-နားမလည်နိုင်သော ဖြစ်ရပ်တစ်ခု-
ထိုမြို့ငယ်လေးသည် အမှောင်ရိပ်အောက်ဝယ် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ကျွန်တော်၏ နေအိမ်သည် ထိုမြို့လေး၏ အစွန်၊ ၀ါးရုံတောများဖြင့် အုပ်ဆိုင်းနေသည့်နေရာတွင် တည်ရှိသည်။ အစွန်ဖြစ်သည့်အတွက် တဖက်ခြမ်းတွင် လူနေအိမ်ခြေများရှိသော်လည်း ကျန်တဖက်တွင်ကား ကြီးမားသည့် ခြုံနွယ်တို့ဖြင့် ပိန်းပိတ်နေသည်။ နေ့ခင်းဘက်တွင် မြွေပါးကင်းပါးစိုးရိမ်လွန်း၍ မသွားရဲလောက်အောင်ရှိသည့် ထိုတောအုပ်ကြီးသည် ညဘက်တွင်ကား မည်းမည်းသဏ္ဌာန်အဖြစ် ဖန်တီးနေပေတော့သည်။ တခါတခါ ညဥ့်ငှက်ထအော်ကာ ပျံဝဲသွားလျှင် ကြက်သီးများထရလောက်သည်အထိ ရင်တုန်ရတတ်သည်။ မီးဖိုချောင်လေးထဲတွင် ကျွန်တော်တို့မိသားစု အတူထိုင်နေကြသည်။ အေးမြသည့် ဆောင်းကာလမို့ မီးလှုံရင်း ကျွန်တော်က ထိုဘေးတွင် စာကျက်နေသည်။ ကျွန်တော်တို့အားလုံး တစုံတရာကို စောင့်ဆိုင်းနေကြလေသည်။ ကျွန်တော်၏ စိတ်အာရုံတို့မှာ စာထဲတွင်ရှိမနေတော့ပဲ နာရီဆီသို့ အကြည့်က ခဏခဏရောက်သွားသည်။ မီးအားအလွန်နည်းလှသည်မို့ တအိမ်လုံးဒီမီးချောင်းလေးကိုသာ အဖော်ပြုနေရသည်မို့ အိမ်ရှေ့ဆီသို့လှမ်းကြည့်လိုက်ပါက ဘုရားစင်မှ ဖယောင်းတိုင်မီးမှလွဲ၍ ဘာကိုမျှ သဲသဲကွဲကွဲမမြင်ရ..။ အားလုံး၏ မျက်နှာမှာ တစုံတခုအတွက် စိတ်လှုပ်ရှားနေကြဟန် ပေါ်လွင်နေကြသည်။ “ဒေါင်.......ဒေါင်..” ရုတ်တရက် နာရီမြည်သံကြောင့် ကျွန်တော်ဆတ်ကနဲတုန်သွားသည်။ အားလုံး၏ အကြည့်တို့က နာရီလက်တံဆီသို့ ဦးတည်နေကြသည်။ တဆတ်ဆတ်လှုပ်ရှားနေသော နာရီလက်တံ...။ ရှစ်နာရီ ငါးမိနစ်သို့ ရောက်ရှိမည့်အချိန်ကို ငြိမ်သက်စွာ စောင့်စားနေကြသည်။ တချတ်ချတ်ဖြင့် မြည်နေသောလက်တံလေး ငါးမိနစ်သို့အရောက်... “ဒုန်းးးးးးးးးး” ကျယ်လောင်သည့် အသံကို အားလုံးကြားလိုက်ရသည်။ ကျွန်တော်တို့အားလုံး ထိုင်ရာမှ ထလိုက်ပြီး ထိုနေရာသို့ အမြန်ပြေးလွှားခဲ့ကြသည်။ အိမ်ရှေ့တံခါးမကြီးဆီကိုပါ...။ တံခါးချက်ကို အမြန်ဖွင့်ကြည့်လိုက်တော့ ဘာမျှ မရှိ။ ၀ါးရုံတောမှ တရှဲရှဲမြည်သံမှလွှဲ၍ ညသည် တိတ်ဆိတ်လွန်းနေပြန်သည်။ အားလုံး၏ မျက်နှာမှာ မရွှင်မပျ။ ဟုတ်သည်။ ညတိုင်း ရှစ်နာရီ ငါးမိနစ်တိတိတွင် ဒီတံခါးမှ ဒီလိုမြည်နေသည်မှာ တပတ်ကျော်ခဲ့ပြီ။ အစက သတိမပြုမိခဲ့သော်လည်း ညတိုင်းမြည်ခြင်း၊ အချိန်မှန်မြည်ခြင်းတို့ကြောင့် ကျွန်တော်တို့ စိတ်ဝင်စားခဲ့ရသည်။ အစက ဆောင်းတွင်းမို့ နေ့ဘက်နေအပူဒဏ်နှင့် ညဘက်အအေးဒဏ်တို့ကြောင့် သစ်သား၏ ကျုံ့ခြင်း၊ ပွခြင်းတို့ကြောင့်ဖြစ်မည်ဟု ကောက်ချက်ချမိသော်လည်း အဘယ့်အတွက်ကြောင့် အချိန်မှန်နေရသနည်း။ တစက္ကန့်မှ မစွန်းပဲ တူညီသည့် အချိန်တွင် မြည်နေသည်က ထူးဆန်းလွန်းနေသည်။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခုကို ကျွန်တော်တို့ချလိုက်ကြသည်...။ နောက်တစ်နေ့ညဘက်မှောင်ရီပျိုးချိန်...။ အချိန်ကား ၆ နာရီခွဲခန့်..။ ကျွန်တော်တို့အားလုံး ပြင်ဆင်နေကြသည်။ တုတ်၊ ဓါးမ၊ လေးခွ၊ လောက်စားလုံး၊ ဓါတ်မီး စသည်ဖြင့် ပစ္စည်းစုံအောင် ပြင်ဆင်ကြသည်။ အဲဒီနောက် အိမ်ရှေ့တံခါးမကို မြင်သာနိုင်သည့် ခြံအကွယ်တခုတွင် နေရာယူလိုက်ကြသည်။ ရာသီဥတုမှာ အေးလွန်းသဖြင့် ခိုက်ခိုက်တုန်အောင် ချမ်းလှသည်။ ခြင်တို့က ကိုက်လှသည်။ အားလုံး အသံမမြည်ပဲ ငြိမ်သက်စွာ စောင့်စားပြီးနောက် အိမ်တွင်းမှ ညရှစ်နာရီထိုးသည့် အသံကို ကြားလိုက်ရသည်။ အားလုံးနားတွေစွင့်၊ မျက်လုံးကိုဖွင့်ပြီး ထိုအိမ်ရှေ့မျက်နှာစာကိုသာ ကြည့်ရှုနေတော့သည်။ ရှစ်နာရီ လေးမိနစ်နှင့် ၄၅ စက္ကန့်..။ ရုတ်တရက် လေနုကြမ်းလေးတစ်ခု တိုက်ခတ်သွားသည်။ တဖက်မှ တောအုပ်ဆီမှ လေတိုက်နှုန်းက တဖြည်းဖြည်းမြန်လာသည်။ ရုတ်တရက် ခပ်မည်းမည်းအရိပ်တခု ပြေးလွှားလာနေသည်။ ရှစ်နာရီ လေးမိနစ်နှင့် ၅၅ စက္ကန့်..။ တဖြည်းဖြည်းဖြင့် ထိုအရိပ်မည်းကြီးသည် တံခါးဝနားသို့ချဉ်းကပ်လာသည်။ လူအရိပ်မဟုတ်...။ ဘာအရိပ်ရယ်လို့လည်း မသိ။ မီးခိုးတန်းကဲ့သို့ အရိပ်တခု...။ တံခါးဝကို ရုတ်တရက် ၀င်ဆောင့်လိုက်သည်။ အချိန်ကား ၅ မိနစ်တိတိ...။ အဲဒီနောက် ထိုအရိပ်ကြီး မီးခိုးတန်းကဲ့သို့ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ ကျွန်တော်တို့အားလုံး မှင်သက်နေမိသည်။ တစ်ယောက်လက်ကို တစ်ယောက် မြဲမြဲကိုင်လိုက်ကြသည်။ လက်ထဲတွင် အားလုံး ချွေးစီးကိုယ်စီဖြင့်....။ အဲဒီနောက် မနက်မှာတော့ ကျွန်တော်တို့ ဆွမ်းကပ်ကြသည်။ ပရိတ်ရွတ်ကြသည်။ ခြံတလျှောက်လုံး ပရိတ်ရည်များ ပက်ဖြန်းကြသည်။ အဲဒီညနေ အားလုံးစိတ်ချမ်းသာစွာဖြင့် တပြုံးပြုံးရှိနေကြသည်။ ဒီနေ့ညဘက် ဘာမှ မဖြစ်နိုင်တော့ဟု နှလုံးပိုက်မိကာ စိတ်ထဲတွင် ပျော်ရွှင်နေကြသည်။ ရုတ်တရက် အိမ်ရှေ့တွင် အမျိုးသမီးတစ်ဦး...။ အလှူခံအထင်ဖြင့် ကျွန်တော်ထွက်ကြည့်လိုက်သည်။ ထိုမျက်ထောင့်နီဖြင့် မိန်းမက ကျွန်တော်တို့ကို စူးစိုက်ကြည့်ကာ “နင်တို့တွေ ငါတို့ကို နှိပ်စက်ခဲ့ကြတယ်။ နင်တို့လည်း ပြန်ခံစားစေရမယ်.........” ဟူ၍ တတွင်တွင်အော်ဟစ်ကာ ထွက်ပြေးပျောက်ကွယ်သွားခဲ့လေတော့သည်။ အဲဒီနေ့ညဘက် ရှစ်နာရီငါးမိနစ်တွင် ဘာမှ မဖြစ်တော့..။ ဘာသံမှ မကြားရတော့သည့်အတွက် ကျွန်တော်တို့ စိတ်ချမ်းသာသွားကြသည်။ အဲဒီနောက် ပျော်ရွှင်စွာ ကျွန်တော်တို့ အိပ်ရာဝင်ခဲ့ကြသည်။ ............
နောက်တစ်နေ့ နံနက်ရောက်တော့ မြို့သူမြို့သားများအားလုံး ထိုအိမ်ကို ၀ိုင်းကြည့်နေကြလေသည်။ ထိုအိမ်လေးမှာ မည်သူမျှ မသိလိုက်ပဲ မီးလောင်ကျွမ်းကာ မိသားစုဝင်များ တစ်ယောက်မကျန် သေဆုံးခဲ့ကြလေသည်။ ထိုမီးလောင်ခဲ့သည့် အိမ်လေးနေရာတွင် မည်သူမှ အိမ်ဆောက်မရ၊ သစ်ပင်ပန်းမန်တို့ ရှင်သန်မရပဲ ကျက်ကုန်းကဲ့သို့ ဖြစ်နေသည်မှာ ယခုထက်ထိတိုင်အောင်ပင်ဖြစ်သည်။ ထိုဖြစ်ရပ်လေးမှာ နားမလည်နိုင်သော ဖြစ်ရပ်အဖြစ် တဆင့်စကား တဆင့်လက်ကမ်းခဲ့သည်မှာ ယခုထက်တိုင်အောင်ပင်ဖြစ်ပေတော့သည်။ (ဒီလိုအဖြစ်တွေက စုန်း၊ ကဝေလောကမှာ ဖြစ်ပျက်လေ့ရှိသည်။ ကျွန်တော်ကတော့ ဒီအကြောင်းလေးကို ကြားသိပြီးတဲ့နောက်မှာ ဆပ်ရန်ကျန်သော ၀ဋ်ကြွေးကို ဆပ်ခြင်းသာလို့ပဲ ထင်မြင်ချက်ပေးမိပါသည်။)
ရေးသားသူ........ နေ၀သန်

No comments:
Post a Comment