ကျွန်မတစ်ယောက် အပေါင်းအသင်းနည်းတယ်သာပြောတာပါ၊ ရှိတဲ့အပေါင်းအသင်းနဲ့ သူငယ်ချင်းတွေကိုတော့ အတော်ခင်တတ်တယ်။ ဆယ်တန်းကျောင်းသူဘ၀နဲ့ တက္ကသိုလ် ကတည်းကခင်လာတဲ့ သူငယ်ချင်းဆိုလို့ အားလုံးပေါင်း ၆ယောက်လောက်ပဲရှိမယ်။ ဒါပေမယ့် ခုထိ သူတို့ကိုအခင်အမင်မပျက်သေးပါဘူး။ ကျွန်မက သံယောဇဉ်အတော်ကြီးတတ်တယ်။ ကိုယ့်ကိုကိုယ်လည်းသိတယ်။ အိမ်မှာကူဖော်လောင်ဖက်အနေနဲ့ လာနေတဲ့ ကလေးတွေ ကိုလည်း သံယောဇဉ်တွယ်ခဲ့ဖူးတယ်။ အရင်ကအိမ်မှာ ၁၇နှစ်အရွယ် ကောင်မလေးတစ်ယောက် မွေးစားသဘောအနေနဲ့လာနေ ပါတယ်၊ အိမ်အလုပ်လည်းကူလုပ်ရင်း၊ ကျွန်မနဲ့ဆိုင်ဖွင့်တာကိုလည်း ကူလုပ်ရတယ်။ သူနဲ့ကျွန်မက အိမ်မှာချက်ပြုတ်တော့လည်းအတူ ဆိုင်ဖွင့်တော့လည်း အတူဆိုတော့ သံယောဇဉ်ပိုတွယ်မိတယ်ထင်ရဲ့။ ပြဿနာတစ်ခုကြောင့် သူ့ကိုပြန်ပို့မယ်ဆိုတော့ ကျွန်မ ၀မ်း နည်းလိုက်တာ ရင်ထဲဆို့နင့်ပြီးမျက်ရည်တောင်ဝဲမိတယ်။ သူကလည်းတရှုံ့ရှုံ့နဲ့ပေါ့။ သူ တကယ်ပြန်သွားတော့ ကျွန်မမှာနေမထိထိုင်မသာ ဘာကိုမှမလုပ်ချင်မကိုင်ချင်နဲ့ ဆိုင်ကို တောင်ပိတ်ထားရသေးတယ်။ အဲဒီနောက် ကိုယ့်ကိုကိုယ် ပြန်နေသားကျဖို့ကို အတော်လေး အချိန်ယူလိုက်ရတယ်လေ။ ကျွန်မရဲ့ အထက်အောက် ညီမကဆို အစ်မက တော်တော် စိတ်ပျော့တာကိုး ဆိုပြီးပြောပါတယ်။ ကျွန်မကပဲ အပိုတွေဖြစ်နေသလားမသိ...။ ဒီလိုပါပဲ နောက်ထပ် အိမ်ကိုရောက်လာကြတဲ့ ကောင်မလေးတွေကိုလည်း အချိန်ကာလ ကြာလာတာနဲ့အမျှ ကျွန်မ သံယောဇဉ်တွယ်နေသေးတာပါပဲ။ ကျွန်မနဲ့ခင်မင်ပြီး သိလာရတဲ့ သူအားလုံးကို သံယောဇဉ်ဖြစ်သွားတတ်လို့လည်း ကျွန်မခံစားခဲ့ရပေါင်းတွေများပါတယ်။ အခုဆိုရင်ဆေးရုံမှာတွေ့ဆုံပြီး ခင်မင်သိကျွမ်းခဲ့တဲ့သူတွေကို ကျွန်မသနားနေမိသလို သံယောဇဉ်တွေလည်း ဖြစ်နေရပြန်ပါတယ်။ နောက်ပြီး ကျွန်မကို သူတို့ခွဲခွာသွားတိုင်း ကျွန်မ ၀မ်းနည်းမဆုံးဖြစ်နေတတ်တယ်။ ကျွန်မကိုယ်ကျွန်မလည်း တစ်ခါတစ်လေ တကယ် စိတ်ပျက်မိတယ်။ အဲဒီလို သံယောဇဉ်တွယ်မှုတွေကြောင့်ပေါ့။ ကျွန်မလူတစ်ယောက်ကို ချက်ချင်းတော့မခင်တတ်ပါဘူး၊ ခင်ပါပြီဆိုရင်လည်း အဲဒီလူတစ်ယောက်ကို တော်ရုံ သံယောဇဉ်နဲ့တော့မဟုတ်ပါဘူး။ ဆေးရုံမှာတွေ့တဲ့ ကလေးအရွယ် လူနာတွေကျတော့ ကျွန်မက သနားမိတယ်လေ။ ဒါကတော့ ကျွန်မရဲ့အားနည်းချက်လားမသိဘူး။ အဲဒီ အားနည်းချက်ကြောင့်လည်း ကျွန်မအမြဲ ပူလောင်နေရတာထင်ပါတယ်။ အခုဆိုရင် အပြင်မိတ်ဆွေထက် အွန်လိုင်းတွေကနေတဆင့် ခင်မင်သိကျွမ်းလာကြတဲ့ အွန်လိုင်းမိတ်ဆွေများ ကျွန်မရရှိလာပါတယ်။ အွန်လိုင်းထဲကဆိုပေမယ့် သူတို့ကိုလည်း သူငယ်ချင်းမိတ်ဆွေတွေလိုပဲ ခင်မင်တဲ့ စိတ်လေးနဲ့ ပြောဆိုဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းကိုသိသိချင်း ရောရောနှောနှော မဆက်ဆံဖြစ်တာကလည်း ကျွန်မအကျင့်တစ်ခုပါပဲ။ ကျွန်မ ယုံကြည်လောက်တဲ့သူမျိုးကို ခင်မင်တတ်ပြီး၊ ခင်မင်သိကျွမ်းလာတဲ့ အချိန် ကာလအရ ကျွန်မအကျင့်အတိုင်း သံယောဇဉ်ဖြစ် လာတတ်ပါတယ်။ သံယောဇဉ်တွေက ချည်နှောင်ထားတဲ့ သဘောရှိတယ်လို့ဆိုကြတာပဲ။ မမြင်နိုင်တဲ့ သံယောဇဉ်တွေက တစ်ခါတစ်ရံအေးချမ်းသလို၊ တစ်ခါတစ်ရံလည်း ပူလောင်ရပါတယ်။ သံယောဇဉ်ဆိုတဲ့အဓိပ္ပါယ်ကို ကျွန်မ သေချာမပြောတတ်ပေမယ့် လူတစ်ယောက်ကို သံယောဇဉ်ရှိပြီဆိုရင်တော့ အဲဒီလူကို သံယောဇဉ်ဖြတ်ဖို့ ခက်တယ်လို့ ကျွန်မထင်ပါတယ်။ မိသားစုသံယောဇဉ်၊ မောင်နှမသံယောဇဉ်၊ သူငယ်ချင်းမိတ်ဆွေ သံယောဇဉ်နဲ့ ချစ်သူ တွေကြားမှာလည်း သံယောဇဉ်ဆိုတာရှိကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သံယောဇဉ် ဆိုတာ ဖြစ်ပေါ်လာတတ်တာပဲလို့ထင်ပါတယ်။ အဲဒီနောက် အချိန်ကာလအလျှောက် သံယောဇဉ်က ပိုခိုင်မြဲတတ်ပါတယ်။ ကျွန်မတို့ လူသားတွေဟာ မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း၊ မိတ်ဆွေ စသည်ဖြင့် သံယောဇဉ်တွေတွယ်တတ်ကြလို့ သံယောဇဉ်သားကောင်ဆိုပြီး တက္ကသိုလ်ဘုန်းနိုင်က ကဗျာလေးရေးဖွဲ့ထားတယ်ထင်ပါရဲ့။ ဘလော့တစ်ခုမှာဖတ်ရလို့ သဘောကျပြီး ကူးယူထား မိပါတယ်။ သံယောဇဉ်နဲ့မကင်းနိုင်ကြတဲ့အတွက်လည်း သံယောဇဉ်ကြောင့် ၀မ်းနည်းဝမ်းသာ တွေရှိခဲ့သလို၊ နာကျင်မှုတွေလည်း ဖြစ်ခဲ့ရပုံပါပဲ။ အဲဒါကို ဒီကဗျာလေးက စပ်ဆိုထားတယ်လို့ သဘောပေါက်မိပါတယ်။ သံယောဇဉ်သားကောင် တစ်ယောက်တစ်ဘက် နှစ်ယောက်လက်ဖြင့် ဆွဲဆန့်ဘူးလား သံယောဇဉ်ကြိုး သည်လိုတိုးပေါ့ ဆွဲနေတုန်းတော့ရှည်တာပေါ့ တစ်ဘက်တစ်စ လွှတ်ချလိုက်ရင် တွယ်တာတတ်သူ မလွှတ်သူမှာ ထူပူသွားအောင် နာတတ်တယ်... ... အဲ့ဒီထဲမှာ မင်းပါဖူးလား နာဖူးလား ကိုယ်ပါဖူးတယ် နာဖူးတယ် ..... တက္ကသိုလ်ဘုန်းနိုင် ဟုတ်ပါတယ်။ ကိုယ့်ရဲ့သံယောဇဉ်ကို တစ်ဖက်ကနားလည်မှုမရှိတဲ့အခါမှာလည်း နာကျင်မှု ဖြစ်ရပါတယ်။ ကျွန်မရဲ့အတွေ့အကြုံလေးပေါ့။ သူက အွန်လိုင်းမှပထမဦးဆုံး မိတ်ဆွေ သူငယ်ချင်းလည်းဖြစ်ပါတယ်။ သူ တကယ်လည်း ရိုးသားလွန်းပါတယ်။ ဘာကိုမှလိမ်ညာ ဟန်ဆောင်ခြင်းမရှိပဲ သူ့အကြောင်းများကို မေးစရာမလိုအောင် ပြောပြတတ်သူပါ။ သူ့ကို အဲဒီလိုရိုးသားမှုတစ်ခုနဲ့ ယုံကြည်ပြီး၊ ခင်မင်သွားခဲ့တဲ့ ကျွန်မက သူငယ်ချင်း၊ မိတ်ဆွေအဖြစ် သံယောဇဉ်ပါဖြစ်ခဲ့ဖူးပါတယ်။ သို့ပေမယ့် သူနဲ့ပတ်သတ်တဲ့ မိန်းခလေးတစ်ယောက်ကို လည်း သူကရိုးသားစွာ ကျွန်မရဲ့အကြောင်းတွေ ပြောပြခဲ့တာကြောင့်၊ သူနဲ့ကျွန်မရဲ့ သံယောဇဉ် ပြတ်တောက်သွားခဲ့ရတဲ့ထိပါပဲ။ အဲဒီကောင်မလေးက သူဘ၀အတွက် ရွေးခြယ်မယ့် လူတစ်ယောက်ဆိုတော့၊ သူ့သူငယ်ချင်းဖြစ်တဲ့ ကျွန်မကိုသာဖြတ်ရမယ်လို့ ဆုံးဖြတ်တယ် ထင်ပါတယ်။ ကျွန်မနဲ့အချိန်တော်တော်ကြာကြာ ထိအဆက်အသွယ်ပြတ် သွားခဲ့ဖူးတယ်။ သံယောဇဉ်ဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက်ကိုယှဉ်ပြီး ရွေးခြယ်ရတာမျိုး မဟုတ်ပါဘူး။ အဲဒီလိုသာဆို ကျွန်မတို့ ဆန့်ကျင်ဖက်ဖြစ်တဲ့ လူနှစ်ဦး သံယောဇဉ်ဖြစ်လို့ မရတော့ဘူးပေါ့။ ဒီလိုပဲတွေးရတော့မှာပါ။ သံယောဇဉ်မှာ မိန်းခလေးယောကျာင်္းလေး ခွဲခြားတာမျိုးမရှိပါဘူး။ သံယောဇဉ်ဆိုတာ ဖြူစင် ပါတယ်၊ သံယောဇဉ်ကမှ တဆင့်ဖြစ်ပေါ်လာမယ့် အခြားအကြောင်းတရားတွေကိုတော့ ကျွန်မ မဆိုလိုချင်ပါဘူး။ သံယောဇဉ်မှာ အမှားရှိပါ့မလား။ သံယောဇဉ်ကို ဘာနဲ့တားဆီးလို့ရနိုင်မလဲ။ သံယောဇဉ်ဖြစ်ပြီးသား လူတစ်ယောက်ကို ကျွန်မကတော့ ဘာအကြောင်းနဲ့ဖြစ်ဖြစ် သံယောဇဉ်မဖြတ်ချင်ပါဘူး။ ဒါကြောင့်လည်း ကျွန်မရဲ့ပထမဦးဆုံး အွန်လိုင်း သူငယ်ချင်းကို သံယောဇဉ်မဖြတ်ခဲ့သလို သူ့ကိုအပြစ်လည်းမတင်ခဲ့ပါဘူး။ အဲဒါကြောင့်ပဲလား မသိပါဘူး၊ ကျွန်မကို သူကပဲ ပြန်လည်ဆက်သွယ်လာခဲ့တာကို ကျွန်မ အံ့သြစွာ ကြုံတွေ့ခဲ့ရတယ်။ လူတစ်ဦးနဲ့တစ်ဦးဆုံတွေ့ရမှုကြောင့် သံယောဇဉ်တွေဖြစ်လာရပါတယ်။ အချို့ကတော့ မဆုံ တွေ့ရသေးပဲ အွန်လိုင်းထဲကနေခင်မင်ရုံနဲ့ သံယောဇဉ်ဖြစ်လာကြတာတွေလည်းရှိကြပါတယ်။ ကျွန်မလည်းလိုင်းထဲကနေခင်မင်တဲ့ မောင်လေး ညီမလေးများနဲ့ သံယောဇဉ်ဖြစ်နေသူ တွေရှိပါတယ်။ သံယောဇဉ်နဲ့ပတ်သတ်လို့ ကျွန်မတစ်ယောက် အမြဲလိုလိုဝမ်းနည်းဝမ်းသာ တွေဖြစ်ဖြစ်နေရပါတယ်။ ခုထိလည်း ကျွန်မမှာခင်မင်မိတဲ့သူတွေအပေါ် သံယောဇဉ်ဖြစ်ရ တုန်းမို့ ၀မ်းနည်း၊ ၀မ်းသာမှုဆိုတာတွေကိုလည်း ကြုံတွေ့နေရတုန်းပါလို့...။ ဘ၀သံသရာထဲမှာ ကျင်လည်ကြရမယ့် လူတိုင်းလူတိုင်း ကတော့ သံယောဇဉ်တွေက ကြိုးများလို ရစ်ပတ်နေကြမှာပါ။ သို့ပေမယ့် အချို့က သံယောဇဉ် သိပ်မထားတတ်ကြဘူးလို့ဆိုပါတယ်။ အဲဒီလိုမျိုးဆိုရင်တော့ ကျွန်မလို ၀မ်းနည်း၊ ၀မ်းသာမှုတွေလည်း ဖြစ်ရပါအုံးမလား...။ ကျွန်မတို့လို ပုထုဇဉ်လူသားတွေအဖို့ သံယောဇဉ်တွေအတော်များကြပါတယ်။ ဒါပေမယ့် လည်း တွေ့၊ ဆုံ၊ ကြုံ၊ ကွဲ ဖြစ်မြဲ ဓမ္မတာပါလို့…. မှတ်ချက်။ ။ ရေးထားတာကြာပြီဖြစ်ပေမယ့် ရွှေပြည်တော်ကြီးသို့ရောက်လာသော ဘလော့ဂါတစ်ဦးရဲ့ မိသားစုနဲ့တွေ့ဆုံရ ခြင်း အမှတ်တရလေးအဖြစ် ဒီပိုစ့်ကိုတင်လိုက်ရခြင်းပါ။ ပိုစ့်ခေါင်းစဉ်ကိုတော့ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ကဗျာခေါင်းစဉ်လေးပဲယူသုံးလိုက်ပါတော့တယ်။
ရေးသားသူ- သုခုမလေဒီ
-သံယောဇဉ်သားကောင်-
ရေးသားသူ- သုခုမလေဒီ
No comments:
Post a Comment