>
-သီတင်းကျွတ်ကျွတ် မကျွတ်ကျွတ်-
ကျမမှာ ငယ်သူငယ်ချင်း အပျိုကြီး ၈ ယောက် တိတိ ရှိပါသည်။ သူတို့သည်....

(၁) ရုပ်ဆင်း အင်္ဂါ ပြေပြစ်၏
(၂) ဘွဲ့ရ ပညာတတ်များဖြစ်ကြ၍ တချို့မှာ ဘွဲ့၏ ဟိုဘက်ကြီးများတောင် လွန်လိုက်ကြသေး၏(
၃) စိတ်နေ စိတ်ထား ကောင်းသူများ ဖြစ်ကြ၏
(၄) ရိုးသားအေးဆေး၍ အပေါင်းအသင်း ဆန့်၏
(၅) မိန်းမ ပီသ ချက်တတ် ပြုတ်တတ်ကြ၏
သို့သော် ဤမျှ ပြည့်စုံနေပါလျက် အဘယ့်ကြောင့် တကိုယ်တည်း အပျိုကြီးများ ဖြစ်နေကြရပါသနည်း (မေးခွန်း)(
၆) ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ကြ၏ (အရပ်ရှည်အောင် ကုလားမ ခြေထောက်ပေါ် တက်ရပ်နေသူများ မပါဝင်ပါ) (ဝါ) ကိုယ့်လုပ်စာ ကိုယ်ရှာစားနိုင်ကြသူများ ဖြစ်ကြ၏
မှန်၏ ဤတွင် အဖြေထွက်ပါသည်။
အဖြေမှာ ကိုယ့်လုပ်စာ ကိုယ်ရှာစားနိုင်မှတော့ ဘဇာကြောင့် အလုပ်ရှုပ်ခံ၍ ယောင်္ကျားယူရမည်လဲ ဖြစ်ပါသည်။
သို့သော် အဖြေ မထွက်သေးပါ။ ဤသို့ဆိုလျှင် ယောင်္ကျားယူထားသူများမှာ ကိုယ့်လုပ်စာမှ ကိုယ်ရှာ မစားနိုင်သူများတည်းဟု တနည်း ကောက်ချက်ချရမည် ဖြစ်လေရာ ဤအဖြေကို ကျမ အပြင်းအထန် ကန့်ကွက်ပါသည်။
တချို့မှာ အသည်းချင်း၊ အဆုတ်ချင်း၊ ကလီဇာချင်း အကုန် ဖလှယ်ပြီးကြကာမှ နဖူးစာ မင်ရေကြဲ၍ လွဲခဲ့ကြရသူများ ဖြစ်လေရာ မိန်းမသားပီပီ အပေါ်ယံ မာကြော အေးခဲယောင် ပြလျက် သီတင်းကျွတ် ဗြောက်ဖောက်သံကြားတိုင်း လူကွယ်ရာ နှပ်တရှုံ့ရှုံ့နှင့် မျက်ရည်ကျ နေနိုင်ပေသေးသည်။
တချို့မှာကား "အပျိုကြီး ဖြစ်နေတာ မဟုတ်ဘူး၊ အပျိုကြီး လုပ်နေတာ၊ တယောက်ထဲ နေရတာ စိတ်ချမ်းသာစရာ ကောင်းလွန်းလို့၊ ယောင်္ကျား မလိုချင်လို့ကို ကြေကြေနပ်နပ် အပျိုကြီး လုပ်နေတာဟေ့" ဟု ခပ်တင်းတင်း ကြွေးကြော်ကြသူများ ဖြစ်ကြပေသည်။
သူငယ်ချင်း လူပျိုကြီးတယောက် ရှိသည်။ သူ့ အဆိုကတော့ ရှင်းပြတ်သည်။ တကိုယ်တည်း လွတ်လွတ်လပ်လပ် နေရသည်ကို အရသာတွေ့သည်။ သူများ သားသမီးကို တသက်စာ တာဝန်မယူလို၊ ယူက တယောက်တည်းပဲရမည်။ အိမ်-ထောင် မကျချင်။ ထိုအကြောင်းများကြောင့် ခုထိ လူပျိုကြီး လုပ်စားနေလေသည်။ကျမကတော့ သူ့အား သတ္တိမရှိသူ၊ တာဝန်မယူလိုသူ၊ အတ္တကြီးသူ စသည့် စကားလုံးကြီးများနှင့် ပစ်ပေါက်ချေမှုန်းတတ်သည်။ သို့သော် သူကတော့ ပန်းနှင့် အပေါက်ခံရသူလို ခပ်ပြုံးပြုံးပင်။
မိတ်ဆွေ လူပျိုကြီးတယောက် ရှိပါသေးသည်။ ကွန်ဒိုမှာ တယောက်တည်း တခန်းငှား၍ နေသူဖြစ်၏။ ကျမမှာ လှပ ပြာလဲ့သော ကွန်ဒို ရေကူးကန်ကို ကြည့်၍ "ဘယ်အချိန် ရေဆင်းကူးလေ့ ရှိသလဲ" မေးမိရာ ထိုလူပျိုကြီးသည် "အချိန်ရယ်လည်း တိတိကျကျ သတ်မှတ် မထားပေါင်ဗျာ တရုတ်မလေးတွေ ရေကူးနေတာတွေ့ရင် ကိုယ်လည်း ဆင်းကူးလိုက်တာပဲ" ဟု ဆို၏။ ကောင်းလေစွ။ သူသည် နွားနို့ သောက်ချင်တာနဲ့ နို့စားနွားမကြီး တကောင်လုံး မွေးစရာ မလို၊ လက်လီ ဝယ်သောက်မည် ဆိုသူတည်း။
ယခုကဲ့သို့ ဝါလကင်းလွတ် သီတင်းကျွတ်၍ မင်္ဂလာဆောင် ဖိတ်စာများ ဟိုမှာသည်မှာ ပလူပျံနေချိန်တွင် အဖိတ်ကြားခံရသူ အပျိုကြီး၊ လူပျိုကြီးများမှာ လက်ဖွဲ့ငွေ အထွက်ချည်း ရှိပြီး အဝင်မရှိရကား အရင်းရှုံးသော အလုပ်များကို မျှော်လင့်ချက်မဲ့စွာ လုပ်ဆောင်နေကြရသူများသာ ဖြစ်လေသည်။
အိမ်ထောင်ပြုကြပါလား၊ အားမကျဘူးလား တိုက်တွန်းချင်ပါသော်လည်း အတင်းတိုက်၊ အတင်းတွန်း၍ မဖြစ်ပြန်။ အိမ်ထောင်ရေး ဆိုသည်မှာ လျက်ဆားလည်ရောင်းသလို ကြုံတုန်းဝယ်ထားကြနော် အစာကြေတယ် လေလည်တယ် ရင်ချောင်တယ် ဟူ၍လည်း အတင်းထိုးရောင်းရန် လုံးလုံး မဖြစ်နိုင်ပါပေ။ ထို့အပြင် အပျိုကြီး၊ လူပျိုကြီးများမှာ တခြား သူလို ငါလို လူများနှင့်မတူ၊ မိမိတို့သည် ဗြဟ္မာပြည်မှ အရှင်လတ်လတ်ပဲ ကျလာသလိုလို သွေးကြီးတတ်ကြပြန်သည်။
သူတို့၏ ဒစ်ရှင်နရီထဲတွင် သီတင်းကျွတ်ဆိုသည်မှာ တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ မြတ်စွာဘုရားရှင် ကြွအလာ လူ နတ် ဗြဟ္မာအပေါင်းတို့သည် ရွှေ၊ငွေ၊ပတ္တမြား စောင်းတန်းကြီးများနှင့် ကြိုကြ၊ လူကြီးမိဘများအား ကန်တော့ကြ၊ ကလေးများ မီးပုံးတွန်းကြ၊ ဗြောက်ဖောက်ကြသော လ ဟူ၍သာ အဓိပ္ပါယ် ဖွင့်ဆိုကြကုန်၏။ သူတို့ရှေ့တွင် သီတင်းကျွတ် နှင့် အာဝါဟ ဝိဝါဟ နဲနဲလေးမျှ သွား၍ မဆက်စပ်မိပါစေနှင့်။
တဖန် အပျိုကြီးများအား ချစ်စနိုး ကျီစယ်လိုစိတ်ဖြင့် "သီတင်းကျွတ်ပြီနော်"ဟုများ သွားမစလိုက်နှင့် "ကျွတ်တော့ ဘာဖြစ်တုန်း" ဟု ဂွတိုက်ခံရနိုင်လေသည်။ ထိုထက်ပို၍ စိတ်မြန် လက်သွက်သော အပျိုကြီးများနှင့် တွေ့လျှင်မူ သင့်ခေါင်း၌ အနည်းဆုံး ဘု တဘုပင် ထွက်သွားနိုင်ကြောင်း ကောင်းစွာ သတိချပ်ပါလေ။
(အားလုံးအတွက် ပျော်ရွှင်စရာ သီတင်းကျွတ် ပွဲတော်လ ဖြစ်ကြပါစေရှင် :)
Author: ချစ်ကြည်အေး

No comments:
Post a Comment