-ဘ၀အမောပြေ-
**အသက်ကိုရင်း၍ မိုက်ဝံ့ သူ**
ထောင်မှူးကြီးတစ်ဦးသည် ခွင့်ယူထားရာမှ အလုပ်ခွင်သို့ပြန်လည်ဝင်ရောက် သည်နှင့် နံနက်တွင် အကျဉ်းထောင်အတွင်း ဝင်ရောက်စစ်ဆေးမှုပြုလုပ်သည်။ ယခုကဲ့သို့ ထောင်ကျလူသစ် လူဖလံလေးတစ်ယောက်အပေါ် အားကောင်း မောင်းသန် ထောင်တွင်း လူပေလူတေ လူမိုက်ကြီးများက ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့နေကြပုံကို ဝါရင့်ထောင်မှူးကြီးမှာ နားမလည်နိုင်အောင် အံ့အားသင့် နေပြီး ထောင်ကျလူဟောင်းအုပ်စုထဲမှ လူမိုက်ထိပ်သီးတစ်ဦးဖြစ်သူ လမ်းမတော် ဖိုးတေအား လက်ညှိုးထိုး၍....
ထောင်မှူးကြီး ။ ။ ဖိုးတေ- မင်းတို့အားလုံး ဒီလူသစ်ကို အရမ်းကြောက်နေကြပုံ ပေါ်တယ်။သူက ဘယ်သူလဲ။ ဘာဖြစ်နေကြတာလဲကွ။
ဖိုးတေ ။ ။ သူက သေနတ်မသုံး၊ ဓားမကိုင်ဘဲ လူအများကြီးကို အစုလိုက် အပြုံလိုက် တစ်ချီတည်းနဲ့ သတ်ခဲ့တဲ့သူတဲ့- ဆရာကြီး။
ထောင်မှူးကြီးက မျက်ခုံးကျုံ့လျက် ထောင်ကျအကျဉ်းသား လူသစ်ဘက် လှည့်ကာ....
ထောင်မှူးကြီး ။ ။ အကျဉ်းသားသစ်- မင်းက ဘာအမှုလဲ၊ အပြင်မှာ ဘာတွေ လုပ်ခဲ့လို့လဲကွ-ဟေ။
ထောင်ကျအကျဉ်းသားလူသစ်သည် ရှုတည်တည်မျက်နှာဖြင့် မျက်လုံး လှန်ပင့်ကာ ထောင်မှူးကြီး၏အမေးကို လိုရင်းတိုရှင်းဖြေကြားပြောဆိုလိုက်သည်မှာ-
ထောင်ကျလူသစ် ။ ။ ကား..ဒ..ရိုင်..ဘာ..ပါ..ဆရာကြီး။
**ကျော်ခေါင်ဗလ**

No comments:
Post a Comment