-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**သြစတြီးယားကောင်းကင်ဒိုင်ဗင်သမား ဘွမ်ဂတ္တနား ကမ္ဘာမြေအထက် ၁၈ မိုင်အမြင့်မှ ခုန်ဆင်းပြသ**
(နယူးမက္ကဆီကို(အမေရိကန်)၊ ဇူလိုင် ၂၇)
သြစတြီးယားနိုင်ငံမှ ကောင်းကင်ဒိုင်ဗင်ကျွမ်းကျင်ပညာရှင် ဖီးလစ်ဇ်ဘွမ်ဂတ္တနားဆိုသူသည် ဇူလိုင်၂၅ ရက်က ကမ္ဘာမြေပြင်အထက် ၁၈ မိုင်အမြင့် (ပေ ၉၆၆၄၀) မှ ဒိုင်ဗင်ထိုးဆင်းပြခဲ့သည်။ သူသည် ယခုနှစ်ကုန်ပိုင်းတွင် အာကာသအစွမ်းတစ်ဖက်မှ ကမ္ဘာမြေသို့ ဒိုင်ဗင်ထိုးဆင်းရန် ရည်ရွယ်လျက် ယခုအမြင့် ၁၈ မိုင်မှ စမ်းသပ်မှုတစ်ရပ်အဖြစ် ကမ္ဘာမြေသို့ ဒိုဗင်ထိုးဆင်းခဲ့ခြင်းဖြစ်သည်။ ၄င်းသည် အဆိုပါ အမြင့်မှ ၃ မိနစ် ၄၈ စက္ကန့်ဖြင့် ကမ္ဘာမြေသို့ ဆင်းသက်ခဲ့ရာ တစ်နာရီလျှင် ၅၃၆ မိုင်နှုန်းဖြင့် ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ အသက် ၄၃ နှစ်ရှိ ဘွမ်ဂတ္တနားသည် ကမ္ဘာမြေပြင်အထက် ၁၈ မိုင် အမြင့်မှ ခုန်ဆင်းပြီး ကမ္ဘာမြေအနီးရောက်ခါနီးမှ လေထီးဖွင့်၍ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ ၄င်းသည် အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် ရော့ဝဲလ်အရပ်၌ အောင်မြင်စွာ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ ၄င်းသည် ကမ္ဘာမြေပြင်အထက် ၂၃ မိုင် အမြင့်(ပေ ၁၂၅၀၀၀) မှ ခုန်ဆင်းရန် ရည်ရွယ်ထားသူဖြစ်သည်။ သူသည် လွန်ခဲ့သည့် မတ်လက ၁၃ မိုင်အမြင့်မှ ခုန်ချခဲ့ပြီဖြစ်သည်။ (အင်တာနက်)
**တရုတ်နိုင်ငံ ပေကျင်းမြို့ ရေကြီးမှု သေဆုံးသူ ၇၇ ဦးအထိ တိုးလာ**
(ပေကျင်း၊ ဇူလိုင် ၂၇)
အဆိုပါ သေဆုံးသူ ၇၇ ဦးအနက် ရုပ်အလောင်း ၆၆ လောင်းကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ပြီဖြစ်ကြောင်း အများစုသည် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပေကျင်းမြို့ တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။ ယင်းမိုးရွာသွန်းမှုသည် နှစ်ပေါင်း ၆၀ အတွင်း ပေကျင်းမြို့၌ အသည်းထန်ဆုံးဖြစ်ကြောင်း၊ ပို့ဆောင်ရေးစနစ်နှင့်လျှပ်စစ်ဓါတ်အားပေးစနစ်များ ကသောင်းကနင်းဖြစ်ခဲ့ရကြောင်း ဆင်ဟွာသတင်း၌ ရေးသားဖော်ပြထားသည်။ ၄င်းမိုးသည်ထန်းစွာရွာသွန်းခဲ့မှုကြောင့် ပေကျင်းမြို့တော် အဓိကလမ်းမကြီးများပေါ်တွင် ရေလျှံမှုများဖြစ်ပွားခဲ့ရသည်။ လေကြောင်းခရီးစဉ် ၅၀၀ ကျော်လည်း ဖျက်သိမ်းလိုက်ရပြီး ထောင်ပေါင်းများစွာသော ခရီးသွား ပေကျင်းလေဆိပ်၌ သောင်တင်ခဲ့သည်။ လူပေါင်း ၆၅၀၀၀ ကိုလည်း ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟုဆိုသည်။ (အင်တာနက်)**ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ၌ သစ်တောဟက်တာ ၁၅၀၀၀ ခန့်အတွင်း မီးလောင်လျက်ရှိ** (မော်စကို၊ ဇူလိုင် ၂၇) လောင်ကျွမ်းလျက်ရှိသည့် မီးကို ထပ်မံကူးစက်ပျံ့ပွားခြင်းမရှိအောင် ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း၊ အခြားသော ထပ်မံလောင်ကျွမ်းနိုင်သည့် ဟက်တာမှာ ၁၄၉၄၈ ဟက်တာရှိကြောင်း၊ ယင်းတို့မှာ ခရမ်နိုယာ့စ်ခရိုင်၊ တွန်းစ်ဒေသ၊ တူဗာ၊ ခါလက်ရှား၊ အီယာကွတ်ဒေသများတွင်ဖြစ်ကြောင်း ဒေသဆိုင်ရာ သစ်တောဦးစီးဌာနက ကြေညာထားသည်။ အဆိုပါဒေသသည် အလွန်ပူပြင်း ခြောက်သွေ့လျက်ရှိပြီး အပူချိန် ၃၅ ဒီဂရီနှင့် အထက်သို့ ရောက်ရှိနေခြင်းကြောင့် တောမီးများ အဆက်အပြတ်လောင်ကျွမ်းလျက်ရှိသည်။ ယင်းတောမီးများ အချိန်မီ ထိန်းချုပ်နိုင်ရေးအတွက် မီးသတ်ယာဉ် ၄၁၂ စီး လေယာဉ် ၂၄ စီး အသုံးပြုလျက် လူပေါင်း ၃၀၀၀ ခန့် မီးငြှိမ်းသတ်လျက်ရှိကြောင်း၊ ၄င်းတောမီးများသည် လူနေရပ်ကွက်များနှင့် လုပ်ငန်းနေရာများအနီးတွင်ရှိသဖြင့် အဆိုပါ နေရာများကို ခြိမ်းခြောက်လျက်ရှိရာ အဆိုပါနေရာများတွင် နေထိုင်သူများအား ပြောင်းရွှေ့ကြရန် သက်ဆိုင်ရာက နှိုးဆော်ထားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**စင်ကာပူ၌ အသက်အငယ်ဆုံး ယောက်ျားလေး ကျောက်ကပ်အစားထိုးကုသမှုအောင်မြင်**
(စင်ကာပူ၊ ဇူလိုင် ၂၇) စင်ကာပူနိုင်ငံတွင် အသက်ခြောက်နှစ်အရွယ်ယောက်ျားလေးတစ်ဦးအား ကျောက်ကပ်အစားထိုးခွဲစိတ်မှုပြုလုပ်နိုင်ခဲ့ရာ စင်ကာပူနိုင်ငံသမိုင်းတွင် အသက် အငယ်ဆုံး ကျောက်ကပ်အစားထိုးကုသနိုင်ခဲ့သူတစ်ဦး ဖြစ်လာခဲ့ကြောင်း ဇူလိုင် ၂၆ ရက်က အင်တာနက်သတင်း၌ ဖော်ပြသည်။ ဘာရင်လူအမည်ရှိ ၄င်းကလေးငယ်သည် သုံးနှစ်တာမျှ ကျောက်ကပ်ရောဂါခံစားနေရပြီး ကျောက်ကပ်လှူဒါန်းနိုင်မည့် အလှူရှင်တစ်ဦးကို နောက်ဆုံးအချိန်အဖြစ် မျှော်လင့်လျက်ရှိရာမှ ကျောက်ကပ်လှူဒါန်းသူတစ်ဦး ကြောင့် အသက်ရှင်သန်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ဘာရင်လူသည်မွေးကတည်းက ကျောက်ကပ်တစ်လုံးတည်း ပါရှိလာသူဖြစ်သည်။ သူမ၏မိခင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ်ရှိ မာဒမ်ဆီရီနေက သူမ၏ကျောက်ကပ်တစ်လုံးကိုပေးကာ ခွဲစိတ်ကုသပေးခဲ့သသော်လည်း အဆင်မပြေသဖြင့် ၂၀၀၉ ခုနှစ် စက်တင်ဘာလက ၄င်းကျောက်ကပ်ကို ပြန်လည်ဖယ်ရှားခဲ့ရသည်။ ယခုအခါ ၄င်း၏ မိသားစု အမည်မဖော်လိုသည့် အလှူရှင်တစ်ဦးက ကျောက်ကပ်လှူဒါန်းခဲ့သဖြင့် ဘာရင်လူ၏ အသက်မှာ ရှင်သန်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment