-ချစ်သူရဲ့မိုး-
ကောင်းကင်က မိုးကတော့ မျက်ရည်တွေ ကုန်သွားလို့ အငိုတိတ်သွားပြီ။ ငါကတော့ မပြီးသေးဘူး..လွမ်းလို့လေ။ငါ လမ်းကလေးကို ငေးကြည့်တယ်။ မိုးရွာပြီးစ ဆိုတော့ မြက်ခင်းလေးတွေက ရေစက်လက်..အပေါ်ကနေ လမ်းမီးတွေဖြာကျနေတော့ …စိမ်းပြီးတော့ စိုနေတော့တာ။ လှလိုက်တဲ့ မြက်ခင်းလေးတွေပေါ့။ ဆက်လျှောက်လာတော့ သစ်ပင်အုပ်အုပ်တွေ…မိုးရွာပြီးစ လမ်းကလေးကို ငါတို့လျှောက်ဖြစ်တဲ့ အခါတိုင်း သစ်ပင်ကြီးတွေအောက်ရောက်ရင် ငါက ခ
ုန်ပြီး အကိုင်းတွေကို ရိုက်ချတတ်တယ်။နင်က အငိုက်မိသွားပြီး အင်္ကျီတွေ ရေစိုကုန်ရော။ စိတ်တိုပြီး ငါ့ ကို အားရအောင် ရိုက်ပုတ်တတ်တဲ့ နင့်လက်ကလေးတွေကို လွမ်းလိုက်တာ။ ဒီမြို့ကိုက သစ်ပင်တွေ များလွန်းတာပါဟာ။ ဘယ်ဘက်ကိုကြည့်ကြည့် စိမ်းညို့နေတတ်တာ။ ငါချစ်တဲ့ အစိမ်းရောင်..နင် ချစ်တဲ့ အစိမ်းရောင်..ဟိုးဝေးဝေးမှာ ငါတို့နှစ်ယောက်လုံးမေ့ကျန်ခဲ့တဲ့ အစိမ်းရောင် အတိတ်တချို့လည်းရှိတာပေါ့လေ။ ငါက မမေ့ပါဘူး။နင်မေ့သွားတဲ့ (နင့်မေ့ထားတဲ့ အတိတ်တွေမို့ မေ့ချင်ယောင် ဆောင်လိုက်ရတာ..)
တကယ်တော့ ဖြစ်ပြီးခဲ့သမျှက ဘာမှထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ရဲ့ အရိပ်လို့ နေထိုင်ခဲ့ဖူးတယ်။ ကောင်မလေးနဲ့အတူတူ မုန်တိုင်းနေ့စွဲလေးတွေ ဖြတ်ကူးခဲ့ကြတယ်။ရေဆန်ဆိုရင်တောင် အတူတူ ဖြတ်ကူးရတော့ ငါပျော်တာပေါ့ဟာ။ချွေးတွေနဲ့စိုပြီး ပျက်နေတဲ့ ပါးကွက်လေးတွေက ငါ့အတွက် စိမ်းလန်းခြင်းကဗျာ။ အတူတူစိုက်မှ ပွင့်တတ်တဲ့ပန်းတစ်မျိုးက အချစ်ဆိုရင် ငါက တစ်ယောက်တည်း တိတ်တဆိတ် စိုက်ပျိုးမိသူပေါ့။ထားလိုက်ပါတော့လို့ ပြောမိလိုက်ခင်မှာဘဲ နင် ငါ့ကို ထားရစ်ခဲ့တော့တာ။ ငါကတော့ ငါ့သစ်ပင်လေးနဲ့ငါ ပျော်နေတုန်းဆိုတော့ နင့်အတောင်ပံခတ်သံ မကြားလိုက်မိဘူး။ ရှေးဆုတောင်းကောင်းတဲ့ ကောင်မလေးဆိုတော့ နင်သွားမယ့် လမ်းမှာ ကြယ်တွေကလည်း ထွန်းလင်း လမ်းပြ ကြလို့ပေါ့။
ရယ်စရာကောင်းလိုက်တာဟာလို့ စိတ်ညစ်စရာ ဒါမှမဟုတ် လူတွေနဲ့ အဆင်မပြေ ဖြစ်တိုင်း ပြောနေကျ နင့်အသံလေး လွမ်းလိုက်တာ…အခုကော နင် အဲဒီစကားလေး သုံးဖြစ်သေးလားဟင်..ငါကတော့ စကားသံလေး လွမ်းဆဲပေါ့..အရူးကောင် အဓိပ္ပာယ်ရှိတာ မလုပ်ဘဲ ငါ့ချည့် ထိုင်လွမ်းမနေနဲ့လို နင်ပြောဦးမှာ မဟုတ်လား။ အေးလေ..ငါကိုကလည်း ရူးလွန်းပါရဲ့.. ကိုယ်တကိုယ်ရေတောင် မအေးချမ်းဘဲနဲ့ နင့်အပေါ် မိုးလိုရွာချချင်စိတ်တွေက ကလေးတုန်းကလို ဇွတ်တရွတ် နိုင်ချင်တုန်း။ တပါးသောအရပ်မှာ နင် အေးချမ်းပါရဲ့လား…
လှေကလေးက ကမ်းကပ်မယ် ။ကမ်းရောက်တော့ ခရီးသည်တွေက ကိုယ့်ခရီးကိုယ်ဆက်ကြမယ်။ နင်နဲ့ငါက လောကထဲမှာ ခရီးသည်နဲ့ လှေငယ်လေးလို တွေ့ခဲ့ကြတာ။ အခု ကမ်းရောက်သွားပြီ။ ရင်ထဲက အကြောင်းအရာတွေကို ဘယ်လိုမြင်အောင်ပြရမလဲ ။ငါ အခုထိ မသိသေးဘူး။ ခံစားတတ်တယ် နားလည်တတ်တယ် ဒါပေမယ့် ဖြစ်ပျက်ခံစားနေရတာတွေ နင်နားလည်အောင် ပြောမပြတတ်ခဲ့ဘူး။ လူအလေးကို မိုးရေတွေထဲမှာပဲထားခဲ့ပေါ့။ တလောကလုံးက မိုးတွေ တိတ်သွားရင်တောင် ငါ့ရင်ထဲက မိုးကတော့ ဘယ်တော့မှ မတိတ်ဘူး။ နင့်အတွက် ဆက်ရွာနေရဦးမှာ။ အချစ်တွေ အလွမ်းတွေနဲ့ ငွေ့ရည်ဖွဲ့နေပေမယ့် တကယ်ရွာချလိုက်တဲ့ အခါမှာတော့ အေးမြတဲ့ မိုးရေစက်တွေ ပဲတွေ့ရမယ်။ နင်စိတ်ညစ်နေတဲ့အခါ ဟိုတုန်းက လမ်းကလေးပေါ် စိတ်ကူးနဲ့ ထွက်လာခဲ့ပေါ့။ သစ်ပင်အုပ်အုပ်တွေရဲ့ အပေါ်ကနေ ငါ ရွာချလိုက်မယ် ။ နင့် တစ်ကိုယ်စာလေး ရွှဲစို ငြိမ်းချမ်းသွားတဲ့ အထိလေ။ နင့်ရဲ့ တကိုယ်ရည် မိုးဥတုလေးကတော့ နင်ရှိတဲ့အရပ်ဆီ တိမ်စိုင်တွေ မျောလွင့်ချင်တုန်းပါပဲ..။**လင်းဒီပ**

No comments:
Post a Comment