-အာရုံပြုရာဝယ်-
ညနေချိန် လေပြေလေးတွေက တဖြူဖြူးနဲ့ .. အိပ်တန်းဝင် ကျေးငှက်လေးတွေက အသံသာသာ .. တောအရိပ်မှာ ခိုလှုံရင်း ဖူးပွင့်နေတဲ့ ဇွန်ပန်းလေးတွေ ညမွေးပန်းလေးတွေ .. မြက်ခင်းက ပန်းရနံ့လေးတွေနဲ့ တောပန်းရနံ့လေးတွေက လတ်ဆတ်တဲ့ လေနဲ့အတူ လူကိုလန်းဆန်းစေမိသလို ဟိမဝန္တာ တောဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ စိတ်အစဉ်ကို ကြီးစိုးလို့နေပါတယ် …။ လပြည့်ညဆိုတော့ အနောက်ဘက်အရပ်ကို နေဝင်ပြီး ခဏအကြာမှာ အရှေ့အရပ်က လမင်းက စထွက်ဖို့ ပြင်ဆင်ချိန် .. တောနေ ဒရယ်လေးတွေ သမင် အုပ်စုလေးတွေ က သူတို့ အုပ်စုနဲ့သူတို့ အိပ်တန်းဝင်ဖို့ စတင်နေပါတော့တယ် …။ အသံလေးတွေက ချစ်စရာလေးတွေနဲ့မို့ ပျော်မွေ့မိပါတယ် ။
လရောင်ဟာလည်း တဖြည်းဖြည်း လင်းလာသလို လမင်းဟာလည်း အနေတော် မြင့်လာပါတယ် ..။ ဘေးပတ်ဝန်းကျင်ကလည်း တခွန်းစ နှစ်ခွန်းစ အိပ်တန်းတက်သတ္တဝါလေးတွေအသံနဲ့ … ပုရစ်သံလေးတွေ … တချက်တချက် ဇီးကွက် အသံလေးတွေ … ညဘက်မှာ အစာရှာထွက်တဲ့ သတ္တဝါလေးတွေရဲ့ အသံလေးတွေဖြင့် ကြည်နူးစရာ ဖြစ်နေပါတယ် ..။ အဲ့ဒီအရာလေးတွေကို စူးစန်းရင်း တောပန်း တောင်ပန်းရနံ့တွေက ရှူရှိုက်မှု အာရုံမှာ ပဒါသ ရှိလှတာတော့ မမေ့နိုင်ပြန်ပါဘူး …။ ခရီးကြမ်းပေမဲ့ တောအလှ သဘာဝတွေကြောင့် စိတ်အစဉ်မှာလည်း ကြမ်းတယ်လို့ မဆိုသာခဲ့ပါဘူး .. ။ ပတ်ဝန်းကျင်က စိတ်ကို သာယာမှုပေးသလိုပဲ စိတ်ကလည်း ပတ်ဝန်းကျင်ရဲ့ စေစားမှုကို ခံယူကာ နှစ်သက် သာယာမှုကို မြတ်နိုးလို့ နေပါတယ် …။
အဲ့ဒီလိုနေရာ .. လူသူ အရောက်နည်းတဲ့နေရာလေးမှာ .. အဲ့ဒီလို တောသတ္တဝါလေးတွေနဲ့ တောအလှက မနှစ်သက်ပဲမနေနိုင်အောင် ဆွဲဆောင်မှု ရှိလှပါတယ် …။ ဟိမဝန္တာဆိုတဲ့ အဲ့ဒီတောကို ရောက်ရှိနေရခြင်းအကြောင်းက ညအချိန် လူခြေတိတ် စိတ်ငြိမ်တဲ့အချိန် မအိပ်ခင်လေးအတွင်း … အိပ်ယာပေါ်မှာ စိတ်တစ်ခုရဲ့ ပျံ့လွင့်မှု ဂေဟာကို ဟိမဝန္တာတောသို့ ပို့ဆောင်ထားခြင်းမို့ပါ …။ အဲ့ဒီလို ခံစားမှု စိတ်မျှော်လင့်ချက်တွေနဲ့အတူ တောတောင်အလယ် သာသာယာယာ ကြည်နူးရင်း လောကရဲ့ အထွဋ် ၊ ကြီးမြတ်တဲ့ ဂုဏ်တွေဖြင့် ဖူးပွင့်လာတော်မူသော မြတ်စွာဘုရား ရဲ့ ဓမ္မစကြာ တရားဦးဟောတဲ့ နေရာ ရှိခဲ့ပုံကို စိတ်ကူးပုံဖော်ရင်း အာရုံပြုမိခြင်းပါ …။ အဲ့ဒီလို စိတ်ကူးမှာ ဘေးပတ်ဝန်းကျင်က အထက်မှာ ဖော်ပြခဲ့သလိုပဲ သာသာယာယာနဲ့ နောက်ပြီး မြတ်စွာဘုရားကလည်း အဲ့ဒီမှာ ရှိနေလေတော့ ကျေနပ်မှု ပီတိတွေနဲ့ အိပ်စက်ခြင်းမတိုင်ခင် ဖြစ်မိတာမို့ .. စိတ်မှာ အာရုံပြုမိတဲ့အတိုင်း မချွင်းမချန် တင်ပြတာပါ ။
ကျနော်တို့ ညအချိန် အိပ်ယာဝင်ခါနီးလေးမှာ အဲ့ဒီလိုလေး အာရုံပြုလိုက်ရင် စိတ်ထဲမှာ တကယ်ကို အေးချမ်းမှုလေးတွေ ဖြစ်စေပါတယ် …။ ပြီး အဖြစ်အပျက် အကြောင်းအရာတိုင်းအတွက် တကယ်လက်တွေ့ ခံစားချက်ဆိုတာဟာ စိတ်မှာသာ သိပြီး ခံစားခြင်း နှစ်သက်ခြင်းဆိုတာ ဖြစ်တာမို့ . ခုလို စိတ်ထဲမှာ အာရုံပြုပြီး တကယ်ရှိသယောင်နဲ့ ထင်မြင်တာဟာလည်း စိတ်မှာ သိပြီး ခံစားခြင်း ၊ နှစ်သက်ခြင်း တူတူပါပဲ ..။ ကျနော့်အမြင်မှာတော့ အခုလို အာရုံပြုတာဟာ ကိုယ်ပိုင်ဆိုတဲ့ တနေ့တာအတွက် တန်ဖိုးကြီးတဲ့ လုပ်ရပ်တစ်ခု လုပ်လိုက်တယ်လို့ မြင်မိပါတယ် ။ တကယ်တော့ ကျနော်တို့တတွေ အဲ့ဒီလို တောရိပ်တောင်ရိပ် သဘာဝအ၇ိပ်တွေနဲ့ တကယ်လက်တွေ့ ထိတွေ့ဖို့ဆိုတာ မလွယ်ကူပါဘူး ..။ ထိတွေ့ဖို့ အဲ့ဒီလမ်းကိုသွားနေမယ်ဆိုရင်လည်း အဲ့ဒီလို ခံစားမှု ဖြစ်ချင်မှ ဖြစ်လာမှာပါ ။တောလမ်းခရီးမှာ ဒုက္ခတွေလည်း ရှိလာနိုင်ပါတယ် … အဲ့ဒီတော့ ပျော်စရာ မဖြစ်ပဲ စိတ်ဆင်းရဲစရာတွေလည်း ထင်မထားသလို ဖြစ်လာနိုင်ပါတယ် ..။ ဘာလို့ဒါတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ပြောရရင်တော့ ကျနော်တို့တတွေဟာ ဒုက္ခများမြောင်တဲ့ လူ့လောကက လူသားတွေဖြစ်နေလို့ပါ .. ။ လူဆိုတဲ့သတ္တဝါမှာ ဖြစ်တည်ခြင်းနဲ့ အဆုံးသတ်ခြင်းကြားမှာ ဒုက္ခသဘောတရားက ရောပြွှန်းနေတာမို့ပါ ..။ ဒီတော့ မိမိအိပ်ယာပေါ်မှာ အာရုံပြုပြီး နေကြည့်တာကတော့ သွားချင်တဲ့နေရာကို သက်သက် သွားရခြင်း ဒုက္ခကနေ ကင်း ၊ စိတ်ထဲလည်း အေးချမ်းပြီး .. စိတ်ဖိစီးမှုလည်း ကင်းလာတာမို့ … ကိုယ့်ဘက်က မစိုက်ထုတ်ရပေမဲ့ တကယ်လက်တွေ့လိုပဲ သာယာမှု ဖြစ်နေတာဟာ တန်ဖိုးထားစရာပါပဲ …။
တန်ဖိုးဆိုတာမှာ ပေးရတာ များလို့ တန်ဖိုးကြီးတာလား အကျိုးများလို့ တန်ဖိုးကြီးတာလားဆိုတာ စဉ်းစားကြည့်သင့်ပါတယ် …။ ကျနော့်အတွေးကတော့ တကယ် အကျိုးရှိတာသည်သာ တန်ဖိုးရှိတာလို့ ယူဆမိပါတယ် ။ ဒီတော့ တန်ဖိုးရှိတဲ့ နေ့တနေ့ ဖြစ်စေဖို့ ကိုယ်ပိုင်ဆိုင်တဲ့ စိတ်နယ်ကို ငြိမ်းချမ်းခြင်းလေးအတွင်း ခဏတာဖြစ်ဖြစ် နေခွင့်ပြုစေချင်တာပါပဲ .. ။ ကျနော်တို့ ကျနော်တို့ရဲ့ စိတ်ကို စိတ်ဖိစီးမှုတွေ ၊ စိုးရိမ်မှုတွေ စတဲ့သောကတွေကြားမှာပဲ အထားများနေတော့ သနားသင့်ပါတယ် ..။ စိတ်ကလေးအနေနဲ့လည်း အေးချမ်းချင်တာပေါ့ .. ကိုယ်က အခွင့်မှ မပေးတာ ..ဒီတော့ အေးချမ်းဖို့ အခွင့်လေး ပေးတတ်ဖို့လိုပါတယ် .. ဒါမှ မတည်မြဲတဲ့ ဘဝအတွက် ဘယ်အချိန်ပဲ အဆုံးသတ်သတ် .. နောင်တများ နည်းပြီး ကျေနပ်မှုတွေ ပိုတိုးလာပါလိမ့်မယ်လို့ ဆိုချင်မိပါတယ် ..။
**ဘာနေ**

No comments:
Post a Comment