>
-လူထုကျန်းမာရေး( ဖြည်းဖြည်းသာလာ အို.. ဇရာ)-
**Public Health**
သင့်အသက်ဟာ အခု ၂၀ ( သို့ ) ၃၀ ကျော်စမှာရှိနေပြီး သင့်အသားအရေဟာ ဆယ်ကျော်သက်အရွယ်လို နုပျိုဆဲလို့ ထင်နေနိုင်ပါတယ်။ ဒါဆိုရင်တော့ သင်မှားနေပါပြီ။ သင်ကြုံတွေ့ခဲ့ရတဲ့ နေလောင်ဒဏ်၊ မီးခိုးငွေ့၊ စိတ်ဖိစီးမှု စတာတွေကြောင့် သင့်အသားအရေရဲ့နုပျိုမှုကို ထိခိုက်နေပါပြီ။ သင့်အရေပြားဟာ စတင်အိုမင်းနေပြီး အမျှင်ဓာတ်တွေ လျော့နည်းလာလို့ တောက်ပမှု၊ နူးညံ့ချောမွေ့မှုတွေ လျော့ကျလာနေပါတယ်။ ဇရာရဲ့ရှေ့ပြေး အရေးအကြောင်းတွေလည်း မသိမသာစတင်ဖြစ်ပေါ်နေပါတယ်။ အသားအရေပျက်စီးခြင်းကို ပြန်လည်ပြုပြင်ခြင်းထက် ကာကွယ်ခြင်းကပိုလွယ်ကူပါတယ်။ ဒါကြောင့် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေရန်နဲ့ ပြန်လည်နုပျိုလာပြီး ဘယ်အသက်အရွယ်မှာမဆို အသားအရေစိုပြေပြီး တောက်ပလှပနေစေဖို့ ဆောင်ရန် ( ၅ ) ချက် နဲ့ ရှောင်ရန် ( ၅ ) ငါးချက်ကို ဖော်ပြလိုက်ပါတယ်။
-လုပ်ဆောင်ရမည့်အချက် ( ၅ ) ချက်-
၁။ ဆေးလိပ်သောက်ခြင်းကို ရပ်လိုက်ပါ။
- ဆေးလိပ်ကို နှစ်ရှည်လများစွဲသောက်နေသူတွေရဲ့အသားအရေကို သတိထားကြည့်ဖူးပါသလား? စက္ကူအိတ်ကိုခြေထားသလို အရေးအကြောင်းတွေဖြစ်ပေါ်နေနိုင်ပါတယ်။
- ဆေးလိပ်သောက်ခြင်းဟာ နေလောင်ဒဏ်ခံရခြင်းပြီးရင် အများဆုံးအသားအရေကိုပျက်စီးစေတဲ့ ဒုတိယအချက်ပါပဲ။
- ဘာကြောင့်လဲဆိုရင် ဆေးလိပ်မှာပါတဲ့ Nicotine က သွေးကြောတွေကိုကျဉ်းစေပြီး အရေပြားကို Oxygen ရောက်ခြင်းကိုနည်းစေလို့ အရေပြားရဲ့လုပ်ငန်းဆောင်တာတွေကို နှောင့်နှေးစေလို့ ဖြစ်ပါတယ်။
၂။ ဗီတာမင်အေလိမ်းဆေး (Retinoid) ကို နေ့စဉ် သို့ ရက်အနည်းငယ်ခြားပြီးလိမ်းပါ။
- ဆရာဝန်က ညွှန်ကြားထားသော ဗီတာမင်အေလိမ်းဆေး ( ဥပမာ Retin A)ကို နေ့စဉ်လိမ်းခြင်းအားဖြင့် သင့်မျက်နှာပေါ်မှဇရာကို ဖယ်ရှားပေးနိုင်ပါတယ်။
- အရေပြားဆိုင်ရာအထူးကုဆရာဝန်များက ဗီတာမင် A လိမ်းဆေးများဟာ အမှန်တကယ်ကောင်းမွန်သော အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တဲ့ဆေးများဖြစ်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။
- ဗီတာမင်အေလိမ်းဆေးများဟာ သင့်မျက်နှာပေါ်မှာရှိတဲ့ သေဆုံးပြီးသားဆဲလ်တွေကို ကွာကျစေရုံသာမက အရေးအကြောင်းငယ်လေးတွေကို လျှော့နည်းစေခြင်းဖြင့် သင့်ကို (၁၀) နှစ်လောက်ပိုပြီးနုပျိုသွားတယ်လို့ ထင်ရစေပါတယ်။
- ဒါပေမယ့် သင်ဗီတာမင်ဆေးလိမ်းဆေးများသုံးနေရင် နေရောင်ခြည်ဒဏ်မခံပါနဲ့။ သင့်မှာ နေလောင်ကွက်တွေဖြစ်ပေါ်နိုင်ခြေပိုများလို့ ဖြစ်ပါတယ်။
၃။ တစ်ပတ်မှာတစ်ကြိမ် မျက်နှာပေါင်းတင်ပါ။
- မျက်နှာပေါင်းတင်ခြင်းအပြင် မျက်နှာချေးချွတ်ခြင်း (Facial scrub)၊ ရေဓာတ်ဖြည့်ပေးတဲ့ mask (Hydra mask)၊ ရေနွေးငွေ့ တို့ကို အသုံးပြုပြီး မျက်နှာဆေးခြင်းတို့နဲ့လည်း ဆဲလ်အဟောင်းတွေကွာကျအောင် ပြုလုပ်နိုင်ပါတယ်။
၎။ နေပူပူ ၊ မိုးရွာရွာ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ။
- နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်တဲ့ လိမ်းဆေးများလိမ်းပါ။ အပြင်ထွက်တိုင်း ထီး၊ ဦးထုပ်၊ နေကာမျက်မှန်စတဲ့ အကာအကွယ်တွေကို မမေ့ပါနဲ့။
- ငယ်စဉ်ထဲက နေရောင်ခြည်ကိုကာကွယ်တဲ့ အလေ့အကျင့်လုပ်ပါ။
- ဆောင်းတွင်းဘက်မှာတောင် အကာအကွယ်မပါဘဲ နေရောင်ခြည်နဲ့ မိနစ် ၂၀ မျှ ထိတွေ့ရုံနဲ့ သင့်အသားအရေ ပျက်စီးဖို့လုံလောက်ပါတယ်။
၅။ ပြတင်းပေါက်မှ ၀င်ရောက်လာတဲ့ နေရောင်ခြည်တွေကို သတိထားပါ။
- ပြတင်းပေါက်များကို ခန်းဆီး၊ လိုက်ကာများနဲ့ ကာရံထားပါ။
- ရုံး၊ အလုပ်စတာတွေကို ကား၊ ရထားနဲ့ အမြဲသွားလာနေရသူတွေမှာ တစ်နှစ်ကို နာရီပေါင်း ၂၀၀ ခန့်နေရောင်ခြည်နဲ့ ထိတွေ့နေရပြီး ၈၀ ရာခိုင်နူန်းသော နေရောင်ခြည်ထိတွေ့မှုက ကားပြတင်းပေါက်တွေမှတဆင့် ဖြစ်ပါတယ်။
- အသားအရေပျက်စီးစေတဲ့ အဓိကအကြောင်းဖြစ်တဲ့ နေရောင်ခြည်ကြောင့် သင့်အသားအရေပျက်စီးခြင်းကို ကာကွယ်ရန် Solar Gard ကဲ့သို့ ပြတင်းပေါက်အကာများကို တပ်ဆင်ပါ။
-ရှောင်ရန် ( ၅ ) ချက်-
၁။ သင့်အသားအရေကို ပွတ်ခြင်း ၊ ဆွဲခြင်း မပြုပါနဲ့။
- သင့်အရေပြားဟာ နှစ်ကြာလာတာနဲ့အမျှ UV rays၊ စိတ်ဖိစီးမှု၊ ကာဗွန်မိုနောက်ဆိုဒ် စတာတွေရဲ့တိုက်ခိုက်မှုကို ခံထားရပြီးဖြစ်ပါတယ်။
- ဒါကြောင့် အရေပြားကို ပွတ်ခြင်းဆွဲခြင်းဖြင့် သင့်အသားအရေကို ပိုပြီး ပျက်စီးအောင်မလုပ်ပါနဲ့။
၂။ သင့်အသားအရေကို အစိုဓာတ်ပေးဖို့ မမေ့ပါနဲ့။
- ခြောက်သွေ့တဲ့အသားအရေဟာ အရေးအကြောင်းကိုဖြစ်ပေါ်စေလို့ အစိုဓာတ်ဖြည့်ပေးခြင်းဖြင့် အရေးအကြောင်းတွေကို လျော့ကျစေပါတယ်။
- အိုမင်းရင့်ရော်လာခြင်းကို ခုခံကာကွယ်နိုင်စွမ်းရှိတဲ့ သဘာဝပစ္စည်းတွေဖြစ်တဲ့ ဗီတာမင်အေ (retinol)၊ copper သို့ ဗီတာမင်စီစတာတွေ ပါဝင်တဲ့ moisturizes တွေကို ရွေးချယ်သုံးစွဲသင့်ပါတယ်။
- မျက်လုံးနားတစ်ဝိုက်ကအရေးအကြောင်းတွေအတွက် ကောင်းမွန်တဲ့ eye creams တွေကိုလည်း
သုံးသင့်ပါတယ်။
၃။ သင့်ရဲ့ လည်ပင်းနဲ့ ရင်ဘတ်ပိုင်းကို လျစ်လျှုရူမထားပါနဲ့။
- လည်ပင်းနဲ့ ရင်ဘတ်ပိုင်းဟာ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက်စာရင် အဆီဂလင်းနည်းပါးတာကြောင့် အိုမင်းရင့်ရော်လာခြင်းလက္ခဏာကို ပထမဆုံးပြသပါတယ်။
- လူအများစုက ဒါကိုလျစ်လျုရူထားပါတယ်။
- မျက်နှာကို ဂရုစိုက်သလို လည်ပင်းနဲ့ ရင်ဘတ်ပိုင်းကိုလည်း သေချာဂရုစိုက်ပေးပါ။
၎။ မျက်မှောင်ကျုံ့မထားပါနဲ့။
- စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေပဲ တွေးမနေပါနဲ့။
- စိတ်ဖိစီးမှုတွေဟာ လူကိုချက်ချင်းလက်ငင်း အိုသွားစေပါတယ်။
- မျက်မှောင်ကျုံ့ပြီး မျက်နှာကို ရှုံ့မဲ့နေတာကလည်း အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာဖို့ တွန်းအားပေးနေပါတယ်။
- ဒါကြောင့် တတ်နိုင်သလောက် စိတ်ကိုရော မျက်နှာကကြွက်သားတွေကိုပါ ဖြေလျှော့ထားပါ။
- အရာရာကို အကောင်းမြင်ပြီး ပြုံးပြုံးရွှင်ရွှင်နေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေပြီး ပိုကြည့်ကောင်းစေသလို ပိုလည်းနုပျိုနေစေပါတယ်။
၅။ အသားအရေကို တစ်ခါတစ်ရံမှထိန်းသိမ်းခြင်း မပြုပါနဲ့။
- အသားအရေကို တစ်ခါတစ်ရံမှထိန်းသိမ်းခြင်းကြောင့် အကျိုးသိပ်မရှိလှပါဘူး။
- အမြဲဂရုစိုက်နေမှသာ သင့်အသားအရေက လှပနေမှာပါ။
- ညတိုင်းအိပ်ရာမ၀င်မီ မျက်နှာသစ်ခြင်းဟာ ချွေးပေါက်ပိတ်ခြင်းကိုကာကွယ်ပေးပြီး သင့်အရေပြားနဲ့ ထိတွေ့ထားတဲ့ အညစ်အကြေးအားလုံးကိုသန့်စင်စေလို့ အရေးကြီးပါတယ်။
- နေရောင်ခြည်ဒဏ်မှကာကွယ်ခြင်း၊ အစိုဓာတ်ဖြည့်ပေးခြင်း၊ သင့်အသားအရေနဲ့သင့်တော်တဲ့ ပစ္စည်းများသာအသုံးပြုခြင်း၊ အရေပြားလှပစိုပြေမယ့် အစားအသောက် အနေအထိုင်များကို အမြဲလိုက်နာကျင့်ကြံခြင်းဖြင့် သင့်အသားအရေဟာ အမြဲနုပျိုလှပနေမှာဖြစ်ပါတယ်။
www.myanmarskylink.com မှကောက်နှုတ်ဖော်ပြသည်။
**မေမွန်ကျော်**

No comments:
Post a Comment