ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 17, 2012

> -နောက်ဆက်တွဲ သတင်း -
သတင်းထူးတစ်ပုဒ်ကို
 စပြီး သယ်ဆောင်လာသူက
 လော်စပီကာ ဒေါ်ချစ်ပါပဲ …
 တစ်ရွာလုံးရဲ့သတင်း၊ အတင်းတွေကို စွာကျယ်စွာကျယ်နဲ့ တစ်အိမ်ဆင်းတစ်
အိမ်တက် ဖြန့်ဝေတတ်လို့ တစ်ရွာလုံးက လောစပီကာဆိုတဲ့ ဘွဲ့ထူးကို တညီတညွှတ်တည်း ပေးအပ်ခြင်းခံရတဲ့ ဒေါ်ချစ်။ ဒေါ်ချစ်ကလည်း ဒေါ်ချစ်။ ဟိုကောင်မတော့ ပထွေးနဲ့ တိတ်တိတ်ပုန်းညားနေသတဲ့၊ ဘယ်လင်မယားတော့ နှစ်လုံးတွက်ကြရင်း ရန်ဖြစ်တယ်၊ ဟိုမိန်းမတော့ အိမ်ကခိုင်းတဲ့ အလုပ်သမားနဲ့ လင်ငယ်နေနေတယ်၊ ကိုစံထွန်းက အခုမွေးတဲ့ အငယ်ကောင်ကို သူ့သားထင်ပြီး ချစ်နေတာ လက်ပေါ်က မချဘူး၊ ရွာဦးဘုန်းကြီး မွေးထားတဲ့ ကြက်သားအမိတစ်အုပ် အခိုးခံရလို့တဲ့ အစပြုလို့ သူသိတဲ့ ကြားတဲ့ သတင်းတွေကို တစ်ပါးသူ နားမထောင်ဝံ့အောင် အိပ်သွန်ဖာမှောက် ချပြတတ်ရုံမက မိုးရွာမရှောင် နေပူထဲမှာတောင် ထီးဆောင်းပြီး အတင်း လိုက်ပြောတတ်တဲ့ မိန်းမစားမျိုး။ စကားပြောပုံလည်း ကြည့်အုံး … နှုတ်ခမ်းတစ်လန် ပန်းတစ်လန်နဲ့ မျက်နှာမဲ့ရွဲ့ပြောဆိုနေပုံက အကယ်ဒမီငါးထပ်ကွမ်း မင်းသမီးတွေတောင် လက်မြှောက်လောက်တယ် … အခုလည်းကြည့်။ သားသမီးချင်း ကိုယ်ချင်းမစာမနာ ပြောရက်လိုက်ပုံက … နှာခေါင်းဘုလေး ဗိုက်ကြီးလို့တဲ့ … ။ စကြားကြားချင်းတော့ မသန်းဌေးလည်း မယုံကြည်နိုင်လောက်အောင် အံအားသင့်သွားရတယ် … နာခေါင်းဘု … မသန်းဌေး အဲဒီကောင်မလေးကို ရင်းရင်းနှီးနှီးသိပါတယ် … နှာခေါင်းအရင်းတည့်တည့် မည်းမှောင်နေတဲ့ မျက်ခုံးတန်း နှစ်ခုကြားမှာ ကွမ်းသီးလုံးခန့် မွေးရာပါ ဘုသီးလေးတစ်ခု အကျည်းတန်အောင် ပေါက်နေတယ် … အဲဒါကြောင့် နာမည်အရင်းပျောက်ပြီး တစ်ရွာလုံးက နှာခေါင်းဘုလို့ ကင်ပွန်းတပ်ခြင်း ခံလိုက်ရတဲ့ ကောင်မလေး … မသန်းဌေးလည်း နာမည်အရင်း မသိပါ … အများညီ ဤ ကျွဲဖတ် ဆိုတဲ့အတိုင်း နှာခေါင်းဘုလို့ နှုတ်ကျိုးနေခဲ့တယ် … အခု အဲဒီကောင်မလေးမှာ ဗိုက်ကြီးနေတယ်ဆိုတော့ ကြားရတဲ့သတင်းက နားမခံသာစရာဖြစ်နေရတယ် … “နှာခေါင်းက ဘုသီးလေးကိုမှ အားမနာ လုပ်ရက်လိုက်ကြတာ … “ မသန်းဌေးက သူမဆိုင်ရှေ့ ခုံတန်းလေးပေါ်မှာ ပြောဆိုနေတဲ့ စကားသံတွေကို နားစွင့်မိပြန်တယ် … နှာခေါင်းဘု နဲ့ မသန်းဌေးက တစ်ချိန်တုန်းက အကျွမ်းတ၀င် ရှိခဲ့ဖူးတယ် အဲဒါကြောင့် သံယောဇဉ်လည်း တွယ်ခဲ့မိတာမို့ အကြောင်းအရင်းကို သိချင်နေမိတယ် … “ဟုတ်ပါ့ သနားစရာ … ဘယ်ကောင် ကမြင်းကြောသွားထတာလဲမသိဘူး … နှာခေါင်းဘုလေးက ရိုးရိုးအအနဲ့ ဘာတွေ ဆက်ဖြစ်မလဲ မတွေးဝံ့အောင်ပါပဲ … ကျွတ် … ကျွတ် … “ အဒေါ်ကြီးတစ်ယောက်ရဲ့ စုပ်တသပ်သပ်နဲ့ မှတ်ချက်စကားကြောင့် မသန်းဌေး သက်ပြင်း အခါခါချမိတယ် .. ဝေဖန်ရေးနဲ့လေကန်ရေးလုပ်နေတဲ့ အဲဒီအဒေါ်ကြီးတွေကိုလည်း စိတ်တိုမိတယ် … သူများအကြောင်းဆို နေရာမရွေး၊ အချိန်အခါမရွေး ပြောဆိုနေလိုက်ကြပုံများ … ။ မသန်းဌေး ရင်တထိတ်ထိတ်ဖြင့် နားစွင့်မိပြန်တယ် … “ပြောကို မပြောချင်ပါဘူးအေ … လူလေးကြည်တော့ မခုတ်တတ်တဲ့ကြောင်လိုပဲ … အဲဒါကြောင့်ပြောတာနေမှာ လူရိုးဆိုတာ သင်္ချိုင်းကုန်းမှာပဲရှိတယ်လို့ … အင်း … ရှေးလူကြီးတွေ ပြောခဲ့တဲ့စကားတွေ သိပ်မှန်တာပဲ … “ ဒေါ်ချစ်က ပြောမည့်အရေး စကားပလ္လင်ခံနေပြန်တယ် နားထောင်သူ စိတ်ဝင်စားအောင် ပြောတတ် ဆိုတတ်တဲ့ ဒေါ်ချစ်ရဲ့ပညာကို မသန်းဌေး လေးစားမိတာကတော့ အမှန်။ အတင်းပြော ဂရုကြီးပဲကိုး … ။ ဒေါ်ချစ်ကလည်း ခေသူတော့မဟုတ်။ လူစည်ကားရာ ဈေး၊ လက်ဘက်ရည်ဆိုင်၊ ဗွီဒီယိုရုံတွေကို ပစ်မှတ်ထားပြီး သူကြားသိရသလောက် သတင်းတွေကို ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအောင် ဖြန့်ဝေပေးတတ်တယ် … ဂျာနယ်မရောက်၊ အင်တာနက်မရှိတဲ့ မသန်းဌေးတို့ တောရွာလေးမှာ ဒေါ်ချစ်ဟာ ဂျာနယ်၊ ဒေါ်ချစ်ဟာ အင်တာနက်။ အလှူမင်္ဂလာပွဲတွေမှာ ဒေါ်ချစ်က ဧည့်ခံအကောင်းဆုံးသူ ဖြစ်လာတယ် … ဒေါ်ချစ်မပါရင် ပွဲမပြီး။ အတင်း အဖျင်းကြားချင်သူတွေက ဒေါ်ချစ်နားမှာ တိုးမရအောင် အုံခဲနေတဲ့အဆင့်အထိ။ ဒါကြောင့် ကိုယ့်အလှူပွဲစည်ကားအောင် ဒေါ်ချစ်ကို ဦးအောင် ဖိတ်ထားရတာ ဆန်သလား။ ဒေါ်ချစ်က အဲဒီနေရာတွေတင်မက မသန်းဌေးဈေးဆိုင်ကိုပါ အတင်းအဖျင်းဖြန့်ဝေရာ နေရာသတ်မှတ်လိုက်ပြန်ပြီ။ ဆယ်ပေပတ်လည် အခန်းလေးရှေ့မှာ ဈေးဝယ်သူတွေထိုင်ဘို့ ခုံတန်းရှည်လေးတစ်ခု လုပ်ပေးထားတယ် … အဲဒီခုံတန်းလေးက ဒေါ်ချစ်တို့အုပ်စု အတင်းဖြန့်ဝေရာ နေရာတစ်ခု ရောက်မှန်းမသိရောက်သွားရတယ် … “လုပ်စမ်ပါအုံး … ဘယ်သူနဲ့တဲ့တုန်း … “ “အေး .. အေး ညည်းတို့ စိတ်ဝင်စားနေကြပြီမလား … ငါလည်း စကြားကြားချင်းဆိုတော့ မယုံမိဘူးအေ … သူများတွေပြောနေတာတော့ လွိုင်ကော်တဲ့ … “ “လွိုင်ကော် … “ မသန်းဌေး ယောင်ယမ်းပြီး ရွတ်ဆိုမိတယ် …မထင်မှတ်ထားတဲ့ နာမည်ကြောင့် အံအားသင့်ပြီး မျက်လုံးတွေ ပြူးကျယ်သွားရတယ် … “ကဲ အပျိုကြီးမမရေ … ကျုပ်တို့လည်း ပြန်တော့မယ် … အိမ်က လူကြီး ကိုတင်မောင်က အိမ်လည်ထွက်တာ သိပ်မကြိုက်ဘူး … သူက ဘုရားလူကြီးဆိုတော့ ကျောင်းကန်ဘုရားသွား ဥပုသ်သီလစောင့်နဲ့ ပုတီးကို လက်ကချတယ်လို့ မရှိဘူး … သူလောက်ကြီးတော့ ဘုရားတရား မလိုက်စားနိုင်သေးဘူးတော်ရေ့ … “ ဒေါ်ချစ်က နှုတ်ဆက်စကားဆိုမှ မသန်းဌေး အသိဝင်လာပြီး ခေါင်းညိတ်ပြလိုက်မိတယ်။ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းပြောတတ်တဲ့ အဲဒီဟာမကြီးပြန်သွားတာ နားအေးတာပဲလို့ မသန်းဌေးစိတ်ထဲက မေတ္တာပို့ရင်း ဒေါ်ချစ်ကွယ်ရာမှာ မျက်စောင်းထိုးမိလိုက်သေးတယ် … ကိုယ်အနေထိုင်တတ်လည်း ပုံချဲ့ပြီးပြောတတ်တော့ ဒေါ်ချစ်ကို မသန်းဌေးရွံကြောက်ကြီးကို ဖြစ်လို့ … ဒေါ်ချစ်ခပ်ဝေးဝေးရောက်သွားမှ နှာခေါင်းဘုဆိုတဲ့ ကောင်မလေးနဲ့ အူတူတူအတတ လွိုင်ကော်တို့နှစ်ယောက်အကြောင်းကို ဆက်စဉ်းစားနေမိတယ် … xxx xxx နှာခေါင်းဘု … အသက် ဆယ့်ငါး ဆယ့်ခြောက် ပတ်လည်သာသာ ရှိမည့်ကောင်မလေး … အသားအရေက နေလောင်ထားပြီး နီကျင့်ကျင့်ဖြစ်နေတယ် … ခါးလည်လောက်ရှိမယ့် ဆံပင်တွေက အုန်းဆီးမလူး မဖီးမပြူဘဲထားလို့လားမသိ ၀ါဖျော့ဖျော့ဖြစ်နေတယ် … လုံချည်ကို ခေါင်းစောင်းတင် အမြဲဝတ်တတ်တဲ့အဲဒီကောင်မလေးကို ကပိုကရိုနိုင်လှတယ်လို့ပဲ မသန်းဌေးထင်မိတယ် … မသန်းဌေးနဲ့ နှာခေါင်းဘုစတင်တွေ့ဆုံပုံက … တစ်ရက် … ဈေးနေ့ဖြစ်လို့ ဈေးဝယ်သူတွေနဲ့ ကြိတ်ကြိတ်တိုး စည်းကားနေတဲ့အချိန် တစ်မနက်ခင်းလုံး ဈေးဝယ်သူတွေကို သေချာရှင်းပြနေရလို့ ပါးစပ်လည်း ညောင်းလှပြီ။ တိုလီမုတ်စ ကုန်စုံဆိုင်လေးဆိုတော့ ဈေးရောင်းအကူလည်းမရှိ။ အဲဒါကြောင့် ဈေးနေ့ဆို ယားလို့တောင် မကုတ်နိုင်အောင် ပင်ပမ်းလှတယ် … နေ့လည် ဈေးကွဲတဲ့အချိန်ရောက်မှ ခြေဆင်းကျောခင်းပြီး အညောင်းဆန့်ရတယ် … နေ့လည် နေပူချိန်မှာ မသန်းဌေး ပက်လပ်ကုလားထိုင်ပေါ်မှာပဲ ငိုက်မြည်းနေချိန် တစ်ယောက်ယောက်က ခိုးကြည့်တယ်လို့ ခံစားရတာနဲ့ ဘေးဘီကို အကြည့်ရောက်မိတယ် … မသန်းဌေးကို မျက်လုံးအ၀ိုင်းသားနဲ့ လန့်ဖြန့်ပြီး ကြည့်နေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရတယ် .. အဲဒီကောင်မလေးက ဇာတ်လိုက်မင်းသမီး နှာခေါင်းဘုပါပဲ … “ဘာလဲ … “လို့ မသန်းဌေးက စိတ်မရှည်တရှည်နဲ့ မေးလိုက်တယ် … နှာခေါင်းဘုက ချက်ချင်းမဖြေ။ မသန်းဌေး စိတ်ပေါက်ပေါက်ဖြစ်လာပြီး ထပ်မေးကာမှ နှာခေါင်းဘုက ရေအိုးစင်ကို လက်ညှိုးထိုးပြတယ် … “ရေသောက်ချင်လို့လား … သောက်လေ … “ နှာခေါင်းဘုက ခေါင်းယမ်းပြရင်း ရေချိုးသလို အမူအရာလုပ်ပြနေတဲ့အတွက် မသန်းဌေး မျက်မှောင် ကြုတ်သွားရပြီး … “ရေချိုးမလို့ ဟုတ်လား … “လို့ နားမလည်လို့ မေးလိုက်တော့ နှာခေါင်းဘုက ခေါင်းယမ်းပြပြန်တယ် … “ကောင်မလေး … နင်စကားမပြောတတ်ဘူးလား … "လို့ မသန်းဌေးက မေးလိုက်မှ နှာခေါင်းဘုက ခေါင်းညိတ်ပြတယ် .. မွေးရာပါ နှာခေါင်းဘုလေးကြောင့် အကျည်းတန်နေပါတယ်ဆို စကားပါ မပြောတတ်ဘူးဆိုတော့ မသန်းဌေး သနားသွားမိတယ် … နူပါတယ်ဆို ၀ဲစွဲဆိုတဲ့ စကားပုံလိုဖြစ်နေတော့ စိတ်မကောင်းလည်း ဖြစ်မိသွားတယ် … “ဘာပြောချင်တာလဲ ပြောလေ … “လို့ ကြည်ကြည်သာသာနဲ့ လမ်းစဖွင့်ပေးလိုက်တယ် … နှာခေါင်းဘုက ရေးထမ်းသလို လုပ်ပြနေတော့ မသန်းဌေး သဘောပေါက်သွားပြီး … “ရေယူအုံးမလားလို့ မေးတာလား … “လို့ ပြန်မေးလိုက်တော့ နှာခေါင်းဘုလေးက အားရ၀မ်းသာ ရယ်ပြီး ခေါင်းညိတ်ပြတယ် … အဲဒီအချိန်ကစပြီး နှာခေါင်းဘုဟာ မသန်းဌေးဆိုင်အတွက် ရေသည်ဖြစ်ခဲ့တယ် … ရေရှေ့တစ်ပုံး နောက်တစ်ပုံးထမ်းနိုင်တဲ့ နှာခေါင်းဘုရဲ့အစွမ်းကို မသန်းဌေး အားကျမိတယ် … ချိုးရေ၊ သောက်ရေအကုန်ဖြည့်ပြီးတော့ ဘယ်လောက်ပေးရမယ်မှန်း မသိဖြစ်နေလို့ မသန်းဌေးက လက်ညှိုးနဲ့ လက်မကို ထိပြီး ၀ိုင်းပြလိုက်တယ် … နှာခေါင်းဘုက ချက်ချင်းဆိုသလိုပဲ မြေကြီးမှာ လေးဘက်ထောက်ထိုင်ပြီး လက်နှစ်ချောင်းထောင်ပြတော့ မသန်းဌေး မျက်လုံးပြူးသွားရတယ် … ဘာလုပ်ပြတာပါလိမ့်လို့ အပြေးအလွှားတွေးနေမိတယ် … ခနနေမှ သဘောပေါက်မိတော့တယ် … နှာခေါင်းဘု လေးဘက်ထောက်ပြတာ ခြင်္သေပုံဖြစ်ပြီး လက်နှစ်ချောင်းထောင်ပြတာက နှစ်ရာဖြစ်ကြောင်း သဘောပေါက်မှပဲ သက်ပြင်းချနိုင်တော့တယ် … တစ်ခါတလေ ငါးရာတန် ထုတ်ပေးပြီး အကဲစမ်းကြည့်ဖူးတယ် … မယူပါ။ နှစ်ရာတန်ကိုပဲ ယူလို့ နှာခေါင်းဘုရဲ့စိတ်ထားလေးကို စိတ်ထဲမှာ ချီးကျူးမိတယ် … နေ့စဉ်ရက်ဆက်ဆိုသလို နှာခေါင်းဘုက မသန်းဌေးဆိုင်ကိုလာပြီး အိုးအလွတ် ခွက်အလွတ်ပါမကျန် ရေဖြည့်တယ် .. စားပြီးသားပန်းကန်ခွက်ယောက်တွေကိုလည်း ဆွဲယူပြီး ဆေးကြောပေးတတ်တယ် … မသန်းဌေးရင်ထဲမှာလည်း သနားစိတ်တွေဖြစ်ပြီး နေ့တိုင်း ထမင်းကျွေးတယ် … လုံချည်၊ အကျီအဟောင်းတွေ ပေးကမ်းလိုက်တယ်ဆိုရင် နှာခေါင်းဘုလေး ပျော်ရွှင်နေတတ်ပြီး မသန်းဌေးကို နှိုပ်နယ်ပေးတတ်တယ် … တစ်ရက်မှာ … နှာခေါင်းဘု အရင်လို တတ်တတ်ကြွကြွမဟုတ် ငေးငိုင်နေတယ်လို့ မသန်းဌေး ထင်မိတယ် … ဒီကောင်မလေး တစ်ခုခုတော့ တစ်ခုခုပဲလို့တွေးပြီး ချော့မော့မေးဘို့ ဆုံးဖြတ်လိုက်တယ် … နှာခေါင်းဘု့အခတ်အခဲဟာ မသန်းဌေးအခတ်အခဲပဲ မဟုတ်လား။ သံယောဇဉ်ကြိုးက မသိမသာ ရစ်ပတ်နေလေပြီ။
နှာခေါင်းဘုက လက်ဟန်ခြေဟန်နဲ့ သူဖြစ်ပျက်နေတာကို ရင်ဖွင့်ပါတယ် … အဲဒီအခါမှ မသန်းဌေး စိတ်အေးကာ သက်ပြင်းချနိုင်တော့တယ် … နှာခေါင်းဘုငေးငိုင်နေတာက အပျိုဖော်ဝင်ချိန် ဓမ္မတာလာတာကို သူတစ်ယောက်တည်းပဲ မထိခိုက်မိဘဲ ဖြစ်ရတယ်ဆိုပြီး စိတ်မကောင်းဖြစ်နေတယ်ဆိုတာ သိရတော့တယ် … ဒါသဘာဝပဲလို့ နှာခေါင်းဘု နားလည်အောင် ပြောပြ ရှင်းပြရတယ် … တဆက်တည်း မိန်းကလေးဆိုတာ အိနြေ္ဒရရနေရကြောင်း၊ နေရာတကာ လျှပ်တီးလျှပ်ပြာ မလုပ်သင့်ကြောင်း၊ အနေအထိုင် ပိပိရိရိရှိရကြောင့် အစပြုပြီး မသန်းဌေးသိမှတ်သလောက် ပြောဆိုဆုံးမ ရပြန်တယ် … အဲဒီလို ဆုံးမသွန်သင်ထားတဲ့ကြားက အခုဗိုက်ကြီးနေပြီဆိုတော့ မသန်းဌေး အံ့လည်းအံ့သြ မယုံကြည်နိုင်အောင်လည်း ဖြစ်ရတယ် … တရားခံကလည်း တခြားသူမဟုတ် လွိုင်ကော်ဆိုတော့ ဘယ်လိုမှ စဉ်းစားမရအောင်ကို ဖြစ်နေရတယ် … xxx xxx လွိုင်ကော် … သူလည်း နှာခေါင်းဘုနဲ့ အသက်တူလောက်ပဲဖြစ်လိမ့်မယ် … မိဘဆွေမျိုးမရှိ၊ တစ်ကောင်ကြွက်လေး … ကုန်တင်ကားတစ်စီးနဲ့ မသန်းဌေးတို့ရွာကို ရောက်လာခဲ့တယ် … ဘယ်အရပ်ဘယ်ဒေသက လာတယ်ဆိုတာ မသိပေမယ့် သူပြောစကားအရ လွိုင်ကော်မြို့က လိုက်လာတယ်လို့ ဆိုတဲ့အတွက် လွိုင်ကော်လို့သာ ပြီးစလွယ် ခေါ်ကြတယ် … အရပ်ပုပြတ်ပြတ် ၊ အသားဖြူဖြူစပ်စပ်နဲ့ အမြဲပြုံးနေတတ်တယ်။ တစ်ခါတလေ တစ်ယောက်တည်း ပြုံးနေတတ်လို့ စိတ်ဂယောက်ဂယက် ဖြစ်နေတဲ့သူတစ်ယောက်လို့ ထင်ချင်စဖွယ်ရှိပေမယ့် စိတ်သဘောထားကောင်းသူတစ်ယောက်ဖြစ်တယ်ဆိုတာ တစ်ဈေးကုန်းလုံးသိကြတယ် … ဈေးထဲက လူတွေက တောက်တိုမယ်ရ အလုပ်တွေကို ခိုင်းလိုက်တယ်ဆိုရင် ဖင့်ပေါ့ပေါ့နဲ့ လုပ်ပေးတတ်တယ် … မရွှေလုံးဆိုင်က ကွမ်းသွားထုတ်လိုက်အုံးဆိုလည်း အပြေးအလွှားသွားတတ်တဲ့ လွိုင်ကော်၊ ဈေးကုန်တွေ ထမ်းပိုးဆိုလည်း လွိုင်ကော်၊ ရှမ်းကုန်တွေ ရောက်ပြီဆိုလည်း ကုန်တင်ကုန်ချက လွိုင်ကော်၊ ၀က်စာသယ်ခိုင်းလည်း လွိုင်ကော်၊ ယုတ်စွအဆုံး အိမ်သာကျင်းတူခိုင်းလည်း လွိုင်ကော်ပဲ၊ တစ်ဈေးကုန်းလုံးရဲ့အားအထားရဆုံး၊ စိတ်ထားကောင်းပြီး ရိုးသားဖြူစင်တဲ့ သူ့ကို လူတိုင်းက ချစ်ခင်ကြတယ် … ပေးစာ ကမ်းစာတွေကို မငြီးမညူ၊ လုပ်အားခကိုလည်း နည်းတယ် များတယ်မဆို အမြဲ ပျော်ရွှင်တတ်ကြွနေတတ်တဲ့ကောင်လေးက အခု နှာခေါင်းဘုရဲ့ဗိုက် တရားခံဖြစ်နေရှာပြီဆိုတော့ မသန်းဌေးအပါအ၀င် တစ်ဈေးကုန်းလုံး ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ သတင်းထူးတစ်ပုဒ် ဖြစ်နေရတယ် … လွိုင်ကော်မဟုတ်နိုင်ဘူးဆိုတဲ့လူတွေကတစ်ဘက် ဒီကိစ္စမျိုးမှာ ဘယ်ယောက်ျားမှ ဥပုသ်မစောင့်ဘူး သေချာတယ် လွိုင်ကော်မှ လွိုင်ကော်အစစ်ပဲဆိုတဲ့လူတွေက တစ်ဘက်နဲ့ ဈေးထဲမှာ အချင်းချင်းတောင် စကားအပေါက်အလမ်းမတည့်ချင်ကြတော့ ။ xxx xxx မနက်မိုးလင်းလင်းချင်း ကြားရတဲ့ သတင်းက စိတ်မချမ်းမြေ့ဖွယ်သတင်းဆိုးတစ်ခုဖြစ်နေတယ် … လွိုင်ကော် ထွက်ပြေးလို့တဲ့ … ။ တစ်ဈေးကုန်းလုံး ဝေဖန်ချက်၊ ထင်မြင်ချက်အမျိုးမျိုးနဲ့ နေရာတိုင်းလိုလိုမှာ တီးတိုးပြောဆိုနေကြတယ် … နှာခေါင်းဘုလေးကတော့ ဗိုက်ကြီးတကားကားနဲ့ ကလေးတွေကြားမှာ အရင်လို အပြုံးအရယ်မပျက် ဆော့ကစားနေဆဲ။ ဗိုက်ထဲမှာ လင်ကောင်မပေါ်ဘဲ မွေးလာတော့မယ့် ရင်သွေးလေးရှိတယ်ဆိုတဲ့ ပူပင်သောကမျိုးလည်း မရှိ။ အအိပ်အစား လုံးဝမပျက်တဲ့ နှာခေါင်းဘုကို လူတိုင်းက မေးငေါ့ကြတယ် … ကိုယ်လုပ်ထားတဲ့ကိစ္စကို တာဝန်မယူနိုင်ဘဲ ရှောင်ပြေးသွားတဲ့ လွိုင်ကော်ကိုလည်း စကားလုံးကြမ်းကြမ်းတွေနဲ့ မတ္တာပို့ကြတယ် … အဆိုးဆုံးကတော့ လော်စပီကာ ဒေါ်ချစ်။ နှာခေါင်းဘုတို့ရဲ့ဇာတ်လမ်းကို သူကိုယ်တိုင် မျက်မြင် တွေ့ခဲ့ရသလိုလို ဇာတ်စုံခင်းကျင်း ပြောပြနေပုံက လူတိုင်းပါးစပ်အဟောင်းသားနဲ့ ငေးနေရတဲ့အဆင့်ထိ။ ဘယ်နေရာမှာ ဘယ်လိုဖြစ်တာ၊ ဘယ်နှစ်ကြိမ်ဆိုတာက ပါလိုက်သေးတယ် … မသိန်းဌေးမှာ ကြားရတာနဲ့ကို နားရှက်နေရပြီ။ ဇာတ်လမ်းတွေထဲကလို ကိုယ်ဝန်ရှိတာမဟုတ်ဘဲ သားအိမ်ထဲမှာ အလုံးကြီး တည်နေတာဆိုရင် ကောင်းမှာဘဲလို့ မသန်းဌေး ကြိတ်ဆုတောင်းနေမိတယ် … သိပ်မကြာလိုက်ပါ … နောက်ထပ် သတင်းတစ်ခု ကြားရပြန်တယ် … နှာခေါင်းဘုလေး လျှော်လဲရာက ဗိုက်ပျက်ကျသွားပြီတဲ့။ တချို့ကလည်း ရွာတောင်ပိုင်းက လက်သည် ဒေါ်ဆယ်ရင် ဖျက်ချပေးလိုက်တာ … အစရှိလို့ သတင်းကောင်းလို့ ပြောရမလား … သတင်းဆိုးလို့ပဲ ပြောရမလားမသိ ဈေးကုန်းတစ်ကုန်းလုံး အုံ့အုံ့ကျွတ်ကျွတ် ဖြစ်ကုန်တယ် … လင်ကောင်မပေါ်ဘဲ မွေးလာမှာနဲ့စာရင် ပျက်ကျသွားတာက ကောင်းပါတယ်ဆိုတဲ့ ဂရုဏာစကားလုံးများသာ ပျံ့နှံ့နေခဲ့တယ် … xxx xxx ချီးမွှမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်ဆိုတဲ့အတိုင်း နှာခေါင်းဘုတို့ရဲ့ဇာတ်လမ်းက တစ်စ တစ်စနဲ့ ပျောက်ကွယ်သွားတယ် .. . ထွက်ပြေးသွားတဲ့ လွိုင်ကော်ကိုလည်း မေ့ကုန်ကြတယ် … နှာခေါင်းဘု အကြောင်းကိုလည်း ဘယ်သူမှ အရေးတယူ လုပ်ပြီး မပြောကြတော့။ လော်စပီကာ ဒေါ်ချစ်ကလည်း တစ်အိမ်ဆင်း တစ်အိမ်တက် သတင်း၊ အတင်းတွေကို မပြောတော့တဲ့အပြင် စိတ်ဖောက်ပြန်သွားခဲ့တယ် … ဒါပေမယ့် နှာခေါင်းဘုလေးက လော်စပီကာဒေါ်ချစ်ရဲ့ယောက်ျား ဦးတင်မောင်ကြီးမြင်ရင် မျက်ကလူးဆန်ပြာဖြစ်ပြီး အထိတ်တလန့်နဲ့သုတ်ခြေတင် ထွက်ပြေးတော့တယ် … ဘာကြောင့် အဲဒီလိုဖြစ်ရတယ်ဆိုတာ နောက်ဆက်တွဲသတင်းတစ်ပုဒ်အနေနဲ့ မသန်းဌေးတို့ တစ်ရွာလုံး ပြောမဆုံးနိုင်အောင်ပါပဲ … ။

**အာကာခေတ်ပိုင်**

-နောက်ဆက်တွဲ သတင်း -

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)