ဒီနည်းတွေကို
ကျင့်သုံးတော့မယ်၊ ဘ၀စတိုင်လ်ကို
ပြောင်းတော့မယ်ပေါ့။ ပျော်ပျော်ရွှင်ရွှင်နဲ့ ပိုပြီးအောင်မြင်တဲ့ဘ၀တစ်ခုကို ရလာအောင် ကြိုးပမ်းတော့မယ်ပေါ့။ ဘယ်သူ့ကိုမှ ထုတ်ဖော်ကြေညာမနေပါနဲ့။ တော်တယ်၊ တတ်တယ်၊ ထက်မြက်တယ်ဆိုတဲ့ လူစားမျိုးကို ဘယ်သူမှ မကြိုက်ဘူး။ ဒါပဲ။ ဒါကြောင့် ပထမဆုံး ဥပဒေက ” ဦးထုပ်ထဲမှာ ၀ှက်ထားပါ” တဲ့။ ကိုယ့်ရင်ထဲမှာ ရှိတာကို တစ်ယောက်လောက်နဲ့ဖြစ်ဖြစ် မျှဝေခံစားချင်တာမျိုး ရှိမှာပါ။ မလုပ်ပါနဲ့၊ သူတို့ဘာသာ သိသွားကြပါစေ။ ကိုယ့်ဆီက တစ်စွန်းတစ်စမှ ထွက်မသွားပါစေနဲ့။ ဒါဟာ မတရားဘူးလို့ ထင်ချင်ထင်လိမ့်မယ်။ တကယ်တော့ ထင်တာထက် ပိုတရားပါတယ်။ ထုတ်ပြောလိုက်ရင် သူတို့ ရှောင်ဖယ်ဖယ်လုပ်ကုန်ကြလိမ့်မယ်။ ဖြစ်သင့်တာပေါ့။ ကျနော်တို့ ခင်ဗျားတို့ဟာ မဏ္ဍပ်တိုင်တက်ပြတာမျိုးကို မကြိုက်တတ်ကြဘူး မဟုတ်လား။ မျှဝေချင်တယ်ဆိုတာ လူ့သဘာဝတော့ ဟုတ်တာပေါ့လေ။ စီးကရက်ဖြတ်လိုက်တဲ့လူလိုပေါ့။ ကျန်းမာရေးကောင်းလာတာကို တွေ့တဲ့အခါမှာ ကိုယ့်ဝန်းကျင်ကမိတ်ဆွေ စီးကရက်သမား၊ ဆေးလိပ်သမားတွေကို ဆေးလိပ်ဖြတ်တာ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးရှိကြောင်း ဆွယ်တရား ဟောချင်တာပဲပေါ့။ သူတို့ ဆေးလိပ်ဖြတ်ချင်စိတ်သာရှိရင် ကိုယ်မပြောခင်ကပဲ သူတို့ဘာသာ ကြိုးစားနေခဲ့မှာပေါ့။ သူတို့မှာမှ ဆေးလိပ်ဖြတ်ချင်စိတ် တကယ်မရှိတာ။ ဒီတော့ မြားဦးက ကိုယ့်ဘက်ပြန်လှည့်လာပါလေရော။ ငကြွားတဲ့၊ သူရဲကောင်းတဲ့။ ကဲ… ဘယ်လောက်များ ဆိုးဝါးလိုက်ပါသလဲ။ အကျိုးလိုလို့ ညောင်ရေလောင်းကာမှ ခက်ရော။ ဒီတော့ ဥပဒေအမှတ်တစ်အဖြစ် ” မပြောနဲ့၊ မဟောနဲ့၊ မဆွယ်နဲ့၊ ၀ရန်တာကထွက်ပြီး စွာကျယ်အော်ကျယ် မလုပ်နဲ့၊ လေသံတောင် မဟနဲ့” ဆိုတာကို မှတ်လိုက်ပါ။ ကိုယ့်ဘာသာကိုယ် ကြိုးစားရင်း ထူးခြားမှုတွေ ရှိလာတဲ့အခါမှာ လူတွေက သတိထားမိလာလိမ့်မယ်။ ဘာဖြစ်လို့၊ ဘာတွေ ကျင့်ကြံအားထုတ်လို့ ဒီလို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေရတာလဲပေါ့။ “အို … ဘာမှမဟုတ်ပါဘူး။ နေကလေးက သာသာ လေကလေးက တဖြူးဖြူးဆိုတော့ စိတ်ထဲ ရွှင်နေမိတာပါ” ဆိုတာမျိုး ပြောလိုက်ရုံပါပဲ။ အမြင်တွေ ဘယ်လိုပြောင်းလာလို့ ဘယ်လိုကျင့်ကြံခဲ့တာဆိုတာမျိုးတွေ ရှည်ဝေးသိုင်းဝိုင်းပြနေစရာ မလိုပါဘူး။ သူတို့ ဒါကို သိချင်တာမဟုတ်ဘူးလေ။ လောက၀တ်နဲ့ လမ်းကြုံလို့မေးတဲ့ “ထမင်းစားပြီးပြီလား” ဆိုတာမျိုးပါ။ “ပြီးပါပြီ” ဆိုတာပဲ ကြားရရင် တော်ပြီပေါ့။ ဒုက္ခမျိုးစုံ ကြုံနေရတဲ့ပုံမျိုး ပေါ်နေလည်း “အိုကေပါတယ်” လို့ ပြန်ဖြေတာကိုပဲ မျှော်လင့်တာပါ။ အမှန်တွေလျှောက်ဖြေနေရင် သူတို့အတွက် ၀န်လေးပိလာတော့မယ်။ အနည်းဆုံးတော့ နားညောင်းခံပြီး နားထောင်ပေးရတော့မယ်။ မေးလိုက်မိပြီကိုး။ “နေကောင်းလား” လို့ မေးလာရင် သူတို့ကြားချင်တာက “ကောင်းပါတယ်” ဆိုတဲ့အဖြေပဲ။ ပြီးရင် သူ့လမ်းသူဆက်သွားပြီး သူ့အလုပ်သူလုပ်မှာပဲ။ “သိပ်နေမကောင်းပါဘူးဗျာ။ မနက်က ဆရာဝန်ပြရသေးတယ်” ဘာညာနဲ့ ပြောကြည့်စမ်းပါ။ ဖြတ်လို့ရတဲ့နေရာရောက်တာနဲ့ “ဟုတ်လား … ဆိုးတယ်နော်။ ကဲ ကဲ .. ကျန်းမာရေး ဂရုစိုက်ဗျာ၊ သွားဦးမယ်နော်” ဆိုတာမျိုးတွေနဲ့ မြန်မြန်လစ်ထွက်သွားမှာပဲ။ အခုပြောမယ့် နည်းစနစ်တွေကို သုံးရာမှာလည်း ဒီမူကို သတိရပါ။ ဘယ်သူကမှ စိတ်ဝင်စားမှာမဟုတ်လို့ ပါးစပ်ပိတ်နေပါတဲ့။ ဒီလို ဘာမှ လေသံမဟတဲ့နည်းဟာ တကယ်အလုပ်ဖြစ်တာ သိလာရတယ်။ ဒါကို သဘောပေါက်ပါ။ တိတ်တိတ်နေပြီး ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ နေ့စဉ် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေရမယ့်နည်းတွေ ဘယ်သူ့ကိုမှ လိုက်တရားဟောမနေဘဲ ကျင့်သုံးပါ။ ထုတ်နှုတ်။ ။
Rules of Life by Richard Templar ကို ကြည်မင်း ဘာသာပြန်သော ဘ၀တစ်သက်တာ အလှဖက်စရာ စာအုပ်မှ -
** Hlyan Htet Oo**
-ဦးထုပ်ထဲမှာ ၀ှက်ထားပါ-

No comments:
Post a Comment