-ကျောပိုးအိတ်-
ခပ်ပြင်းပြင်း ခပ်ကြမ်းကြမ်း ခရီးတစ်ခုကို စတော့ဖို့ဆိုရင် ကျနော်တို့ တတွေ ထိုခရီးအတွက် ပြင်ကြ ဆင်ကြရပါတယ် ။ ပထမဆုံး စဉ်းစားမိတာကတော့ ခရီးတစ်လျှောက်မှာ အသုံးပြုဖို့ ကိရိယာများနဲ့ စားနပ်ရိက္ခာတွေ လိုပါတယ် ။ ဒါတွေကို သယ်ပိုးဖို့အတွက် သယ်ရတာလည်းအဆင်ပြေမဲ့ တနိုင် ကျောပိုးအိတ်ကို ကျနော်တို့ အသုံးပြုရပါလိမ့်မယ် ။ ထို ကျောပိုးအိတ်ထဲမှာ ကိုယ်လိုချင်တာ တွေ ခရီးတစ်လျှောက်မှာ အသုံးဝင်မဲ့ ပစ္စည်းတွေကို ထည့်ရပါတယ် ။ သေချာ ပြင်ဆင်ပြီးမှ ခရီးထွက်ဖို့ကို စတင်ရပါတယ် ။ ဒါမှ ခရီးသွားနေစဉ်အတွင်း သက်သောင် သက်သာဖြင့် ခရီးဆက်နိုင်မှာပါ ။ ထို့အတူပဲ ကျနော်တို့ ဘဝတွေဟာလည်း အစ နှင့် အဆုံး ပေါင်းချုပ်ထားတဲ့ တဘဝတာ ရှည်လျားတဲ့ ခရီးတစ်ခုပါပဲ ။ ထိုလမ်းခရီးအတွက် ကျနော်တို့ လိုအပ်တဲ့အရာတွေကို ခရီးအစကတိုင် စုဆောင် သယ်ဆောင် ပြီး ပြင်ဆင်ရပါတယ် ။ ရိက္ခါတွေလည်း အဆင်ပြေစေဖို့ပေါ့ … ။ လမ်းခရီးမှာ ကြုံတွေ့ရမဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ကြိုတင်ပြီး တွေးထားတဲ့ ကိရိယာတွေကို စုဆောင်းထားရပါတယ် ။ ဒါတွေကို ကျောပိုးအိတ်ထဲ ထည့်ပြီး ခရီးအစကတိုင် အဆုံးထိ ချီတက်ရမှာပါ ။ လိုအပ်တာတွေမပါပဲ မလိုအပ်တာတွေပဲ ကျနော်တို့ ကျောပိုးအိတ်ထဲ ထည့်မယ်ဆိုရင်ြ့ဖင့် ခရီးကို ဖြတ်သန်းရာဝယ် ဒုက္ခလှလှကြုံတွေ့ရမှာဆိုတာ အသေချာပါ ။ ထိုဒုက္ခပြဿနာကို မဖြေရှင်းနိုင်ရင်ဖြင့် ခရီးမဆုံးပဲ ခရီးသွားသူ ကျဆုံးသွားမှာပါ ။ လူ့ဘဝ ခရီးကြမ်းအတွက် လိုအပ်တာတွေကို ဘယ်လို ကျောပိုးအိတ်နဲ့ ထည့်မလဲ ဆိုရင်.. ကျနော်တို့ စိတ်အိမ်ဖြစ်တဲ့ နှလုံးအိမ်ဆိုတဲ့ ကျောပိုးအိတ်ဖြင့်ထည့်ပါမယ် ။ ဆိုလိုချင်တာကတော့ ကျနော်တို့ရဲ့ ပကတိ စိတ်ထားပေါ့ .။ ဒီအထဲမှာ ခရီးမှာ အသုံးပြုမဲ့အရာတွေကို ကြိုတင် ဖြည့်ဆည်းရပါတယ် ။ မလိုအပ်တာတွေ မထည့်မိစေဖို့ ဂရုပြုရပါတယ် .. ။ လိုအပ်တာတွေကိုလည်း ထည့်ဖို့ သတိထားရပါတယ် ။ ထိုအရာတွေကို ရွေးချယ်ဖို့ မိမိ အသိဥာဏ် ကိုသာ အသုံးပြုရပါမယ် ။ မလိုအပ်တာတွေကို မိမိစိတ်ကနေ သတိထားပြီး ကြည့်မယ်ဆိုရင် ထင်သာ မြင်သာပါတယ် ။ သို့ပေမဲ့ သတိမထားမိပါက ကျနော်တို့ ကျောပိုးအိတ်ထဲမှာ လိုအပ်သလိုထင်ရတဲ့ မလိုအပ်တာတွေရော ရောပြွန်းနေပြီး လေးနေပါလိမ့်မယ် ။ နောက်ထပ် လိုအပ်တာတွေပါ ထည့်မရ ဖြစ်တတ်ပါတယ် ။ ဘယ်လိုဟာမျိုးကိုမလိုအပ်လဲဆိုရင် .. မနာလိုတတ်တဲ့ စိတ်မျိုး …ပါ ။ ထိုစိတ်မျိုးဟာဖြင့် တော်တော်ကို မလိုအပ်တာပါ ။ သို့ပေမဲ့ လက်ထဲမှာ ပထမဆုံး ဆုပ်ကိုင်မိတာကတော့ သူ့ကိုပါပဲ ..။ သို့သော်လည်း လမ်းခရီးမှာ သူဟာ မလိုအပ်ပါဘူး ။ ဒီတော့ မိမိနှလုံးအိမ်ကျောပိုးအိတ်မှာ သူမပါပါစေနဲ့ …။ နောက်ထပ် စိတ်တိုခြင်း ဒေါသ.ပါ ။ ထိုအရာလည်း မလိုအပ်ပြန်ပါဘူး ဘယ်သူ့ကိုမေးမေး ဒေါသထွက်တာ ကောင်းလားလို့ မေးမယ်ဆိုရင် ..“ နိုး.!! မကောင်းဘူး … ” စသဖြင့် အဖြေတူတွေကို ပေးကြမှသေချာပါ…။ “ဟုတ်ကဲ့ ” ကျနော်လည်း မကောင်းဘူး ဆိုပြီး သိထားပါတယ် ။ သို့သော် အကြောင်းကိစ္စ တိုက်ဆိုင်လို့ ကိုယ့်ဘက်က နာတာမျိုးဖြင့် ကြုံတွေတဲ့အခါ မကောင်းဘူးဆိုတာကိုမေ့ပြီး ထိုဒေါသ နဲ့ မနာလိုစိတ်တွေကိုပဲ ထုတ် ထုတ်ပြ မိပါတယ် ။ ထိုသို့ ဖြစ်မိတယ်ဆိုကတည်းက ဘဝခရီးလမ်းမှာ ထမ်းပိုးသွားရမဲ့ ကျောပိုးအိတ်ထဲကို ထည့်မိတာနဲ့ တူတူပါပဲ ။ အဲ့ဒီ ဒေါသနဲ့ မနာလိုစိတ်တွေကိုပဲ ကျနော်တို့တတွေ သတိကင်းလွတ်ပြီး ဒုက္ခမှန်းမသိ အသုံးပြုကြတာပါ။ ဒီတော့ ကိုယ်ကိုယ်တိုင် ဒေါသ ဖြစ်နေတယ်ဆိုရင် သတိထားပြီး မိမိသွားရမဲ့ ဘဝခရီးအတွက် အလေးမခံပါစေနဲ့ လွှင့်ပစ်လိုက်ပါ ..။ ထိုသို့ ပြုပြင်ပြောင်းလဲလိုက်ခြင်းအတွက် ခရီးလမ်းမှာ တူတူသွားဖော်သွားဖက်တွေက သင့်အပြုအမူအတွက် ကျေနပ်သော အပြုံးတွေဖြင့် တုန့်ပြန်ပါလိမ့်မယ် … ။ လောဘ ဆိုသည့်အရာလည်း ကောင်းသည်ဟုမြင်ယောင်ရပေမဲ့ မကောင်းပါဘူး ..။ လူတစ်ယောက်ဟာ လောဘဖြစ်လာရင် ထိုလောဘအတွက် တစ်ခုခုကို အားထုတ်လိုက်ရမှ ပြေသွားတတ်ပါတယ် ။ ကျနော်တို့ ဘဝခရီးအတွက် လိုအပ်တာတွေသာ ကျောပိုးအိတ်ထဲ ထည့်ထားပြီး မလိုအပ်တာတွေ ဖယ်ထုတ်နေတဲ့အချိန်မှာ လောဘ ဝန်ထုပ်က တော်တော်ကို ကြီးလေးပါတယ် ။ လောဘစိတ်ကြောင့် လူအချင်းချင်း အပြိုင်အဆိုင် သူ့ထက်ငါ ပိုတော်ချင် ပိုရှိချင် ပိုချမ်းသာချင် တာတွေ ဖြစ်လာကြပြီး လောဘကြောင့် လုပ်ရပ်တိုင်းဟာ စာနာမှု ကင်းမဲ့ကာ အားထုတ်တာ မှားမိတတ်ပါတယ် ။ တကယ်တော့ လောဘဟာ လူ့ဘဝအတွက် တဖက်သားကို စာနာမှုမရှိစေတဲ့ အရာပါ ။ .. ဒီတော့ သူ့ကို လည်း ကျောပိုးအိတ်ထဲကနေ ဖယ်တဲ့ စာရင်းထဲ ထည့်ထားပါ။ ဒါမှ အလေးသက်သာပါလိမ့်မယ်..။ နောက်ထပ် .. မောဟ ဆိုပြီး လောဘ ၊ ဒေါသ တွေလို အသုံးမဝင်တဲ့ အရာကြီး ရှိပြန်ပါသေးတယ် ။ အဲ့ဒီ . မောဟက ဘာလဲဆိုတာကို အရင်က ကျနော် သေချာ မသိခဲ့ပါဘူး ။ အများပြောနေကြ လောဘ ၊ ဒေါသ ၊ မောဟ ဆိုပြီး စကားလုံးအတွဲ ဖြင့် မကောင်းတဲ့ အုပ်စုမှာ ပါနေလို့ မကောင်းဘူးဟုသာ သိထားတာပါ ..။ နောက်မှ မောဟ ဆိုတာကို နားလည်လာခဲ့ပါတယ် ။ မောဟ ဆိုတာက လောဘစိတ် ၊ ဒေါသစိတ် ကလွဲပြီး .. မိမိစိတ်မှာ အသိသတိမရှိတဲ့ အချိန်ဟာ မောဟ ဖြစ်နေတဲ့အချိန်ပါ ..တဲ့ ။ ဒါဆိုရင်ဖြင့် မောဟ ဆိုတာ ကျနော်တို့ ဖြတ်သန်းရမဲ့ ခရီးအတွက် လိုအပ်ချက်မဟုတ်ဘူးဆိုတာတော့ သေချာနေပါပြီ .. ။ သို့သော် .. အဲ့ဒီ မောဟ ဆိုတာကို ကျနော်တို့ အသိစိတ်အိမ်မှာ အသိသတိ မထားမိရင်ဖြင့် ကျောပိုးအိတ်ထဲမှာ ပါနေအုံးမှာပါ .. ။ မလိုအပ်တာတွေကို ပြောနေရင်ဖြင့် အများကြီးဖြစ်နေပါလိမ့်မယ် …။ သို့သော် ကျနော် ဒီခေါင်းစဉ်ကို ချရေးမိခြင်း ၊ မျှဝေခြင်း ဖြစ်လာစေဖို့အတွက် အစပျိုးမိစေခဲ့တာကတော့ တနေ့တာ ဖြတ်သန်းချိန်အတွင်းမှာ ကျောပိုးအိတ်ထဲ ထည့်မဲ့ ပစ္စည်းများ ကို ချိန်ဆခြင်းမှ ဖြစ်လာတာပါ ။ ဘယ်လိုလဲဆိုရင် ကျနော် ယနေ့မနက် အိပ်ယာထတဲ့ အချိန်မှာ တနေ့တာ အတွင်း မိမိဘယ်လို ဖြတ်သန်းမယ်ဆိုတာကို စိစစ်ရင်း မိမိကိုယ်ကို သတိထားမိတာပါ ။ ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက်… ကျနော့် စိတ်မှာ ဒေါသတွေလည်း ဖြစ်ခဲ့ပါတယ် ၊ မနာလိုစိတ်တွေလည်း ဖြစ်ခဲ့ပါတယ်..။ နောက်ပြီး မိမိပတ်ဝန်းကျင်က တခြားသူတွေကို သတိထားမိပြန်တော့လည်း ဒေါသ များနဲ့ ပြည့်နေတာတွေ တွေ့ရပါတယ် ။ အဲ့ဒီအချိန်မှာ သတိထားမိတာကတော့ ကျနော့်ရဲ့ ဒီတနေ့တာဟာလည်း တဘဝလုံး ဖြတ်သန်းရမဲ့ ခရီးရဲ့ အတိုင်းအတာ အစိတ်အပိုင်း တစ်ခုပဲ ဆိုတာ သိလာပါတယ် ။ ဒီခရီးမှာ ဒေါသ ဖြစ်နေတဲ့ စိတ်.. ဟာ ကျနော့်ကို လေးစေမဲ့အရာပါ ..။ ကျနော်သယ်ရမဲ့ အရာ မဟုတ်ဘူးဆိုတာလည်း သိလာပါတယ် .. ။ဒီတော့ ထိုမလိုအပ်တဲ့ အရာကို အလေးခံပြီး ကျနော် မသယ်ချင်ဘူးဆိုတာ ဖြစ်လာပါတယ် .. ။ ဒါက သတိထား ၊ သတိပြုခြင်းမှ သိရှိလာရခြင်းပါ ။ ကျနော်တို့ လက်ရှိယခုအချိန်တွင်းမှာကိုပဲ သတိထားကြည့်ပါ .. ကိုယ်ဟာ တခြားသူအပေါ်မှာ ဘယ်လိုစိတ်ထားမျိုး ဖြစ်နေလဲဆိုတာကို စိစစ်ပါ ..။ ဒေါသ ဖြစ်နေတာမျိုး .. လောဘ ဖြစ်နေတာမျိုး.. မနာလိုဖြစ်နေတာမျိုး.. စသဖြင့် တစ်ခုခုကို တွေ့နေရမယ်ဆိုရင် .. သင့်စိတ်နှလုံး ကျောပိုးအိတ်ထဲ မှာ ကြာကြာ မထားပါနဲ့ ခရီးကြမ်းမှာ သယ်ပိုးရတဲ့ အခါ လေးပါတယ် ..။ သိတဲ့အချိန်ကစပြီး လွှင့်ပစ်လိုက်ပါ …။ ဒါမှ တခြား အသုံးဝင်မဲ့အရာတွေကို အစားထိုး သယ်ယူနိုင်မှာပေါ့… ။ တခြားအရာလေးတွေဆိုတာမှာ .. တဖက်သားကို စာနာမှုထားခြင်း .. နှစ်ဘို့ကိုကြည့်ခြင်း .. ချိုသာတဲ့ စကားလေးတွေ ဆိုခြင်း .. အကျိုးရှိတဲ့ စကားတွေကိုသာ ပြောခြင်း .. အကျိုးမရှိတဲ့ အတွေးတွေကို မတွေးခြင်း .. မတွေးသင့်တာတွေကို ဖယ်ထုတ်ခြင်း .. စတဲ့ .. စတဲ့ အရာတွေကို ကျနော်တို့ ဘဝခရီးတစ်လျှောက် သယ်ဆောင်ရမဲ့ ကျောပိုးအိတ်ထဲမှာ ထည့်ဖို့ မမေ့ပါစေနှင့် .. ..။ နေထွက်ခြင်း ၊နေဝင်ခြင်း ဖြင့် ဖန်တီးတည်ဆောက်ထားတဲ့ ကျနော်တို့ ရဲ့ တစ်ခုတည်းသော ဘဝခရီးလမ်းတစ်လျှောက်မှာ …ဘဝအဆုံးသတ်ချိန်ဖြစ်တဲ့ နေမဝင်ခင် အချိန်အတောအတွင်း .. ပျော်ရွှင်စရာ ၊ ငြိမ်းအေးစရာ ၊ ကျေနပ်စရာ ဘဝခရီးတစ်ခု ဖြစ်လာဖို့ ကြိုးစားကြပါလို့ ဆန္ဒပြုလိုပါတယ်..။
**ဘာနေ**

No comments:
Post a Comment