်တုန်းက ရာထူးဖြုတ်ချခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေး မျက်မှန်တင်ဦးရဲ့ တပည့်ဆိုတာကို သူတို့ သတိပြုမိကြပါတယ်။ မျက်မှန်တင်ဦးကို အကျင့်ပျက်ခြစားမှုတွေ အကြောင်းပြပြီး ရာထူးက ဖယ်ရှားခဲ့ပေမယ့် သူဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ခေါင်းဆောင်မှုကို ခြိမ်းခြောက်တဲ့ စင်ပြိုင်ထောင်တဲ့ လုပ်ရပ်တွေကြောင့်သာ ဖယ်ရှားခံခဲ့ရတာက ပိုဖြစ်ဖို့ များပါတယ်။

၁၉၈၃ ခုနှစ်တုန်းက Far Eastern Economic Review မှာ အင်္ဂလိပ်သတင်းစာဆရာ ရော့ဒ်နီတပ်စကာက တင်ဦးနဲ့ သူ့ထောက်လှမ်းရေးတွေအကြောင်းကို အခုလို ရေးသားခဲ့ဖူးပါတယ်။

“သူတို့ဟာ တခြားအမြင်ကျဉ်းတဲ့၊ တရားသေဆန်တဲ့ မြန်မာခေါင်းဆောင်တွေထက် နိုင်ငံတကာအကြောင်း ပိုသိသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိ စစ်အစိုးရရဲ့ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေအောက်မှာ ရှိနေပုံရပေမယ့် သူတို့ကို နိုင်ငံခြားသွားခွင့်ပေးထားတယ်။ နိုင်ငံခြားသားတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးထားတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် သူတို့ဟာလည်း သူတို့ရဲ့ ရန်သူတွေ၊ ပြိုင်ဘက်တွေအပေါ်မှာ အင်မတန် အညှာတာကင်း ရက်စက်ပြီး အလွန်ပါးနပ်လိမ္မာသူတွေအဖြစ် လူသိများပါတယ်။ မျက်မှန်တင်ဦးကိုယ်တိုင်ဟာ စပိန်နိုင်ငံ ပစိဖိတ်ကျွန်းစုတွေထဲက ကျွန်းတကျွန်းမှာ အမေရိကန် စီအိုင်အေသင်တန်းကို တက်ရောက်ခဲ့သူတယောက် ဖြစ်ပါတယ်။

အောင်မင်းဟာ ၁၉၈၃ ရှင်းလင်းပွဲမှာ တနည်းတဖုံ ကျန်ရစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ မြန်မာစစ်ထောက်လှမ်းရေး ၂၁ တပ်ဖွဲ့ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ အမှတ် ၆၆ ခြေမြန်တပ်ရင်းကို ရောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံရပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ အရင် ဗိုလ်ချုပ်သန်းရွှေ စစ်အစိုးရလက်ထက်မှာ မီးရထားဝန်ကြီး ဖြစ်လာပါတယ်။

ဒီနေ့ အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်ရင် မဟာစီမံကိန်းမှာ ရေးသားထားတဲ့ စစ်အာဏာသက်ဆိုးရှည်ရေး အစီအစဉ်မှာ ကာလရှည်ကြာ ပြဿနာဖြစ်ခဲ့တဲ့ တိုင်းရင်းသားအရေးဟာ အဓိကပြဿနာ ဖြစ်ပါလိမ့်မယ်။
စစ်အစိုးရ လက်ရှိ အာဏာလွန်ဆွဲပွဲ

ဒီနှစ်ထဲမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ရွှေလီမြို့မှာ ကချင်သူပုန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူပါ။ သူဟာ အရင် စက်မှုဝန်ကြီးဟောင်းဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ စုကြည်နဲ့ အပေါင်းအပါတွေကို အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့လို့ စုကြည်ထောက်ခံသူ အများအပြား သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ဒီပဲယင်းအရေးအခင်းကို နောက်ကွယ်က စီစဉ်ခဲ့သူတွေထဲက တယောက်လို့ ထင်မြင်ယူဆခံရသူ ဖြစ်ပါတယ်။

လူကောင်း အောင်မင်းဟာ ရွှေလီဆွေးနွေးပွဲကို မတက်ခဲ့ပါဘူး။ ဒါပေမယ့် သုံးသပ်သူတချို့ကတော့ နောက်ပိုင်းမှာ ဆွေးနွေးပွဲ ပျက်ပြားမယ့် အခြေအနေရောက်လာရင် အပျော့လိုင်းချဉ်းကပ်ပုံစံနဲ့ အောင်မင်းက ဝင်ရောက် ကယ်တင်လိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။ အခုလို လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက အသေအချာ ပြင်ဆင်ထားတဲ့ ဆွေးနွေးရေး နည်းလမ်းတွေနဲ့ ဆောင်ရွက်နေတာတွေကို ပုန်ကန်သူ တိုင်းရင်းသားတွေဘက်က လက်ခံလက်မခံ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

ဖက်ဒရယ်မူကို အစိုးရဘက်က ထည့်တောင်မစဉ်းစားဘဲ တောက်လျှောက် တသမတ်တည်း ငြင်းဆန်နေတဲ့ အချက်ဟာလည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူညီချက်ကို တာရှည်တည်တံ့ဖို့ မဖြစ်နိုင်တဲ့အချက် ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ဟာလည်း စစ်တပ်ကို အဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍာန်ကို အခြေခံရေးသားထားပါတယ်။ ဒါ့ကြောင့် လတ်တလော ပြောနေကြတဲ့ “ပြုပြင်ပြောင်းလဲရေး” ဆိုတာနဲ့ ပတ်သက်ပြီး အပျော်လွန်နေတဲ့ ကာလဟာ သိပ်ရှည်ကြာမယ် မထင်ပါဘူး။ စစ်တပ်ကို လွှတ်တော်ထဲမှာ တရားမဝင် ဗီတိုအာဏာတွေ အလွန်အကျွံပေးထားတဲ့ လက်ရှိ အခြေခံဥပဒေကို ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှ မဟုတ်ရင် တိုင်းရင်းသားပြဿနာဟာ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။

ဒါ့အပြင် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်တို့ ယှဉ်ပြိုင်ကြရာ နယ်မြေတခုသာ ဖြစ်လာခဲ့ရင်တော့ မြန်မာနိုင်ငံဟာ ရှေ့လျှောက် သေချာပေါက် ပိုပြီး ဒုက္ခရောက်မှာပါ။ မဟာစီမံကိန်းမှာ အောင်ကျော်လှ သတိပေးခဲ့တဲ့ တရုတ်-အမေရိကန် ပြဿနာဟာ အခုလက်တွေ့ ပေါ်ပေါက်နေပါပြီ။

ဘာတေးလ် လစ်တနာ
(အေးရှတိုင်းမှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ဘာသာပြန်ထားတာဖြစ်ပါတယ်။)

ကိုတင့်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)