-ပေါက်စီ-
ပေါက်စီဆိုတာ တကယ်တော့ လူတိုင်းစားနိုင်သောက်နိုင်တဲ့ စားသောက်ဖွယ်ရာ တစ်ခုပင်..။ ဒါပေမယ့် ဖိုးတူးအတွက်တော့ မမီမကမ်းနိုင်တဲ့ အရာတစ်ခုလို့ ဆိုရလေမလား..။
ဖိုးတူးဆိုတာ အသက်လေးနှစ်ခန့် ကလေးတစ်ယောက်ပါ..။ ဒီရပ်ကွက်ထဲမှာ ဖိုးတူးတို့အိမ်ဆိုလျှင် မသိသူမရှိ..။ ကောင်းသော ကျော်စောခြင်းတော့မဟုတ်..။ နှုတ်ကြမ်း၊ လျှာကြမ်း၊ ရန်ဖြစ်ကြမ်းသော အိမ်မို့ နာမည်ကျော်နေခြင်းပင်..။ ဆင်းရဲမွဲတေလွန်းသည့် ဒီရပ်ကွက်လေးထဲမှာ ဖိုးတူးတို့လည်း ဘယ်ချမ်းသာလိမ့်မတုန်း..။ မချမ်းသာတဲ့အပြင် ဒီအိမ်ပိစိလေးထဲမှာ မိသားစုသုံးခု ပေါင်းနေသည့်အတွက် ရန်ပွဲတစ်ခုမဟုတ် တစ်ခုတော့ ဒီအိမ်လေးထဲမှာ နေ့စဉ်ဖြစ်ပွားနေကျပင်..။ ဒီလို နှုတ်ကြမ်းလျှာကြမ်းသည့် မိသားစုထဲမှာ ဖိုးတူးတစ်ယောက်တော့ ထူးခြားတယ်လို့ ဆိုရမည်..။ ဒီကလေးမွေးလာကတည်းက ငိုယိုတာ၊ ဂျီကျတာ အတော်ရှားသား..။ အနေအထိုင် ငြိမ်ပြီး၊ အေးဆေးတည်ငြိမ်သည်..။ ကျွေးတာစားသည်။ ပေးတာ ၀တ်သည်..။ ဒီ့ထက်လည်း စောဒကမတက်..။ ဒီတော့ အဖေလုပ်သူ ကိုမည်းတူရော အမေလုပ်သူ မအိမ့်ပါ ဒီသားလေးကို အရိပ်တကြည့်ကြည့် ပိုချစ်နေမိလေသည်။
ကိုမည်းတူက ကျပန်းအလုပ်သမား..။ ဟိုနားဒီနား ပေါင်းသင်မြက်ရှင်း ခေါ်ခိုင်းလျှင်လည်း ငွေလေးရွှင်လိုက်၊ အလုပ်မရှိပြန်လျှင်လည်း အိမ်မှာထိုင်ငိုင်နေလိုက်နှင့် စခန်းသွားနေသည်။ မအိမ့်ကတော့ အရင်က အ၀တ်လျှော်လိုက်သည်..။ နောက်တော့ ဆတ်ဆတ်ထိမခံသော ညဉ်ကြောင့် ဘယ်အိမ်မှာမှ အ၀တ်လျှော်မမြဲ..။ ဒီလိုနဲ့ ဟင်းရွက်စိမ်းလေးဘာလေး ဈေးထွက်ရောင်းသည်..။ ကျန်သော ညီအစ်ကို၊ မောင်နှမ မိသားစုများမှာလည်း ထို့နည်းတူတူ...။ ကုန်းကောက်စရာမရှိအောင် ဆင်းရဲနေကြပေမင့် သူတို့အချင်းချင်းတော့ အမြဲပြိုင်ဆိုင်နေကြသည်..။ ငွေလေးရွှင်လို့ မိသားစုတစ်စုက ၀က်သားဟင်းလေး ချက်နိုင်လျှင် မျက်နှာကိုမော့၊ ခါးကိုကော့နေတတ်ပြီး.. ကျန်အိမ်သားတို့က မျက်စောင်းတချီချီပေါ့...။ အဲ.. အဲဒီမှာ စကားတစ်ခွန်းပြောမှားပြီဆိုတာနဲ့ ရန်ပွဲကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲတော့တာပါ..။
ဒီလိုမိသားစုထဲမှာ ဖိုးတူးလေးကတော့ သိပ်ကို ငြိမ်သက်လွန်းလေသည်..။ ဒီတစ်ဦးတည်းသော သားလေးကို မအိမ့်က ဈေးကို အမြဲခေါ်သွားလေသည်..။ မအေဈေးရောင်းနေတုန်း ငြိမ်ငြိမ်လေးထိုင်နေသည့် သားမျက်နှာကိုကြည့်ပြီး အမောလည်းပြေရသည်။ တစ်နေ့မှာတော့ ဈေးလာဝယ်သည့် အမျိုးသမီးတစ်ဦးမှာ ဖိုးတူးနဲ့ရွယ်တူ ကလေးတစ်ယောက်ပါလာလေသည်..။ ထိုကလေး လက်ထဲမှာ ၀က်သားပေါက်စီတစ်လုံးကို ကိုင်ပြီး အားပါးတရစားသောက်နေသည်ကို ဖိုးတူးလေး ငေးကြည့်နေလေသည်..။ ထိုကလေး အဝေးကိုရောက်သည်အထိ ဖိုးတူးမျက်လုံးလေးက ပေါက်စီနောက်သို့ မမှိတ်မသုန် လိုက်ပါသွားလေသည်..။
အဲဒီနေ့ကစလို့ ပေါက်စီကိုမြင်ဖူးသွားသည့် ဖိုးတူးလေး.. ပေါက်စီဆိုင်ရှေ့မှ ဖြတ်သွားတိုင်း အငွေ့တထောင်းထောင်းထနေသည့် ပေါက်စီပေါင်းအိုးကို လည်ပြန်ငေးနေမိသည်..။ ရက်တွေ ကြာလာတော့ မအိမ့်လည်း ဖိုးတူးလေးကို သတိပြုမိလာသည်...။ ဖိုးတူးက ဘယ်တော့မှ မတောင်းဆိုတတ်ပေမယ့် သူ့မျက်လုံးလေးထဲမှာ ထိုပေါက်စီတို့ကို ငတ်မွတ်နေသည့် အရိပ်တို့က အတိုင်းသားမြင်နေရသည်လေ...။ မအိမ့်စိတ်မကောင်း...။ အမြတ်များများကျန်မည့်နေ့မှာ ပေါက်စီတစ်လုံး ၀ယ်ကျွေးရမယ်လို့ တေးမှတ်ထားမိသည်..။ ဈေးရောင်းမကောင်းလျှင် ပေါက်စီဝယ်လို့မဖြစ်..။ ၀က်သားပေါက်စီတစ်လုံးက ငါးရာလောက်ပေးရသည်..။ ငါးရာဆိုတာ ငွေနည်းနည်းထပ်စိုက်လျှင် တနေ့စာ ဟင်းစားဖြစ်သည် မဟုတ်ပါလား..။ ဒါနဲ့ပဲ မအိမ့်တစ်ယောက် တစ်နေ့ကို ငါးကျပ်တန်သည်၊ တစ်ဆယ်တန်သည် ဘယ်သူမှမသိအောင် တိတ်တိတ်ကလေး ဖဲ့စုနေမိသည်..။ မနက်တိုင်း ပေါက်စီကို ငေးနေသည့် သားမျက်ဝန်းလေးကို မြင်ယောင်မိရင်း မအိမ့်တိတ်တိတ်ကလေး မျက်ရည်ဝဲရသည်..။
တစ်နေ့မှာတော့ မအိမ့်စုထားသည့်ငွေလည်း အတော်လေးရှိလာ၊ ဈေးရောင်းရတဲ့ အမြတ်လည်း နည်းနည်းများတာကြောင့် ဖိုးတူးလေးလက်ကို ဆွဲခေါ်ပြီး ပေါက်စီဆိုင်သို့ ဂုဏ်ယူစွာ လျှောက်လှမ်းလာခဲ့တော့သည်..။ ၀က်သားပေါက်စီလေးတစ်လုံးဝယ်ပြီး သားဖြစ်သူကို ပြုံးပြလိုက်သည်..။ ဖိုးတူးလေးမျက်ဝန်းထဲမှာ အရောင်တွေ တောက်လို့...။ ဒါနဲ့ အိမ်ရောက်သည်နှင့် အကြွားသန်သည့် ညဉ်လည်း မဖျောက်နိုင်တာကြောင့် ပေါက်စီဋီကာတွေ ချဲ့နေလေတော့သည်..။
`ကိုမည်းတူရေ... ရှင့်သားလေး စားချင်တဲ့ ပေါက်စီကို ကျွန်မမှာဖြင့် ဒီနေ့ဝယ်ကျွေးနိုင်ပြီသိလား..။ အေးလေ.. ပေါက်စီဆိုတာကလည်း ဈေးကခေါင်နေတာကိုး..။ တော်ရုံဘယ်စားနိုင်မလဲ..။ ဒါကို ၀ယ်လာနိုင်ဖို့ဆိုတာလည်း ဘယ်လွယ်မလဲရှင်..။ ကဲ.. သားဖိုးတူးရေ.. ပေါက်စီကို ကိုယ့်ဘာသာကိုပဲ စားနော်...။ ဘေးက ငတ်ကြီးကျတာတွေကလည်း များများနဲ့.. ဟင်း..`
အပြောအဆိုကမတတ်တာမို့ ကိုယ့်စကားဘယ်ရောက်သည်မသိ...။ တမင်ပင်ပြောလေသည်လားမသိ.. ပြောလည်းပြော မျက်လုံးကလည်း ဟိုကြည့်ဒီကြည့်မို့ သိပ်မကြာခင်ပဲ သူတစ်ခွန်း၊ ငါတစ်ခွန်းဖြင့် ရန်ထဖြစ်လေတော့သည်..။
အခုချိန်ထိ ပေါက်စီကို ဖိုးတူးလက်နှင့် မထိရသေး..။ မအေ့လက်ထဲမှာပဲ ရှိသေးတာကြောင့် ရန်ဖြစ်နေသည့် အမေထက် လက်ထဲမှ ပေါက်စီကို စိုးရိမ်တကြီးငေးကြည့်နေလေသည်..။ မအိမ့်မှာလည်း ရန်ဖြစ်သည့် အရှိန်က တက်နေသည်မို့ လက်ထဲမှ ပေါက်စီကိုလည်း သတိမပြုမိတော့..။ သူတစ်ခွန်း၊ ငါတစ်ခွန်း အော်ဆဲကြရင် ထမီစွန်တောင်ဆွဲကုန်တော့သည်..။ အရှိန်တက်လာသည့် ရန်ပွဲက နပန်းလုံးသည့် အဆင့်သို့ ရောက်လာခဲ့သည်..။ ပေါက်စီကိုထုတ်ထားသည့် ကျွတ်ကျွတ်အိပ်လေးမှာလည်း ပြဲလို့..။ အထဲက ပေါက်စီမှာလည်း ပိပြားလို့..။
ဖိုးတူးလေးမှာ ထိုပေါက်စီကို ပြေးလုလိုက်ချင်ပေမယ့် အနေကလည်းအေး၊ ရန်ပွဲကိုလည်း ကြောက်တာမို့ စိုးရိမ်သောကဖြင့် ပြည့်နေသော မျက်ဝန်းဖြင့်သာ ငေးကြည့်နေရရှာလေသည်..။ ဒါပေမယ့် ဆံပင်ဆွဲ၊ နပန်းလုံးနေသည့် မိခင်လက်ထဲမှ ထိုပေါက်စီလေး လွတ်ထွက်သွားတာ ကြမ်းခင်းပေါ်မှ တလိမ့်ချင်း တလိမ့်ချင်းဖြင့်... မြေပြင်ပေါ်သို့ ကျသွားလေသည်..။ ဖိုးတူးက အမောတကော လိုက်ကောက်ပေမယ့် ပေါက်စီက မြေပြင်ပေါ်မှာ လိမ့်ကာ လိမ့်ကာဖြင့် အိမ်ရှေ့ဗွက်တောထဲမှာ ရပ်တန့်သွားလေသည်..။ အဲဒီပေါက်စီနားကို ဖိုးတူးလေးရောက်သွားချိန်မှာတော့.. ဗွက်ရည်တို့က ပေါက်စီထဲကို တဖြည်းဖြည်းချင်း စီးဝင်နေလေတော့သည်..။
ဗွက်ရည်ဖြင့် ပေကျံနေသည့် ပေါက်စီလေးကို ကောက်ကိုင်လိုက်ရင်း ဖိုးတူး `ဟီး` ကနဲ အော်ငိုလေတော့သည်..။ မွေးကတည်းက အငိုနည်းလွန်းသည့်ကလေးရဲ့ အော်ငိုသံကြောင့် ရန်ဖြစ်သံများ တမုဟုတ်ချင်း ငြိမ်ကျသွားလေသည်။ ဖိုးတူးကတော့ ပေါက်စီလေးဘေးမှာ ဆောင့်ကြောင့်ထိုင်ပြီး ချုံးပွဲချငိုလို့...။
အဲဒီနေ့ကစလို့ ပေါက်စီဆိုတာ အဲဒီအိမ်မှာ ဘယ်သူမှ စကားမစရဲတော့..။ ပြီးတော့ အဲဒီအိမ်လေးမှာ ရန်ဆိုတာလည်း ဘယ်တော့မှ မဖြစ်တော့...။ ပေါက်စီဆိုင်ရှေ့ဖြတ်သွားတိုင်း ဖိုးတူးတစ်ယောက် ယောင်လို့မှ ပေါက်စီကို မကြည့်တော့..။ မအိမ့်မှာလည်း ပေါက်စီဆိုင်ရှေ့ရောက်တိုင်း ခြေမကိုင်မိ၊ လက်မကိုင်မိဖြင့် ဖိုးတူးမျက်နှာကို စေ့စေ့မကြည့်ရဲတော့ပေ...။ ဆိုင်ထဲက ၀က်သားပေါက်စီကတော့ အငွေ့တထောင်းထောင်းထလို့...။ ရေးသားသူ........ နေ၀သန်

No comments:
Post a Comment