-မြေကြီးအောက်က လူသားတစ်ယောက်-
မိုးကောင်းကင်ကြီးက ပြိုတော့မယောင်...၊၊
ကောင်းကင်တစ်ခုလုံးခဲပုတ်ရောင်တိမ်ဆုပ်တိမ်စိုင်တွေကတစ်စတစ်စမင်းမူလာသည်..၊၊ မကြာမီပင်...ပြာလွင်နေ သော မိုးသားပြင်တစ်ခုလုံးကိုမည်းညိုနေသည့်တိမ်စိုင်များကနေရာယူသွားသည်..၊၊ လျှပ်ပန်းလျှပ်နွယ်များကတဖျပ်ဖျပ်ခတ်နေသည်...၊၊“ဂျိမ်း......ဂျိမ်း”ဟူသောမိုးခြိမ်းများကနတ်ဆိုးတစ်ပါး၏လေ ချွန် သံနှယ် သူ့စိတ်ဝယ်ခံစားရသည်..၊၊သူကြောက်မိသည်၊၊ဟုတ်သည်၊၊မိုးရွာမှာ သူကြောက်မိသည်..၊၊
မိုးပေါက်လေးတွေ တဖြောက်ဖြောက်ကျလာပြီ..၊၊မိုးက ထပ်ခြိမ်းပြန်သည်၊၊မိုးခြိမ်းသံသည် သူ့နားထဲတွင်
သေမင်းအော်သံလို စူးရှအက်ကွဲနေသည်...၊၊
“မိုးမရွာပါစေနဲ့...၊၊မိုးသည်းသည်းမည်းမည်းမရွာပါစေနဲ့...၊၊”
သူ့နှုတ်မှမိုးမရွာဖို့ဂါထာရွတ်သလိုခပ်ဖွဖွဆုတောင်းနေမိသည်၊၊သူ့ဆုတောင်းမပြည့်ချင်၍ လားမသိ၊၊မိုးစက်ပွင့်လေးများတဖြောက်ဖြောက်သာ ပျင်းပျင်းတွဲ့တွဲ့ရွာနေသောမိုးသည် ဝေါခနဲအသံနက်
ကြီးဖြင့်အားပါးတရရွာချလာတော့သည်..၊၊
“ ဒုက္ခပါပဲ...၊၊မိုးကလည်းကွာ..၊၊တောက်..၊ဒီရက်ပိုင်းဒီလိုချည်းပဲ ...ဟင်း..”
သူထိုင်နေသည့်လမ်းဘေးပလတ်ဖောင်းလေးဘေးမှ ရေဆိုးရေညစ်များဖြတ်စီးသွားသည်..၊
၊ရေစီးကြောင်းကြီးကို
အရောင်မဲ့သောမျက်ဝန်းများဖြင့်သူလိုက်ကြည့်နေမိသည်.၊၊ဖြစ်နိုင်ရင်ဥတုသုံးလီအနက်မိုးကိုကျော်ပစ်ပြီးဆောင်းနှင့်နွေတို့ကိုသာ သူရှိစေချင်သည်၊၊မိုးဥတုသည်သူ့ကိုဒုက္ခအပေးဆုံးရာသီပင်ဖြစ်သည်၊၊သူ့ရဲ့ပိုင်ဆိုင် မှုတွေအနက် တန်ဖိုးအရှိဆုံးဖြစ်သည့်အရောင်လွင့် ၊ကိုင်းကျိုးထီးစုတ်စုတ်လေးကိုဖွင့်လိုက်ရတော့သည်..၊၊ သူဆက်ထိုင်မနေတော့ဘဲ ...ပြန်ရန်စဉ်းစားသည်၊၊ “ အို.......ဘယ်ဖြစ်မလဲနော်...၊၊ဆက်ထိုင်နေ...၊၊ဆက်ထိုင်နေစမ်း...ငွေအောင်..၊၊ မင်း..ပြန်လို့မဖြစ်ဘူး..၊၊မင်းပြန်လို့ မဖြစ်ဘူးနော်...၊၊” သူ့ကိုယ်သူ့ပြန်အားတင်းနေမိသည်၊၊မိုးရွာထဲမှာအားတင်းပြီးသူ့ဆက်ထိုင်နေမိသည်၊၊ သူ့နှင့်ခပ်လှမ်းလှမ်းတွင်ဗယာကြော် ကြော်နေသောကုလားလေးဆီမှအနံ့ကသူ့နှာခေါင်းဝကို မြူဆွယ်သည်၊၊ သူတံတွေးကို တစ်ချက်မျိုချမိသည်၊၊အခုမှ သူ့ဗိုက်ကပိုဆာလာသလိုခံစားရသည်၊၊သူ့မိန်းမကိုသူသတိရသွား သည်၊၊ “ အော်....၊သူလည်း ဆာရော့မယ်...၊၊ငါမြန်မြန်ပြန်မှ ဖြစ်မယ်..၊၊” ထိုသို့ သူတွေးမိပြီး မျှော်လင့်ချက်မဲ့ မျက်လုံးများဖြင့်သူ့ရှေ့က ရေခွက်ညစ်ညစ်လေးဆီ အကြည့်ရောက်တော့တစ်ဆယ်တန်၊နှစ်ဆယ်၊ငါးဆယ်တန် အကြွေတချို့က သူ့ကို လှောင်ပြုံးပြုံးပြသည်..၊၊ တစ်ရာတန်ပင်မပါသော ငွေအကြွေအချို့ကိုသူနွမ်းရိနေသည့်အကြည့်ဖြင့်ထပ်ကြည့်မိပြန်သည်..၊၊ “ဟို...သူတောင်းစားကြီး...ကြည့်စမ်း..၊၊မိုးဒီလောက်သည်းနေတာတောင်...၊” “အယ်တော့....ဟုတ်ပါရဲ့...နော်...၊၊” သူမော့ကြည့်မိသည်..၊၊သူ့မျက်ဝန်းမှာ မျှော်လင့်ချက်တို့လည်းခိုတွဲလို့၊၊အမျိုးသမီးနှစ်ယောက်..၊၊ အသက်က ၄၀ နီးနီးတွေဆိုတော့ သူ့မှာသာသမီးရှိပါက သူ့သမီးအရွယ်ပင်၊၊တစ်ယောက်ကပိုက်ဆံအိတ်ဖွင့်သည်..၊၊ သူ့ရင်နည်းနည်းခုန်သွားသည်၊၊စိတ်ထဲမှာလည်း ကြိတ်၍ဆုတောင်းနေမိသည်၊၊နှစ်ရာတန်လား ၊ ငါးရာတန်လား ၊၊အို ...ဘာဖြစ်ဖြစ်ပါ..၊၊သူရင်ခုန်လာသည်၊သူခေါင်းငုံ့၊ထားမိသည်..၊၊ “ဟာ...အကြွေလည်းမရှိတော့ပါလား...၊၊ခုနကားခပေးလိုက်လို့ ကုန်ပြီထင်တယ်..၊၊” သူမရဲတရဲမော့ကြည့်မိသည်.၊၊အို...ပိုက်ဆံအိတ်ကိုဇစ်ပြန်ပိတ်နေပါရောလား..၊၊ သူ့မျှော်လင့်ချက် ပန်းပွင့်လေးမွကြွေသွားသည်.၊၊ “ အစ်မအကြွေမရှိလည်း ပေးမနေနဲ့တော့..၊၊လာ လာ မိုးတွေက ဒီလောက်ရွာနေတာ သူကလည်းနော် လောဘကြီးလွန်းတယ်..၊၊” ထို့နောက် အမျိုးသမီးနှစ်ယောက် သူ့ရှေ့မှ ထွက်သွားကြည်၊၊သြော်...လောဘကြီးတယ် .တဲ့လား၊၊သူတောင်းစားတဲ့လား..၊၊သူ့ဘ၀သူတွေးကာ ရင်နာလာသည်၊၊အံကိုယောင်ယမ်းပြီး ကြိတ်မိတော့ ယိုင်နဲ့နဲ့သွားတွေကကျင်လာသည်၊၊လေနည်းနည်းခပ်ပြင်းပြင်းတိုက်တော့ ထီးလေးလှန်သွားသည်၊၊ သူ့ရှေ့ကလူတစ်သုတ်ဖြတ်သွားပြန်သည်၊၊သူမျှော်လင့်ချက်ကို ပြန်တင်းထားပြန်သည်၊၊ ၊ခြေသံတွေသာ ဆုံးသွားသည်၊၊သူ့ရဲ့မျှော်လင့်ချက်မြက်ပင်လေးသည် မွဲခြောက်စွာကျန်ခဲ့ရှာသည်၊၊ ရုံးဆင်းလာသော ၀န်ထမ်းများကိုကြည့်ရင်း သူ့ရဲ့ဘ၀တစ်စိတ်တစ်ဒေသအပေါ် အတွေးတွေဖြတ်ပြေး သွားသည်၊၊သူ့အသက် (၄၀)အရွယ်မှာပင် သူ့ရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းခဲ့ရသည်၊၊သူစောင့်ရသော ဂိုဒေါင် အဖောက်ခံရသည်၊၊သူခိုးတွေကသူ့ကိုပါရိုက်နှက်သွားခဲ့ကြသည်၊၊ဆေးရုံရောက်ပြီးတစ်လလောက်ကုလိုက်ရ သည်၊၊ဆေးကုပြီးတော့လည်း သူ့အလုပ်လုပ်သည့်ရုံးကတာဝန်ဝတ္တရားပေါ့ဆမှုဖြင့်စွဲချက်တင်သည်၊၊သူ့မှာ အရိုက်ခံရ၍ခြေနှစ်ချောင်းလုံးအလုပ်မလုပ်နိုင်တော့သည့်အပြင် ထောင်(၁) နှစ်ပါအဆစ်ကျလိုက်သေး သည်..၊၊ “တောက်.....၊” တောက်တစ်ချက်ကို ခပ်မာမာတောက်မိသည်၊၊လမ်းသွားလမ်းလာတချို့ကွက်ကြည့် ကြည့်လုပ်သွားတော့သူခေါင်းပြန်ငုံ့ထားလိုက်ရသည်၊၊“ဟူး....သူတောင်းစားဖြစ်ရတာ တောက်တောင်ခေါက် ခွင့်ရယ် မရှိပါလား ”ဟူ၍မသက်မသာတွေးမိသည်။သူ့တွေးနေသောအတွေးစကို ပြန်အစဆွဲသည်၊၊ အမှန်တကယ်တော့ တောင်းရမ်းစားနေရခြင်းကိုသူစက်ဆုပ်သည်၊၊ထောင်မှလွတ်စဉ်အရွယ်ကောင်းတုန်း
တည်း က အလုပ် လုပ်ကြည့်ရန်ကြိုးစားခဲ့သည်၊၊သို့သော် မည်သူမှသူ့ကိုအလုပ်မခန့်ချင်၊၊ဂျာနယ်လေးလိုက်ရောင်း ကြည့်တော့လည်းအဆင်မပြေ၊၊ခြေနှစ်ချောင်းလုံးမသန်သူမို့ အေးအေးဆေးဆေးထိုင်နေရမည့် ကိုယ်ပိုင်အလုပ် တစ်ခု စဉ်းစားကြည့်ပြန်တော့ အရင်းအနှီးထုတ်ချေးမည့်သူမရှိပေ..၊၊အို.......သူ့အကြောင်း သူတွေးရင်းသူ့ရင်ထဲတွင်တစ်ဆို့လာခဲ့သည်၊၊မွန်းကြပ်လာခဲ့သည်..၊၊ သားသမီးမရှိ၍တော်သေးသည်၊၊သို့သော်သားသမီးများရှိလျှင်တော့သူလည်းဒီအဖြစ်မျိုးရောက် လိမ့် မည် မဟုတ်ဟုထင်မိသည်၊၊သူ့ဇနီးသည်ကအစကတော့သူ့ကိုရှာကျွေးရှာသည်၊၊နောက်သူတို့နှစ်ယောက်အသက် (၅၀)လောက်မှာ...သူ့ဇနီးလေဖြတ်သည်၊၊သူတွေးရင် ယူကြုံးမရဖြစ်ရပြန်သည်၊၊ ၀မ်းရေးကို ဖြေရှင်းရန်အကြောင်းဆုံးနည်းလမ်းကိုနောက်ဆုံးတွင်သူရှာတွေ့ခဲ့သည်၊၊ သူ့ရဲ့ဒုက္ခိတဘ၀ကိုအသုံးချလိုက်ခြင်းပင်၊၊သူ့နေ့တိုင်းသည်ကားဂိတ်လေးတွင် ရေခွက်လေးချပြီး ပေးသမျှဖြင့် အသက်ဆက်နေရသည်၊၊သူ့ဇနီးကတော့ အိပ်ယာထဲမို့သူလုပ်သမျှဘာမှမသိရှာ..၊၊ ဒုက္ခိတသူနှင့်ရောဂါသည်သူ့ဇနီးတို့လောက် ဆိုးသောဘ၀ကိုမည်သူတွေ့ဖူးပါသနည်းဟုပင် သူမေးလို့ရ လျှင်သူမေးချင်ပါသည်၊၊ မိုးကလည်းမစဲနိုင်သေး၊၊သူ့စိတ်သည် နုံးချိလာ၏..၊၊အိမ်ပြန်ချင်သော်လည်းသူ့ရှေ့ကခွက်လေးက မပြန်ဖြစ် အောင်ဆွဲထားသလို...၊၊ သူခြေသံတွေကို မျှော်လင့်ချက်ကြီးစွာ နားစွင့်နေမိသည်၊၊တဖျပ်ဖျပ်ခြေသံတွေသည် သူ့ကိုကျော်လွှား၍သွားကြပြီ..၊၊နေလုံးနီနီသည်လည်း အရောင်ပျောက်လုနေပြီ...၊၊တိမ်ညိုတိမ်မည်းတို့ကြား အလင်းရောင်သည် ပျောက်ဆုံးလုပြီ....၊၊ဟိုး......အနောက်ဘက်ဆီသို့ ငှက်တို့လည်း အိပ်တန်းဝင်ကြပြီ...၊၊ သူမိုးသားတွေကိုကြည့်ပြီး တီးတိုးဆဲမိပြန်သည်၊၊မိုးရွာသောကြောင့်လူများသည်ခပ်သုတ်သုတ် သာ သွားနေကြသည်၊၊ထိုကြောင့် သူမိုးကိုမုန်းမိခြင်းဖြစ်သည်၊။သူသွားလူလာလည်း ပြတ်လုပြီ...၊၊မိုးကတော့ သည်းတုန်း..၊ရွာကောင်းတုန်းပင် ၊၊ “ ဟူး........” သူ့စိတ်ကို လျှော့ချရန်ကြိုးစားမိသည်၊၊သူပြန်သင့်နေပြီမဟုတ်ပါလား..၊၊ ဘေးမှာချထားသောဂျိုင်းထောက်ကို
သူဆွဲယူလိုက်သည်..၊၊အားယူ၍ထရပ်သည်၊၊အောက်ပိုင်း ပုဆိုးတစ်ထည်လုံးရွှဲစိုနေပြီ...၊သူလက်တွေလည်း အေးစက်နေသည်.၊၊မတ်တပ်ရပ်မှ ပိုချမ်းလာ၍သူတုန်ရီ လာခဲ့သည်.၊၊ခွက်ထဲမှ ပိုက်ဆံတွေကို သူ့ရဲ့အင်္ကျီအိတ်ကပ်လေးထဲ ထည့်သည်...၊၊သူ့အတွက်တော့ မျှော်လင့်စရာဘာမှ မရှိတော့...၊၊ဒီနေ့ ဒီလောက်သာ...၊၊ ဂျိုင်းထောက်လေးကို ထောက်ပြီးတစ်လှမ်းတစ်လှမ်း လာခဲ့သည်..၊၊ “ဂျွတ် ” ရေသန့်ဘူးခွံလေးတစ်ခုကို ထောက်မိသွားသည်၊၊သူမျက်မှောက်ကျုတ်၍ကြည့်သည်၊၊ပြီးတော့ “ဖျောင်း”ခနဲအားရပါးရ ဂျိုင်းထောက်ဖြင့်ပိတ်ကန်ပစ်လိုက်သည်...၊၊ သူအားရပါးရပြုံးသည်..၊၊အသံထွက်အောင်ပင်ရယ်မောမိသည်..၊၊သူ ကျေနပ်သွားပြီ ဖြစ်သည်၊၊ မိုးရွာသည်ကို မကျေနပ်သည့်စိတ်သည်လည်းကောင်း...၊ သူ့ဘ၀သူ့နာကျည်းသည့်စိတ်သည်လည်းကောင်း ထိုရေသန့်ဘူးခွံ့လေးကိုသူ့ဂျိုင်းထောက်ဖြင့်ကန်လိုက်ရသဖြင့် ကျေနပ်သွားပါသည်...၊၊ သူစိတ်ရှိလက်ရှိ အမြဲအနိုင်ရသည်မှာ ရေသန့်ဘူးခွံ့လေးများသာ ဖြစ်ပါတော့သည်...၊၊
Posted by မောင်ရေချမ်း

No comments:
Post a Comment