ဧပြီလ(၁)ရက်၊ တနင်္ဂနွေနေ့။
ဒီနေ့မနက် အိပ်ရာက စိတ်စောပြီး နိုးနေတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ အလင်းရောင်တောင် ပျို့ယုံလေး ရှိသေး။ အိပ်တမ်းထ ငှက်ကလေးတွေ ကျလွိကျလွိ အော်မြည်နေသံကို နားထောင်လို့ ကောင်းကောင်းနဲ့ နားထောင်နေရင်း ဒီနေ့ ဧပြီလ(၁)ရက်နေ့ ဆိုတဲ့အသိက အိပ်ချင်မူးတူးစိတ်တွေကို ချက်ချင်း ပျောက်သွား စေတယ်။
စောင့်နေခဲ့ရတဲ့ အချိန်တွေ၊ မျှော်လင့်နေခဲ့ရတဲ့ ကာလတွေ၊ ဒီအချိန် ဒီကာလတွေကို ရုပ်လုံးပေါ် သက်ဝင်လာအောင် ဒီနေ့က အဖြေထုတ်ပေးမှာ။ ဒီနေ့က ကျွန်မအတွက် အရေးကြီးတယ်။ ကျွန်မ မိသားစုအတွက် အရေးကြီးတယ်။ ကျွန်မ ပန်ဝန်းကျင်အတွက်လည်း အရေးကြီးတယ်။ ကျွန်မတို့ လူ့ဘောင်အတွက်၊ ကျွန်မတို့ မြန်မာတစ်မျိုးသားလုံးအတွက် အရေးကြီးတဲ့နေ့ ဖြစ်တယ်။ ကျွန်မလိုပဲ ဒီနေ့အတွက် စိတ်စောနေမယ့်သူတွေ ရှိနေလိမ့်မယ်။ ကျွန်မတို့ မျှော်လင့်တကြီး စောင့်စားခဲ့တာ ကြာပါပေါ့။ ပေးဆပ်ခဲ့ရတဲ့ အချိန်တွေ၊ ပေးဆပ်ခဲ့ရတဲ့ ဘ၀တွေအတွက် ထိုက်တန်တဲ့ ရလဒ်ကို ဒီနေ့ မျက်ဝါးထင်ထင် တွေ့မြင်ရတော့မှာမို့ ရင်ခုန်လှုပ်ရှားစိတ်တွေနဲ့ တကိုယ်လုံး လွှမ်းခြုံနေတယ်ဆိုတာ ယုံမှားသံသယ ဖြစ်ဖွယ်ရာမရှိ။
ကျွန်မ ယုံကြည်တယ်။ ကျွန်မ မိသားစုလည်း ယုံကြည်တယ်။ ကျွန်မ မိတ်ဆွေတွေလည်း ယုံကြည်တယ်။ ကျွန်မ ပတ်ဝန်းကြည်က လူတွေကလည်း ယုံကြည်ကြတယ်။ ကျွန်မတို့ တစ်မျိုးသားလုံးက ယုံကြည်ကြတယ်။ မုချ ကျွန်မတို့ အောင်ပန်းကို ဆွတ်ခူးနိုင်ရမယ်။
ဒီလို အခွင့်အရေးမျိုး ဒါပါနဲ့ဆို ကျွန်မကြုံတာ သုံးကြိမ်ရှိပြီ။ ပထမအကြိမ်က ပီဘိ နုနယ်ပျိုမျစ်တဲ့၊ လတ်ဆတ်နီဆွေးတဲ့ ၁၉၈၈ ခုနှစ်ကာလကို ကိုယ်တိုင် ကျော်ဖြတ်ခဲ့ဖူးတဲ့ အသက်၂၀အရွယ်။ အဲ့ဒီတုန်းက လူငယ်ဆိုတဲ့ စိတ်နဲ့ လူငယ်ပီပီ မှန်တယ်လို့ အများက သတ်မှတ်ထားယုံမျှမက၊ ကိုယ်တိုင်လည်း ချစ်ခင်နှစ်သက်မိလို့ အဲ့ဒီစိတ်နဲ့ အမှန်လက္ခဏာကို ရွေးခြယ် ရေးခြစ်ခဲ့တယ်။ ဒုတိယအကြိမ်ကတော့ ပိုပြီး သိနားလည်တဲ့အရွယ် ရောက်လာခဲ့ပေမယ့် အမှန်တစ်ခုကို မချင့်မရဲ စိတ်နဲ့ပဲ ရွေးချယ် ရေးခြစ်ခဲ့ရတယ်။ တန်ဘိုးမရှိခဲ့တဲ့ အမှန်တစ်ခုလို့ ပြောရင်လဲ မမှားပါဘူး။ အခု… ဒီတစ်ခါတော့ ဘယ်လိုမှ မလွဲတော့ဘူး။ နားလည်တတ်ပြီ။ ကိုယ်တိုင် ဆင်ခြင်ဥာဏ်နဲ့ တိုင်းထွာတတ်ပြီ။ ဘာကို ဆုံးဖြတ်လို့၊ ဘာကို ရွေးချယ်ရမယ် ဆိုတာကို မေးစရာမလို၊ သင်စရာ မလိုတော့ပြီ။ ဒီလို အခွင့်အရေးမျိုးကို ဘယ်လိုနည်းနဲ့မှ လက်လွတ်မခံနိုင်တော့ပြီ။
မနက်၉နာရီ အချိန်မှာတော့ မိသားစုဝင်များနဲ့အတူ ညထဲက ကြိုတင် ပြင်ဆင်ထားတဲ့ ပင်နီအိကျီ င်္၊ ခြည်ထမီနဲ့ ကျွန်မတို့ မိသားစု မဲရုံရှိရာကို ဦးတည်လာခဲ့တယ်။ မနက်စောနေသေးတော့ မဲရုံမှာ လူသိပ်မစည်ကားသေး။ ကျွန်မ စိတ်စောနေပြီ။ ကျွန်မ မဲပေးချင်နေပြီ။ မဲရုံထဲ ၀င်လိုက်တော့ ကိုယ်လို ပင်နီအိကျီ င်္ဝတ်အမျိုးသမီး၊ အမျိုးသားလေးများ မဲပေးနေတာကို တွေ့လိုက်ရတယ်။ ခန္ဓာကိုယ်က သွေးတွေ တဖျစ်ဖျစ် ပူနွေးလာသလိုပဲ။ ဒီလို အချိန်ကာလမှာ အသည်းကြားက မဲတစ်ပြားကို တန်ဘိုးရှိရှိ ပေးခွင့်ရလို့ နိုင်ငံသားတစ်ယောက်အနေနဲ့ ၀မ်းသာဂုဏ်ယူမိတယ်။ ကျွန်မတို့ တစ်ယောက်ချင်းစီရဲ့ မဲတစ်ပြားစီက ကျွန်မတို့ တစ်ယောက်ချင်းစီရဲ့ အနာဂတ်ကို ပုံဖော်ပေးမှာဆိုတာ ကျွန်မတို့ နားလည်တယ်။
ကျွန်မ ရှေ့မှာ ဘေးက အကူနဲ့တွဲပြီး မဲလာထည့်တဲ့ အဖိုးတစ်ယောက်ကို တွေ့ရတယ်။ စိတ်ထင်လို့လာတော့ မသိ၊ အဖိုးခန္ဓာကိုယ်က ချိနဲ့နေပေမယ့် အဖိုးမျက်နှာက ကြည်စင်ဝင်းပလို့ နေတယ်။ မျက်မှန်အောက်က အဖိုးမျက်လုံးတွေက တဖျတ်ဖျတ် တောက်ပနေသလို၊ အဖိုးရဲ့ မေးရိုးတွေက ခိုင်ခိုင်မာနေသယောင်ယောင်။
မဲပေးရမယ့် စာရင်းထဲက ကျွန်မအမည်ရဲ့နဘေးမှာ လက်မှတ်ထိုးအပြီး လက်ထဲ မဲစာရွက်လေး ရောက်လာတယ်။ မဲပေးဖို့ သတ်မှတ်ထားတဲ့ နေရာမှာ ရောက်တော့ မဲစာရွက်လေးကို ကျွန်မသေချာ ကြည့်မိတယ်။ ဘောပင်ကိုင်ထားတဲ့ ကျွန်မလက်က အနီခံအပေါ် ရွှေဝါရောင်ခွပ်ဒေါင်းနဲ့ ကြယ်ဖြူတစ်လုံးရဲ့ နဘေးမှာ ကျကျနန အမှန်လက္ခဏာကို ရေးခြစ်လိုက်တယ်။ ပြီးတော့ စာရွက်လေးကို ထက်ပိုင်းခေါက်လို့ ပလတ်စတစ် မဲဘုံးထဲ ထည့်လိုက်တယ်။ အသည်းကြားက မဲတစ်ပြားကို သေသေချာချာ ကျွန်မ ရွေးချယ်ထည့်ခဲ့လိုက်ပြီ။ တချိန်ထဲမှာ ကျွန်မနားထဲ လေးစားကြည်ညိုနှစ်သက်ရတဲ့ အမေစုရဲ့ နိုင်ငံအနှံ့ ဟောပြောခဲ့တဲ့ စကားသံတွေ ကြားလာရသလို ခံစားလာရတယ်။ ကျွန်မ ရွေးချယ်တတ်ခဲ့ပါတယ် အမေ။ ကျွန်မလိုပဲ နိုင်ငံအ၀ှမ်း ရွေးချယ်ကြမယ်ဆိုတာ ကျွန်မ လေးလေးနက်နက် ယုံကြည်မိတယ်။
မဲရုံထဲက ပြန်ထွက်အလာမှာ လုပ်သင့်လုပ်ထိုက်တာ၊ လုပ်ချင်တာ လုပ်ခွင့်ရလိုက်တဲ့ လူတစ်ယောက်ရဲ့ စိတ်ကျေနပ်မှုမျိုး ကျွန်မရင်ထဲ ဖြစ်တည်လာတယ်။ လမ်းလျှောက်နေတဲ့ ကျွန်မ ခြေထောက်တွေက မြေကြီးနဲ့ မထိတော့ဘူး။
နေ့လည် တစ်နေ့လုံး အိမ်မှာ ကျွန်မနဲ့ သားပြည့်နှစ်ယောက်ထဲ။ သားပြည့်ဖေဖေက မနက် မဲပေးပြီးထဲက အလုပ်ကိစ္စတွေနဲ့ သူ့ရုံးကိုသွား။ အဖေက အိမ်ပေါ်နဲ့ အိမ်အောက် ဆင်းချီတက်ချီ သတင်းတွေစီလို့။ မနေ့ထဲက ဖတ်ဖို့ ၀ယ်ထားတဲ့ Hot News၊ Flowers News၊ Weekly Eleven Journal တွေက ကျွန်မနဘေးမှာ။ ကျွန်မ စာဖတ်ချင်စိတ်လဲ မရှိ။ ထမင်းစားချင်စိတ်လဲ မရှိ။ စာရေးချင် စိတ်လဲ မရှိ။ ကျွန်မ ထိုင်ပြီး တွေးနေမိတယ်။ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ကျွန်မ မိခင်ကြီးကို ပြင်းပြင်းပြပြ သတိရမိတယ်။
ပထမဆုံးအကြိမ် ကျွန်မ မဲပေးခွင့် ကြုံစဉ်ကာလတုန်းက ပင်နီအိကျီ င်္ ယောထမီနဲ့ ကျွန်မအမေ၊ လူငယ်တွေနဲ့ အမြဲတစ်သားထဲ ရှိခဲ့တဲ့ ကျွန်မအမေ၊ ထမင်းမေ့ဟင်းမေ့နဲ့ အမေလုပ်ဆောင်ခဲ့တာတွေ၊ အမှုချိန်းတွေအတွက် အမေတစ်နေ့ကုန် သွားနေတုန်း ကျွန်မတို့မိသားစုတွေ၊ အမေ့ကို ချစ်ခင်လေးစားသူတွေ ညနေ အမေအိမ်ကို ပြန်ရောက် မလာမချင်း ဘေးမသီရန်မခ ပြန်ရောက်ဖို့ စုဝေး ဆုတောင်းခဲ့ရချိန်တွေ၊ အမေလုပ်ချင်တဲ့ နိုင်ငံရေးဆိုတာ ဒါမျိုးမဟုတ် မဟုတ်ဘူးဆိုပြီး နိုင်ငံရေးအမည်ခံ လုပ်စားသူများနဲ့ ကြုံလာစဉ် ပြောတတ်တဲ့အမေ၊ အမေ လေးစားတန်ဘိုးထားရတဲ့ အမေစုနဲ့ မွေးနေ့တစ်ရက်ထဲကျတဲ့ အမေ။ အမေရှိရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲလို့ ကျွန်မရင်ထဲ ပြင်းပြင်းပျပျနဲ့ လွမ်းတမိလိုက်တာ။
နာရီလက်တံတွေက တရွေ့ရွေ့ သွားနေတယ်။ သားပြည့်က “ ဘာလို့ အခုလို မဲထည့်ရတာလဲ မေမေ” လို့ မေးလာလို့ သူ့အရွယ်နဲ့ နားလည်နိုင်သလောက် ရှင်းပြပေးဖြစ်တယ်။ သားပြည့်တို့ ခေတ်မှာ ကျွန်မတို့ ခေတ်တုန်းကလို မဖြစ်ရအောင်၊ နိုင်ငံရေးဆိုတာကို လူငယ်တွေ ငယ်စဉ်ထဲက ယဉ်ပါးအောင် သင်ကြားပေးဖို့လိုတယ်လို စဉ်းစားနေမိတယ်။ နာရီလက်တံ လေးနာရီတိတိကို ရောက်ချိန်မှာတော့ ကျွန်မ အိမ်ထဲမှာ ဆက်ပြီး မနေနိုင်တော့ပါဘူး။ ကျွန်မ အဖေ့ဖုန်းကို လှမ်းနှိပ်လိုက်တော့ အဖေက တစ်ဘက်လမ်းမှာ ရှိတဲ့ မြို့နယ်ရုံးချုပ် အရှေ့မှာ မဲစာရင်း ကြေညာတာ စောင့်နေတယ်ဆိုလို့ ကျွန်မ ခဏနေရောက်မယ်လို့ ပြောလိုက်မိတယ်။
အိမ်က ထွက်လာတော့ တစ်လမ်းလုံး လူတွေ ဟိုစုစု ဒီစုစုနဲ့ ရှိနေကြတယ်။ ကျွန်မကို လူတွေ ပြုံးပြကြတယ်။ ကျွန်မကလဲ လူတွေကို ပြန်ပြုံးမိတယ်။ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် သိလို့ ပြုံးပြနေကြတာ မဟုတ်ဘူး။ အမှန်တော့ ကျွန်မတို့ အားလုံးရဲ့ မျက်နှာမှာ အပြုံးတွေ၊ သေချာမှုတွေ တညီတညွတ်ထဲ စုဝေးနေကြတာ။ ကျွန်မ ၀တ်ထားတဲ့ တီရှပ်ရင်ဘတ်မှာ ဓားလွယ်ကို ၀င့်ထားတဲ့ အဖဗိုလ်ချုပ်အောင်ဆန်းပုံ၊ တီရှပ်နောက်ကျောမှာ ကြည်လင်တဲ့ မျက်နှာထားနဲ့ ပခုံးပေါ် နှင်းဆီအ၀ါလေး ခြိတ်ယုံ ပန်ထားတဲ့ အမေစု။ ကျွန်မလိုပဲ လူတော်တော်များများ ၀တ်ဆင်ထားကြတယ်။ အိမ်တွေရဲ့ဝရန်တာတွေ၊ လမ်းပေါ်က ကားတွေမှာ အမေစုရဲ့ခွပ်ဒေါင်းအလံက တလူလူ လွင့်လို့။
(မြို့နယ်မဲဆွယ်စည်းရုံးပွဲတွင်ဒေါ်ဖြူဖြူသင်းအား နှင်းဆီပန်းစည်းပေးစဉ်)

အဖေ့ဆီရောက်တော့ အဖေက “ မဲတွေ ရေတွက်နေပြီ၊ နောက်နာရီဝက်လောက်ဆို မဲစာရင်းတွေ ထွက်ပြီ ” လို့ ပြောတယ်။ မြို့နယ်ရုံးချုပ်နဲ့ မလှမ်းမကမ်းမှာ မြင်နေရတဲ့ မဲရုံနှစ်ရုံအရှေ့မှာ လူတွေ တိုးဝှေ့နေကြတယ်။ သတင်းယူသူတွေကလည်း ကင်မရာ ကိုယ်စီနဲ့။ လမ်းပေါ်မှာ လူတွေ တဖြည်းဖြည်း များလာကြတယ်။ လမ်းမပေါ်ကနေ မဲရေတွက်တာကို လှမ်းမြင်နေကြရတယ်။ “ ဟေး” ခနဲ ဟိုဘက် ရုံက အော်သံကြားတော့ လူတွေက ဟိုဘက်မဲရုံကို ပြေးကြတယ်။
လက်ခုပ်တွေ တီးကြပြန်ရော။ ကျွန်မလည်း အဖေ့ကို မေ့သွားပြီး ဟိုဖက် မဲရုံဆီ လက်ခုပ်တီးလျှက်။ “ ဒေါ်အောင်ဆန်းစုကြည် NLD… တိုင်းနိုင်ငံအတွက် ခွပ်ဒေါင်းပျံလာပြီ…” ဆိုတဲ့ သီချင်းတွေက နေရာအနှံ့ဖွင့်လို့။ လက်ခုပ်သံတွေနဲ့ လိုက်ဆိုနေလိုက်တာများ ကြက်သီးထချင်စရာ။ ကျွန်မကိုယ်တိုင်ရော ဘာထူးလို့လဲ နှုတ်က ရွတ်ဆိုမိလို့..။
ဘောလုံးသွားကန်ရာက ပြန်လာတဲ့ သားပြည့်ဆီက ဖုန်းဝင်လာလို့ သော့ဖွင့်ပေးဖို့ ကျွန်မ အိမ်ကို ပြန်ပြေးရပြန်တယ်။ အိမ်အပြန်မှာ မနက်က ကျွန်မ မဲပေးခဲ့ရတဲ့ မဲရုံရှိရာ လမ်းကို ဖြတ်ရတယ်။ မဲရုံရှေ့မှာ လူတွေ အုံခဲနေပြီ။ ကျွန်မ သားပြည့်ကို ခဏစောင့်နေဖို့ ဖုန်းလှမ်းဆက်လိုက်တယ်။ ကျွန်မ ခြေလှမ်းတွေက မဲရုံဆီ ရောက်သွားတယ်။ ရုံရှေ့ရောက်တော့ မဲရုံတံခါးပိတ်ပြီး မဲရေတွက်နေလို့ အပြင်မှာ ဆူညံဆူညံ ဖြစ်နေကြပြီ။
“ မဲရုံတံခါး ဘာလို့ ပိတ်ထားတာလဲ… မဲရေတာ ဒီပြင် မဲရုံတွေလို တံခါးဖွင့် ရေပေးပါလား”
“ ၂၀၁၀လို လုပ်ဖို့တော့ မစဉ်းစားနဲ့နော်၊ ဒီခေတ်မှာ မရတော့ဘူး ”
“ မှန်မှန်ကန်ကန် မျှမျှတတ လုပ်ကြပါ ”
ကျွန်မ ရင်တွေ အတော် ခုန်နေပြီ။ ဘေးက အသိတစ်ယောက်ကလဲ တံခါးပိတ်ပြီး ဘာတွေ လုပ်နေကြလဲ မသိဘူးလို့ ပြောလာတော့ စိတ်အတော်ပူလာမိတယ်။ အသံတွေ တစ်ယောက်တစ်ပေါက် အပြင်ကနေ ၀ိုင်းအော်ကြတော့ “ နိုင်တယ်စိတ်မပူနဲ့တော့” ဆို မဲရုံထဲက အသံထွက်လာပြန်တယ်။
“နိုင်တယ် မပြောနဲ့၊ မဲအရေအတွက်နဲ့ အတိအကျပြောပေးပါ” ကျွန်မတို့ တောင်းဆိုကြပြန်တယ်။ တစ်အောင့်နေတော့ ကျွန်မတို့ရဲ့ မဲရုံ ကိုယ်စားလှယ် မျက်နှာ မဲရုံတံခါးဝမှာ ပေါ်လာတယ်။ သူ့ရဲ့အပြုံးမျက်နှာကို ကြည့်ပြီး ကျွန်မတို့အားလုံး “ဝေး” ခနဲ လက်ခုပ်တီးပြီး အော်လိုက်မိကြတယ်။
“ မဲအရေအတွက်တွေ ကြေညာပေးမယ် ..”
မဲရုံအပြင်မှာရှိတဲ့ ကျွန်မတို့အားလုံး မီးကို ရေနဲ့ငြိမ်းလိုက်သလို တိတ်ဆိတ်သွားတယ်။
NLD – ၁၁၈၅ မဲ
——၁၄၆ မဲ
——၈ မဲ
——၄ မဲ
——၂ မဲ
လက်ခုပ်တီးသံတွေ၊ “အမေစုနိုင်ပြီ” “NLD နိုင်ပြီ” ဆို အော်ဟစ် အားပေးသံတွေ ဘ၀ဂ်ညံသွားတယ်။ အမေကြီးတစ်ယောက်က အိကျီ င်္လက်ဖျားလေးနဲ့ ၀မ်းသာမျက်ရည် တို့တယ်။ အဒေါ်ကြီးတစ်ယောက်က သီချင်းသံနဲ့အတူ ကွေးနေအောင် က တယ်။ ကျွန်မ လက်ဖ၀ါးတွေ ရဲရဲနီနေပြီ။ ကျွန်မအသံတွေ အော်ရလွန်းလို့ ပျောက်ကုန်ပြီ။ ကျွန်မရင်တွေ ၀မ်းသာပျော်ရွှင်စိတ်ကြောင့် အတိုင်းအဆမဲ့ ခုန်နေရပြီ။
ကျွန်မအိမ်ပြန်ရောက်တော့ အဖေ့ဆီက ဖုန်းဝင်လာတယ်။ ကျွန်မတို့ မြို့နယ်က စုစုပေါင်း ၅၅၆၅၉မဲနဲ့ အနိုင်ရတယ်တဲ့။ အနိုင်သတင်းတွေ ပတ်ဝန်းကျင်မှာ တလူလူလွင့်လို့။ ခဏနေတော့ မောင်လေးဆီက နေပြည်တော်အနိုင်သတင်း။ တအောင့်နေတော့ သားပြည့် အဖေဆီက မန္တလေး အနိုင်သတင်း။ အပျော်တွေ အပျော်တွေ တစ်ယောက်က တစ်ယောက်ကို ကူးဆက်။ ကျွန်မတို့ လမ်းအရှေ့မှာ၊ ကျွန်မတို့ လမ်းအနောက်မှာ လူတွေဆီက၊ ကားတွေဆီက သီချင်းသံတွေ၊ ဟစ်ကြွေးသံတွေ ဆက်တိုက်။ ညဥ့်နက်သည်အထိ အသံတွေက မတိတ်သေး၊ လေထဲမှာ ပျံ့နှံ့လို့။
အများစုရဲ့ ရင်ထဲကဆန္ဒ အစစ်အမှန်ဆိုတာ ဘာလဲဆိုတာ ဖော်ထုတ် ပြသလိုက်တဲ့ ဧပြီလ(၁)ရက်။ ကျွန်မတို့ ပြည်သူတွေ အားလုံးရဲ့ အသည်းကြားက မဲတစ်ပြားဆီကို ချစ်ခင်လေးစား၊ ယုံကြည်အားကိုးရတဲ့ အမေစုအတွက် ပေးအပ်ခဲ့တဲ့နေ့။ အများပြည်သူတွေရဲ့ဆန္ဒကို လှစ်လျူရှုလို့ မရဘူးဆိုတာ ကန့်လန့်ကာ လှစ်ဟ ပြလိုက်တဲ့နေ့။ ပြည်သူတွေရဲ့ ချစ်ခင်လေးစား အားထားယုံကြည်မှုရဖို့ဆိုတာ၊ မည်သည့်ပံ့ပိုးမှု၊ မည်သည့်ဖိအား၊ မည်သည့်မက်လုံးမှမလို။ အသည်းနှလုံးက သူ့အလိုလို ယိုစီးကျလာတဲ့ ချစ်ခင်လေးစားစိတ်ပေါ် အရင်းတည်ပြီး အမှန်တကယ် ပြည်သူ့အတွက် စေတနာထားတယ် ဆိုတာ ဂုဏ်ဖော်ပြောနေစရာမလိုပဲ အတိုင်းသား ပေါ်လွင်နေတတ်ပါလား။
ပြည်သူအများရဲ့ဆန္ဒဟာ ဒီမိုခရေစီစနစ်ရဲ့ အနှစ်သာရဆိုတာ ခေတ်တစ်ခု၊ စနစ်တစ်ခုကနေ ကျွန်မ သင်ယူခွင့်ရလိုက်တဲ့နေ့၊ ကျွန်မဘ၀ရဲ့ အမှတ်တရ အဖြစ်ရဆုံးနေ့။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
Posted by မြသွေးနီ

No comments:
Post a Comment