- ကဒ်တခုရဲ့ နောက်ကွယ်-
မောင်.ဒီနေ့ည တော်တော်နဲ့ အိပ်မပျော်ဘူး သိလား။ အိပ်လည်း မအိပ်ချင်ဘူး။ အိပ်မပျော်တဲ့အချိန် ညရဲ့ တိတ်ဆိတ်မှုကိုလည်း မကြိုက်ဘူး။ မောင် သိသလား။ အရာရာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ဟာ မောင့်ကို သတိတရဖြစ်စေဖို့ တွန်းအားတွေ ပေးနေတယ်။ ငါ ဒီည ဘယ် အကြောင်းကြောင့် ဆိုတာကို အတိအကျ ပြောရခက်လောက်အောင်ကို တွေဝေနေမိတယ်။ လမ်းမပေါ်ကနေ ဝီခနဲမောင်းထွက်သွားတဲ့ ကားသံ ခပ်ပြင်းပြင်း ရယ်၊ အလန့်တကြားစုတ်သပ်လိုက်တဲ့ အိမ်မြှောင်တစ်ကောင်ရယ်၊ နောက်ဆက်တွဲ တချက်ချက်နဲ့ သွားနေတဲ့ နာရီသံကို ကြားမိချိန် ကိုရောက်မှ ငါလေ အသက်ရှုဖို့ သတိရတယ်။ ငါလေ ဘာလို့ အသက်ရှုဖို့ မေ့နေတာလဲ..မောင်သိလား။ ငါတို့ ၂ ယောက်ရဲ့ အနာဂတ်ကို လိုက်ရှာကြည့် မိတယ်။ လေထဲမှာ အိမ်ဆောက်ဖို့အထိ ရည်ရွယ်မထားပေမယ့် ငါ့အတွေးတွေက ဆက်သွားနေတယ်။ ငါတို့ အိမ်လေးကို မတွေ့ဘူးမောင်ရယ်။ လမ်းတစ်ဝက်မှာပဲ ငါလေ အသက်ရှုဖို့ ရပ်တန့်သွားရင်း၊ မွန်းကြပ်သွားရင်းနဲ့ ရုန်းထ လာခဲ့ရတယ်။ အဲ့ဒီလို အချိန်ရောက်ရင် မောင်ပြောတဲ့ “နင်.. ပင်ပန်းလိုက်တာ” ဆိုတဲ့ စကားကို သွားသတိရမိတယ်။ ချစ်တဲ့သူအဖို့တော့ ပင်ပန်းတယ်ဆိုတာတော့ ဘယ်ဟုတ်မလဲ မောင်ရယ်။ တခါတလေတော့ တွေးပူမိတယ်။ ငါဘာသာတောင် သတိမထားမိဘဲ မသိစိတ်ထဲကနေ မောင့်ကို နာကျည်းမုန်းတီးနေမိပြီး တချိန်ချိန်မှာ လှည့်မကြည့်ချင်လောက်အောင်ကို မုန်းသွားမိမလားလို့လေ။ အရင်တုန်းက ငါ့ သူငယ်ချင်းတစ်ယောက်ကို မောင်သိတယ်မလား။ ငါလေ သူ့ကို အရမ်းသည်းခံခဲ့တာ. အနွံတာခံခဲ့တယ်လေ။ ဘယ်သူတွေ ဘာပြောပြော ငါ စေတနာ မပျက်ခဲ့ဘူး သိလား။ အခုကျတော့ ငါသူ့ကို သိပ်မုန်းတာပဲ။ ငါ့ကို တချိန်လုံး အနိုင်ကျင့်သွားတယ်ဆိုတာက မသိစိတ်ထဲကနေ တပ်လှန့်နှိုးဆော်နေမိတယ်..။ သိပ်မကြာသေးခင် တပတ်လောက်က သူနဲ့ ကုန်တိုက်တခုမှာတွေ့တော့ သူ့မျက်နှာကို မြင်မြင်ချင်း ချက်ခြင်းလှည့်ထွက်လိုက်မိတယ်။ သူ့မျက်နှာကို မမြင်ချင်သလို အသံကိုလည်း မကြားချင်ဘူး။ ကုန်ကုန်ပြောရရင်လေ သူ့နာမည်ပါတဲ့ စကားအတွဲတွေကိုကအစ မသိချင်တော့ဘူး။ ငါက ချစ်ရင်လည်း လုံးလုံး၊ မုန်းလည်း လုံးလုံးဆိုတဲ့သူမျိုးလေ။ အဲ့ဒီတော့ မောင်နဲ့ ပတ်သက်ပြီး စိတ်အခန့်မသင့်တာတွေရှိတိုင်း စိတ်ထဲမှာ အစိုင်အခဲလို စုသွားမှာကို ကြောက်တယ်။ အရေးမကြီးပါဘူးလို့ စိတ်ထဲမှာ တွေးလိုက်မိတဲ့အရာတွေကနေ သံသယဖြစ်လောက်တဲ့အထိ စုခဲသွားမှာ မျိုးကို ငါ ကြောက်တယ် မောင်။ ဆိုပါတော့ မောင်က တခြားသူတစ်ယောက်အကြောင်းကို ပြောပြတဲ့အချိန်မှာ၊ မောင့်ရဲ့ Profile မှာ တခြား သူတစ်ယောက်ကို မောင်က အရေးတယူလုပ်ထားတဲ့ပုံမျိုးတွေတဲ့အခါမှာ ငါလေ ရင့်ကျက်လိုက်ချင်ပါတယ် မောင်။ အဲ့ဒါတွေဟာ အရေးကြီးတဲ့ ကိစ္စတစ်ခု မဟုတ်ဘူးလို့ ထင်လိုက်မိချင်ပါတယ်။ အဲ့ဒီလိုဖြစ်အောင်လည်း တခါတလေမှာ ကြိုးစားလိုက်မိတာပါပဲ။ ဒါပေမယ့် မောင်ရယ် ငါ အသက်ရှုကြပ်တယ်။ ငါ့ပတ်ဝန်းကျင်မှာ ရှုရှိုက်စရာ လေထုမရှိတော့သလို၊ ငါ့မှာ ဆုပ်ကိုင်မှီတွယ်ရာ မရှိတော့သလို ရုတ်တရက် လှောင်ပိတ်မွန်းကြပ်မိသွားတယ်။ ခန္ဓာကိုယ်ဟာ အကြိမ်ကြိမ်ကျုံ့သွားမိတယ်။ အဲ့ဒီလို ခံစားမှုအစအနလေးတွေ ကနေ မောင့်ကို မုန်းဖြစ် သွားမှာ ကြောက်တယ်။ ကိုယ်ခံစွမ်းအားကောင်းနေတဲ့အချိန်မှာ တော်ရုံကူးစက်ရောဂါလောက်ကို ခံနိုင်ရည်စွမ်းရှိပေမယ့် ဖျားနေတဲ့ အချိန်ရောက်ရင် နည်းနည်းလှုပ်တာကအစ မောဟိုက်ရသလိုပါပဲ မောင်။ အခုအချိန်မှာ မသိသာပေမယ့် တချိန်ချိန်ကျရင် ငါ ခံနိုင်ရည် ရှိပါ့မလား မောင်ရယ်။ အခုလေ မောင်နဲ့ ပတ်သက်ပြီး သဝန်တိုစိတ်ပေါ်လာမှာ တကယ်စိုးရိမ်တယ်။ အဲ့ဒီသဝန်တိုစိတ်ကြောင့် မောင်နဲ့ ငါတို့ကြားမှာ အမှောင် ဖုံးသွားမလားလို့လည်း စိတ်ပူရတာ အခါခါပါပဲ။ မောင်နဲ့ တွေ့ပြီးရင် နောက်ပြန်လှည့်ဖို့ဆိုတာက တော်တော်ကို ခက်ခဲပါတယ် အချစ်ရယ်။ မောင် ကျောခိုင်းလိုက်တဲ့ အချိန်တိုင်းမှာ မောင်နောက်ကို ပြန်လိုက်ချင်တဲ့စိတ်ဟာ တကယ့်ကို နွမ်းနယ်ရတယ်။ ငါလေ လူတွေ အနားမှာ ရစ်ပူထိုးနေတတ်တဲ့ကြောင်တွေကို မချစ်ဘူး မောင်။ ခြေကြိုလက်ကြား ပွတ်သပ်နေတတ်တဲ့ သူတို့ကို ငါလေ တစ်ကယ့်ကို စိတ်မရှည်ဘူး မောင်။ ဒါပေမယ့် ညနေက ထမင်းစားရင်းနဲ့ မောင့်ကို သတိရလိုက်မိတော့ ကြောင်ကလေးတွေကို ကိုယ်ချင်းစာတတ်သွားတယ် မောင်။ ကိုယ့်ကို မခင်တွယ်ဘူး ဆိုရင်တောင်မှ ကိုယ်က ကပ်သပ်ချင်နေမိတယ်ဆိုတော့..။ မောင်ရေ.. နင်နဲ့ ပတ်သက်လာရင်လေ ငါက မချစ်ဘူးတဲ့ကြောင်လေးတွေကိုကအစ ဂရုဏာသက်မိသွားတယ်…တကယ်။ အခု ငါလေ အိပ်မရတော့ ကဗျာတစ်ပုဒ်လောက် ချရေးဖို့ ကြိုးစားကြည့်သေးတယ်။ မောင့်ကို သတိရနေတဲ့ အကြောင်းပဲ ဖြစ်ဖြစ်၊ တို့၂ယောက်ရဲ့ အတိတ်၊ အနာဂတ်အကြောင်းပဲဖြစ်ဖြစ်၊ အခု ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့၊ ရင်ထဲကို ဝင်လာတဲ့အကြောင်းအရာတွေပဲဖြစ်ဖြစ် တခုခုပေါ့။ စိတ်ကသာ တွေးလိုက်မိပေမယ့် တကယ်တမ်းကျတော့ မစွမ်းဆောင်နိုင်ပါဘူး မောင်ရယ်။ သတိရစိတ်တွေ ရင့်မာနေတဲ့အချိန်မှာ ဘယ်ကဗျာကိုပဲ ရေးရေး ငါ့အတွက်တော့ အစပ်အဟပ်မတည့်လှဘူး။ ငါရေးလိုက်တဲ့ စကားလုံးတိုင်းက ငါ့လောက် မောင့်ကို သတိရနေတာ မဟုတ်သလိုပဲ။ ငါတွေးပြီးချေ၇းလိုက်တဲ့ အက္ခရာတွေကို ငါ ဒီနေ့ည သိပ်ပြီးတော့ သဘောမကျမိဘူးမောင်။ အခုအချိန်မှာ ငါ ဂီတာတီးပြီး သီချင်းတစ်ပုဒ်ဆိုလိုက်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း နင့်ပုံတူတခုခုကို ချဆွဲလိုက်နိုင်တာမျိုးပဲဖြစ်ဖြစ် ငါနဲ့ နင်ဟာ အနီးနားမှာ အတူတကွ ရှိနေတယ်ဆိုတဲ့ ခံစားချက်မျိုး ဝင်လာစေတဲ့ အရာတခုခုပေါ့မောင်ရယ်။
အတူတကွဆိုတဲ့ စကားလုံးကို သုံးလိုက်မိရင် ရင်ထဲမှာ လှိုက်ခနဲ ကြည်နူးရပေမယ့် မောင်စိတ်နဲ့ ငါ့စိတ်နဲ့ ထပ်တူ ထပ်မျှ မဖြစ်ပါဘူး ဆိုတာကို တွေးမိရင်တော့ စိတ်ထဲမှာ နုံးနုံးသွားတယ်မောင်။ တခြားချစ်သူတွေနဲ့ ဆန့်ကျင်စွာ မောင့်မှာ ဘာလို့ သဝန်တိုတတ်တဲ့စိတ် မရှိရတာလဲ။ ယွန်းယွန်းကိုလေ မောင်သိတယ်မလား။ ငါ့သူငယ်ချင်း ခပ်အေးအေးလေးလေ။ ဟိုနေ့က သူ့ကောင်လေး ဖုန်းဆက်တဲ့အချိန် ငါတို့တွေ ကျောင်းဘောလုံး ပွဲထဲ ကိုရောက်နေတာ။ သူကလေ ယွန်းယွန်းကို စိတ်ဆိုးသွားတယ်တဲ့။ တခြားယောကျာ်းလေးတွေ ရှိတဲ့နေရာကို သွားလို့တဲ့.. မိုးရေထဲမှာ အပြင်ကို သွားလို့တဲ့။ မျက်နှာလေး ငယ်နေတဲ့ ယွန်းယွန်းကို သနားမိပြီး ကိုယ့်ကိုယ်ကိုတော့ ဝမ်းနည်းမိတယ် မောင်။ ဘာလို့လဲဆိုတော့ မောင်က ငါ့ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့တာလေ။ ငါ ဘယ်သူနဲ့ ရှိနေတာလဲလို့ မောင်မေးဖူးလား။ ငါဘယ်သူတွေနဲ့ ဖုန်းပြောသလဲလို့ မောင်မေးဘူးလား။ ငါ တခြားသူတွေနဲ့ ရှိနေတယ်ဆိုပြီးတော့ မောင်စိတ်ဆိုးဖူးသလား။ ငါ့ဆီကို ရောက်လာတဲ့ စာတစ်စောင်၊ အထုပ်တထုပ်ဟာ ဘယ်သူ၊ ဘယ်အရပ်ဆီကလဲလို့ မောင်စိတ်ဝင်တစား ရှိဘူးလား။ ငါ အဆင်ပြေ နေကောင်း. သာကြောင်း မာကြောင်း ကိစ/ အဝ၀ မောင် ဘယ်နှစ်ခါ စိတ်ဝင်စားဖူးသလဲ။ ဘယ်လောက်များ အရေးတယူလုပ်ဖူးလို့လဲ။ မောင့်ကို ငါက ထားခဲ့မှာ မဟုတ်ဘူးဆိုတာကို သိလို့များ မောင်က အဲ့ဒီလို စိတ်အေး နေနိုင်တာလား။ မောင်ဂရုမစိုက်လည်း ငါရှင်သန်နေနိုင်တယ် ဆိုတဲ့စကားကိုများ မောင်က လက်ကိုင်ထားနေသလား။ ပန်းပင်တလေး တပင်ဟာ သဘာဝရဲ့ မြေဆီမြေနှစ်ကို စားသုံးပြီး ရှင်သန်ကြီးထွားနိုင်ပေ မယ့် ရေလောင်းပေါင်းသင်ပေးဖို့တော့ လိုအပ်သေးတာပဲ မဟုတ်လားမောင်။ ငါက ပန်းပင်လေး မဟုတ်ပေမယ့် ငါ့စိတ်ကလေးလည်း ညှိုးနွမ်း တတ်ပါတယ် မောင်ရယ်။ အဲ့ဒီလို ချီတုံချီချ အချိန်ရောက်ရင် ငါ့လေ အမြဲထွက်ပေါက်ရှာမိတယ်။ သာမန် မိန်းကလေးတွေလိုမျိုး နောက်တစ်ယောက်နဲ့ တွဲပြတာလိုမျိုး ခပ်ညံ့ညံ့ နည်းလမ်းတော့ မဟုတ်ဘူးပေါ့။ ငါ ဘာလုပ်မိလဲဆိုတာ မောင်သိသလား။ ငါ့စိတ်ရဲ့ ထွက်ပေါက်အကြောင်းကို သိတဲ့အခါ မောင်ရယ်မလား။ တကယ်ပြောတာ မောင်…မလှောင်ရဘူးနော်။ ငါ အခုလည်း မအိပ်ချင်သေးလို့ အဲ့ဒီ ကဒ်ကလေးတွေကို မွှနေမိတယ်။ အဲ့ဒီကဒ်တွေကိုချိုးနေရင်းနဲ့ ဒီညအတွက် ငါသိချင်တဲ့ မေးခွန်းက ဘာဖြစ်မလဲလို့ တွေးလိုက်မိသေးတယ်။ ငါ့ဆီမှာ တားရော့ကဒ်လေးတွေရှိတာ မောင်သိတယ်မလား။ မောင့်ကိုမေးချင်ပြီး မမေးဖြစ်တဲ့ စကားပေါင်းများစွာအတွက် အဲ့ဒီကဒ်လေးတွေဟာ ငါ့ရဲ့ ကိုးကွယ်ရာပေါ့။ “မောင် .. ငါ့ကို သတိရနေမလား” “ငါတို့ အချစ်ရေး အဆင်ပြေပါ့မလား” “ချစ်သူက သစ္စာရှိပါ့မလား” မေးခွန်းတွေ ဘယ်လောက်ကွဲကွဲ.. မောင် ငါ့ကို ချစ်တယ်လို့ အဓိပ္ပါယ် သက်ရောက်မယ့် ကဒ်မျိုးပဲ လိုချင်တာပေါ့ မောင်ရယ်။ အခုလည်း ကဒ်ချိုးထားပေမယ့် အဖြေကို လှန်ကြည့်ဖို့ကျတော့ မရဲသေးဘူး။ တားရော့ခ်ကဒ်ကို အကြိမ်ကြိမ် ဆွဲနေကြသူဆိုတော့ ဘယ်ကဒ်က ဘယ်အဖြေဆိုတာကို ငါ သိပ်သိတာပေါ့ မောင်ရယ်။ အခါခါ ကဒ်ဆွဲနေတယ်ဆိုပြီးတော့ အပျင်းပြေလို့တော့ မထင်လိုက်နဲ့ မောင်။ ငါ့အနားမှာ အဖော်ပြုပေးနိုင်တာဆိုလို့ သူတို့ပဲရှိတာ။ သူတို့က မောင့်အဖြေကို သယ်လာပေးနိုင်တာလေ။ အခု ငါ အားယူပြီး ကဒ်ကိုလှန်ကြည့်လိုက်တော့ “အိုး.. ကံကောင်းလိုက်တာ… The empress” တွေ့လား…သူတို့က အချစ်ရေး ကံကောင်းတဲ့အဖြေကိုယူလာကြတယ်။ ကဒ်ကလေးက ချစ်သူချင်းလက်ထပ်ရမယ်လို့ ဆိုပေမယ့် ငါတို့အတွက်က အဝေးကြီးပဲ မဟုတ်လား။ ငါတို့ချင်း ထားရှိတဲ့ ရည်မှန်းချက်တွေ ပြည့်အောင် လုပ်ရဦးမှာကိုး။ နောက်ပြီးတော့ ချစ်သူဆီက ပျော်ရွှင်ရမယ့် လက်ဆောင် ရတတ်တယ်တဲ့။ သိပ်ပျော်စရာ ကောင်းတဲ့အဖြေပေမယ့် ငါမလိုချင်ပါဘူး။ မောင်နေကောင်းတယ်၊ ကျန်းမာပျော်ရွှင်နေတယ်ဆိုတာက ငါ့အတွက် အကောင်းဆုံး လက်ဆောင်လေ။ Healthy makes Perfect မဟုတ်လား မောင်။ နောက်ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ မတည်မြဲနိုင်မယ့် အရာမျိုး မလိုချင်ဘူး။ မောင်ပေးဖူးတဲ့ အရုပ်ကလေး ကွဲကြေသွားတုန်းက ငါ့မှာ ကိုယ်လက်အင်္ဂါချို့တဲ့သွားသလိုပဲ။ ဝေးကွာစေမယ့် နိမိတ်လားလို့ ထင်မှတ်မှားပြီး တနေ့နေ့ မှာ မောင်နဲ့ လမ်းခွဲရရင်ဆိုတဲ့ ပူပန်မှုက အရုပ်ကွဲစတွေထက် စူးနစ်လွန်းတယ်။ ငါလေ လူတတ်ကြီးလုပ်ပြီး “တနေ့နေ့ကျရင် ငါ့လောက် မဟုတ်တောင် ငါ့နီးပါးလောက် မောင့်ကို ကြင်နာမယ့်သူနဲ့ ဆုံဆည်းလိုက်ပါ၊ ငါ့လောက် မောင့်ကိုဂရုစိုက်မယ့်သူနဲ့ ရှိနေရင် နေပျော် ပါတယ်”လို့ ပြောတာက ငါညာပြောတာနော်မောင်။ မောင့်ကို ငါ့အနားမှာပဲ ရှိစေချင်တာ။ အဲဒီတော့ မောင်ရယ် ဘဝအတွက် အကောင်းဆုံး လက်ဆောင်အဖြစ် မောင့်စိတ်ကို ငါ့ဆီမှာ ထားနိုင်တယ်ဆိုရင်ပဲ ငါ ကျေနပ်ပီတိ ဖြစ်မိမှာပါ မောင်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ငါပိုင်ဆိုင်ခွင့်ရလိုက်တဲ့ ကဒ်တခုအတွက် ပျော်ရွှင်လိုက်ရတယ်။ အခုညအတွက်တော့ ကြည်နူးနှစ်သက်စွာနဲ့ အိပ်ရတော့မယ်။ အချိန်ကလည်း သက်ကြီးခေါင်းချချိန်တောင် အတော် ကျော်နေပြီ။ မအိပ်ခင်မှာ လုပ်မြဲအတိုင်း ဖုန်းထဲမှာ message ၀င်၊ မ၀င် ကို ဖွင့်စစ်ရမယ်။ ဖုန်းထဲမှာ မောင်ပို့လိုက်တဲ့ message ရှိနေတယ်ဆိုရင် အိပ်ခါနီးအထိ သတိရတယ်ဆိုပြီး ပျော်ရွှင်ရသလို message မတွေ့ရင်လည်း မောင် အပူအပင်ကင်းမဲ့စွာ နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလို့ ဝမ်းသာရတယ်။ ကောင်းသောညချမ်းလေးပါ.
.အိပ်မက်လှလှတွေ မက်ပါစေ မောင်ရေ…။
**နှင်းနုလွင်**

No comments:
Post a Comment