-နှုတ်လို့ ရပြီ ဇာဂနာနဲ့ နှုတ်လို့ ရပါပြီ-
ည ရှစ်နာရီလောက်အချိန်မှာ စိန်ရတုလမ်းလို့ အခုခေါ်နေကြတဲ့ ယခင်က ရုံးလမ်းပေါ် မှာ ရောက်နေခဲ့ပါတယ် ။ ရဲတံခွန် အားကစားခန်းမဖက်ကို လှမ်းငဲ့ကြည့်လိုက်မိတဲ့အခါ ခန်းမကြီးတစ်ခုလုံးမှောင်လို့ ။ ဘေးနားက တင်းနစ်ကွင်းမှာလည်း အလင်းရောင်မရှိ ။ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ ( ၁၆ ၊ ၁၇ ) ရက်များမှာတော့ မီးမောင်းကြီးတွေ တထိန်ထိန် ။ အသံချဲ့စက်သံတွေညံလို့ လူတွေကလည်း အားကစားခန်းမထဲမှာ ကုလားထိုင်လုံးရေ တစ်ထောင်ကျော် နဲ့ပြည့်လို့ ၊ ပွဲကြည့်စင်မှာလည်းပြည့်လို့ ၊ နဘေးက တင်းနစ်ကွင်းမှာ လည်း ပြစက်ကို ထိုင်ကြည့် ၊ ရပ်ကြည့်နေကြတဲ့သူတွေ များမှများ ။ စည်ကားနေခဲ့ပါတယ် ။ဖေဖေါ်ဝါရီလ ( ၁၆ ) ရက်နေ့ညမှာ ... ၁ ။ ဆရာမ မသီတာ ( စမ်းချောင်း ) ၂ ။ ဆရာညီမင်းညို ၃ ။ ဆရာဂျင်မီ တို့ကဟောပြောခဲ့ပါတယ် ။ ( ၁၇ ) ရက်နေ့ညမှာတော့ ... ၁ ။ ဆရာကြည်မင်း ၂ ။ ဆရာမြင့်ဇော် ၃ ။ ဆရာဇာဂနာတို့က ဟောပြောခဲ့ကြပါတယ် ။ ဟောသူ ကဟော ၊ ပြောသူကပြော ၊ လက်ခုပ်သံတွေ ၊ ရယ်မောသံတွေ နဲ့ စည်ကားနေလိုက်တာ တတိယအကြိမ်မြောက် ဆရာကြီးမောင်ထင် အထိမ်းအမှတ် စာပေဟောပြောပွဲကြီးမှာ ။ အမှတ်တရဖြစ်ရပါတယ် ။ စာအုပ်တွေကိုလည်း စာပေတိုက်တွေရဲ့ အကူအညီတွေကို ရယူပြီးရောင်းချနိုင်ခဲ့ပါတယ် ။ ထုံးစံအတိုင်း ပွဲလမ်းသဘင်မှာဈေးရောင်းဈေးဝယ်တွေ နဲ့ ကြည်နူးစရာမြင်ကွင်းကို လပွတ္တာမြို့အတွက် ယဉ်ကျေးမှုပွဲတော်အသွင် ဖန်တီးနိုင်ခဲ့ကြပါတယ် ။ အခုတော့ တိတ်ဆိတ် ။ ဒီလိုပါပဲ ။ အဖြစ်တွေအပျက်တွေဟာ ရှေ့သို့ဆက်လက် သွားနေကြတာပါ ။ အချိန်ပေါ်မှာမူတည်ပြီး လုပ်ရပ်တွေရဲ့ ကောင်းကျိုး ဆိုးပြစ်တွေဟာ အစဉ်တစ်ခုကို ဖော်ဆောင်သွားနေတာပါ ။ ဘယ်သူက တားလို့ ရပါ့မလဲ ။ ဒီအတွေးတွေနဲ့ အိမ်ကို ပြန်ရောက်ခဲ့ပါတယ် ။ ထမင်းစားဖို့ ပြင်ဆင်နေတုန်းမှာပဲ ဧည့်သည်တစ်ယောက်ရောက်လာပါတယ် ။ ကျွန်တော်တို့အိမ်ရဲ့ မျက်စောင်းထိုးသုံးအိမ်ကျော်လောက်မှာနေတဲ့ မိန်းကလေးတစ်ယောက်ပါ ။ သားသမီးတွေက မူလတန်းမှာပဲ ရှိကြပါသေးတယ် ။ အမျိုးသားက ၀န်ထမ်းတစ်ဦးဖြစ်ပါတယ် ။ တယ်လီဖုန်းတွေကို တစ်လုံးနှစ်သိန်းနဲ့ အရစ်ကျရောင်းချနေစဉ်ကာလမှာ သူက တယ်လီဖုန်း ၀ယ်ခဲ့သူပါ ။ သူဝယ်ချိန် အရောက်မှာ ဈေးနှုန်းတွေကို ပြင်ဆင်ပြောင်းလဲနှိမ့်ချမယ်ဆိုတဲ့အသံတွေ ထွက်ပေါ်နေတဲ့အချိန်ပါ ။ သူ့အမျိုးသားကလည်း ရင်းနှီးသူမို့ တယ်လီဖုန်းဝယ်မယ့် အကြောင်း စကားစပ်မိတဲ့အခါ ကျွန်တော်က စောင့်နိုင်လျှင် စောင့်စေချင်ကြောင်း ၊ ဈေးနိမ့် ချိန်ရောက်မှ ၀ယ်ယူပါက ကုန်ကျစရိတ်သက်သာခွင့်ရရင် ၀န်ထမ်းအတွက် အပိုငွေ သုံးနိုင်ကြောင်း ပြောပြမိခဲ့ဖူးပါတယ် ။ ဒါပေမယ့် ဒီမိန်းကလေးက မယုံပါ ။ ဒီထက်လည်း ဈေးကျ မယ်လို့ မထင်တော့ပါ ။ သူ့အမျိုးသားကလည်း သူ့မိန်းမဆုံးဖြတ်ချက်ကို ၀င်မစွက်ချင်တဲ့အခါ တယ်လီဖုန်းတစ်လုံးဝယ်ဖြစ်သွားပြီး ဟင်းဆက်လည်း ဈေးသင့်တာကို သုံးဖြစ်သွားပါတော့တယ် ။
တစ်လရောက်ရင်း ၊ တစ်ခါ အကြွေး ဆပ်ရင်း ၊ ပြောခအတွက်ကဒ်ဖိုးတွေရှင်းရင်း လည်ပတ်နေခဲ့ပါတော့တယ် ။ ကုန်သည်လည်း မဟုတ်တော့ တယ်လီဖုန်း အတွက် ကာမိတဲ့ ဖြည့်ဆည်းဝင်ငွေလည်းမရ ။ ခြို့ခြံမှုနဲ့ တယ်လီဖုန်းလေးတကိုင်ကိုင် စတိုင်ကျနေခဲ့သူပါ ။ ပတ်ဝန်းကျင် အသိုင်းအ၀န်းမှာလည်း သူလိုလူတွေက အများဆိုတော့ သူလိုကိုယ်လိုတွေပဲ မဟုတ်ပါလား ။ အခုတော့ အိမ်ကို အရောက်လာပြီး သတင်းမေးတာ ဖြစ်ပါတယ် ။ ဖေဖေါ်ဝါရီလ ( ၁၇ ) ရက်ညမှာ ဆရာဇာဂနာက တယ်လီဖုန်းတစ်လုံးရဲ့ ဈေးနှုန်းဟာ ငါးထောင်ကျပ်မျှသာသင့်တင့်ကြောင်း ရှင်းပြထားတာကို ကြားနာရတော့ သူတို့ ၀ယ်ယူခဲ့တာ မှားခဲ့ပြီလားဆိုတဲ့ အတွေးတွေဖြစ်လာပါတော့တယ် ။ အိမ်ထဲမှာ နေရင်း အေးဓားပြတွေ လက်ချက် နဲ့ မိမိတို့ဝင်ငွေတွေ မထိခိုက်စေလိုကြောင်း ၊ သတင်းတွေဟာ ယခင်ကထက် တိကျပျံ့နှံ့မှုတွေရှိနေတာကို နားစွင့်သင့်ကြောင်း ဆရာဇာဂနာက ထည့်သွင်းဟောပြော ခဲ့တာဖြစ်ပါတယ် ။ ဒါပေမယ့် ဒီမိန်းကလေး သိချင်တာက တယ်လီဖုန်းတွေ ဈေးချပေးတဲ့အခါ သူတို့လို လူတွေကို ပိုငွေတွေ ပြန်အမ်းပေးမှာလားလို့ သူကသိချင်နေတာပါ ။ အေးဓားပြတွေ ကတော့ ပြန်ပေးမယ် မထင်ဘူးလို့ ကျွန်တော်ကလည်းပြောပြလိုက်ပါတယ် ။ သူ့မှာနှမျော စိတ်တွေ ၀င်နေပြီပေါ့ ။ လူတွေရဲ့ သဘာဝပါ ။ မိမိတို့ရဲ့ဝင်ငွေကို လှူတန်းမှုပြုတာက ကုသိုလ်စိတ်ကြောင့် မျှဝေပေးနိုင်ပေမယ့် တမင်သက်သက်လုယူသလိုမျိုးခံစားရရင်တော့ နှမျောကြမှာ အသေအချာပါပဲ ။ အဲဒီအချိန်မှာ ( ၂၀၁၄ ) ခုနှစ်ရောက်ရင် သန်းခေါင်စာရင်းကောက်ယူဖို့ လှုံ့ဆော်နေတာကို ရုပ်မြင်သံကြားမှာ တွေ့နေရပါတယ် ။ နှစ်ပေါင်းသုံးဆယ်ကျော် သန်းခေါင်စာရင်း မကောက်နိုင်ခဲ့ လောက်အောင် ဘာတွေများ ဆောင်ရွက်နေကြ လို့လဲ ။ ပြည်သူလူထု မွဲပြာကျအောင် သေချာစဉ်းစား လုပ်ဆောင်နေကြတာလားလို့ ထင်စရာပါ ။ ကိုယ်နေတဲ့အိမ်မှာ အိမ်သားဘယ်လောက် ရှိမှန်းတောင်မသိကြဘဲ ၊ ထမင်းဘယ်လောက်ချက်ရမယ်ဆိုတာ မသိဘဲ ဘယ်လို စီမံဆောင် ရွက်နေကြတာလဲဆိုတာ သိတ်ပြီးတွေးတောစရာမလိုပါဘူး ။ ကိုယ်ကျိုးစီးပွားအတွက် ဘယ်သူသေသေငတေမာရင်ပြီးရော စိတ်ဓာတ်တွေနဲ့ နိုင်ငံကို ချုပ်ကိုင်လွှမ်းမိုး အနိုင်ကျင့်ခဲ့ ကြတာ သေချာခဲ့ပါ တယ် ။ မြန်မာပြည်မှာဒီလိုလုယက်မှုတွေကို နှစ်ပေါင်းများစွာ ပြည်သူတွေက ခံစားနေခဲ့ပြီးပါပြီ ။ ပွင့်လင်းမြင်သာမှုမရှိဘဲ သတင်းအမှားတွေနဲ့ ဖုံးအုပ်လို့ အမြတ်ထုတ်နေကြတာ ကြာခဲ့ပါပြီ ။ ဒါတွေ ရပ်တန်းက ရပ်သင့်ပါပြီ ။
ထို့အတူ စားသုံးသူပြည်သူပြည်သားတွေကလည်း ဆင်ခြင်တွေးတော ဆုံးဖြတ်ဆောင်ရွက်မှုတွေကို အလေးထားကြရတော့မှာပါ ။ မိမိ လုပ်ဆောင် မယ့် အလုပ်အတွက် ခေါင်းငုံ့ပြီး ကျီးလန့်စာစား လုပ်နေကြရတော့မယ့် အချိန်ကုန်ခဲ့ ပါပြီ။ ခေါင်းမော့ပြီး သေသေချာချာကြည့်မြင်လို့ ၊ မေးမြန်းစုံစမ်းလို့ လုပ်ဆောင်ကြရမှာပါ ။ အရင်ကကိုယ့်ကို မေးမြန်းစုံစမ်းထောက်လှမ်းတာကို ကြောက်ရွံ့မှုတွေနဲ့ ဖြေခဲ့ကြတာကို မေ့လိုက်ကြရပါ မယ် ။ အခုအချိန်မှာ ကိုယ်က တတ်နိုင်သလောက်မေးမြန်း စူးစမ်းလေ့လာ အဖြေကိုတောင်းပြီး လုပ်သင့်မှ လုပ်ကြဖို့ လိုအပ်နေပါပြီ ။ ကြောက်မွေးတွေကို ဇာဂနာနဲ့ နှုတ်လို့ ရပါပြီ ။ အကြွားအ၀ါစိတ်လေးတွေကိုလည်း တစ်ပါတည်း နှုတ်လိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ် ။
** ငြိမ်းစိုးဦး**
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...

No comments:
Post a Comment