-လောကရဲ့ ငြိမ်းချမ်းရေး သမီးပျိုကို ကမ္ဘာကြီးက မတ်တပ်ရပ် လက်ခုပ်တီး ၊အလင်း ကော်ဇောခင်းပြီး ကြိုဆိုတယ်-
(Design:Ko Myo)ငတ်မွတ် ခေါင်းပါး ၊ အကျင့်ပျက် ခြစားမှုများ တိုက်ဖျက်မဲ့ လက်တွေလိုတယ် ၊ ဘ၀ပျက်များကို သေတွင်းနက်ထဲ တွန်းပို့မဲ့ လက်နက်တွေ မလိုဘူး ..။
ကမ္ဘာကြီးဟာ သူကိုယ်တိုင် စိုက်ပျိုးတဲ့
စစ်တောထဲ မျက်ရည်မြစ်မှာ အကြိမ်ကြိမ် ရေတိမ်နစ် နေခဲ့တယ် ..။
သောကတွေ တိုက်စားလို့ ဖောက်ပြားခဲ့ နေ့ရက်တွေ အာဖရိကမှာ ရှိတယ် ..
စနစ် လမ်းလွဲကို အလိုက်မှားလို့ ငိုကြွေးနေစဲ လမ်းများ အာရှမှာ တွေ့တယ် ။
ကမ္ဘာစစ်နဲ့ လက်ထပ် ပေါင်းသင်း ၊ ပျော်ရွှင်ခြင်းများ ဥရောပမှာ ပျောက်ဆုံးဘူးတယ် ..။ ငါတို့ သေမင်း နိုင်ငံတော်ဟာ ကမ္ဘာ့ မကောင်းမှုမှန်သမျှကို ပုံတူကူး ပြဿနာအားလုံးအား မသိကျိုးကျွံ ပြုကာ ကိုယ့်ကိုကိုယ် ရူးချင်ယောင်ဆောင်ဖို့ ကြိုးစားနေလား ..။
ဝေဒနာတွေ တပွေ့တပိုက်နဲ့ မျက်ပြူးဆန်ပြာ
ယနေ့ကမ္ဘာမှာ သေချာတာတစ်ခုက ဟစ်တလာတွေ ထပ်မလိုတော့ဘူး ..။
မိဘမဲ့ ကမ္ဘာဟာ ကျိန်စာသင့် နေ့ရက်တွေ မရပ်မနား ဖြတ်သွားရင်း
မကောင်းမှုများနဲ့ လည်ပင်းဖက် ကြီးပြင်းခဲ့တယ် ..။
မသမာသူတွေက အကောက်ကြံမှုကို အမှောင်မှာ အားထုတ်
ကမ္ဘာအိုဟာ မျက်ရည်စိုကို လူမသိအောင် သုတ်တယ် ..။
အလကား ကမ္ဘာရယ်လို့ ကံကြမ္မာက အပြစ်မတင်စေဖို့
ပတ္တမြားမှန်လျှင် နွံမနစ်စေရဘူး ပြိုကွဲ ပျက်စီးခါနီး
သစ္စာတရားနဲ့ဘာသာရေး လူမျိုးရေး အစွန်းရောက်တွေ မီးဟုန်းဟုန်းတောက်
ဥပဒေမဲ့ နှလုံးသား ဒဏ်ရာများကို အနာဂတ်မှာ ကုစားရဦးမယ် ..။
ချိန်ကိုက်ဗုံးကို ခေါင်းအုံးအိပ်တဲ့ ကမ္ဘာမှာ အရေးပေါ် အတွေးအခေါ်နဲ့
မျက်နှာသစ် သံသယများနဲ့ အနီးမှုန် အဝေးမမြင် ၊
တိုးတိုးတိတ်တိတ် ပွင့်လင်း မြင်သာမှုများ
ယုံကြည်ခြင်းအား ပြတင်းတံခါးလို ဖွင့်လှစ်ထားဖို့ လိုအပ်တယ် ..။
ဟန်ဆောင် မျက်နှာဖုံးတွေအောက်
ရင်ထဲ မီးတောက်နေတဲ့ ကမ္ဘာ ငြိမ်းချမ်းရေး
ရေအေးအေး တစ်ခွက်လောက် အမြည်းမစားပဲ အငမ်းမရ သောက်ကြည့်ချင် တယ် ..။
အတိတ် ပိတ်ဆို့ခံ လောကရဲ့ ငြိမ်းချမ်းရေး သမီးပျိုကို
စစ်မက် ကမ္ဘာကြီးက မတ်တပ်ရပ် လက်ခုပ်တီး ကောင်းကင်ဝေဟင်ထဲ
အမြင့်ပျံ ချိုးဖြူငှက် လက်ချင်းယှက် နံနက်ခင်းက အလင်း ကော်ဇောခင်းပြီး ကြိုဆိုတယ်..။
**အောင်ခိုင်မြင့်**
၁၈ ဇွန်လ ၂၀၁၂
(ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၆၇ မွေးနေ့ အမှတ်တရ ဂုဏ်ပြုကဗျာ )

No comments:
Post a Comment