-အတွေးတွေအခြေမကျတဲ့ သွေးမြေကျခဲ့မတ်လ-
ဦးနှောက်မဲ့နှလုံးသားပိတ်ဆို့ခံထားရတဲ့ အတွေးအခေါ်များနဲ့
လက်မရွံ့ကြေးစား ဖောက်ပြန်ရေးသမားတွေရဲ့
မတရားအလံထူထားတဲ့ အလကားလူတွေကြောင့်
တံတားဖြူနဲ့အင်လျားကန်မှာ ကံဆိုး မိုးမှောင်ကျ ၊
သွေးမုန်တိုင်း နိဒါန်းအစပျိုးခဲ့တယ် ။
နွေထက်ပူလောင်တဲ့ ဒီမတ်လမှာ
မတ်တပ်ရပ်ကာစ လူ့အခွင့်အရေး
သွေးစက်များ ပေကျံ
ထောင်အချုပ်ကားထဲ အသက်ရှုရပ်သလို
မနက်ဖြန်တွေ မွန်းကြပ်နေတယ်။
သံချေးတက်နေတဲ့ စနစ်ဟောင်းမှာ
တိုက်ပုံနဲ့ ခေါင်းပေါင်းဝတ်များရဲ့
မြန်မာ့နည်း ၊မြန်မာ့ဟန်လို ဖောက်ပြန်ခဲ့အမွေကို
ဗြောင်လိမ်ဗြောင်စားတဲ့ စစ်ယူနီဖောင်းဝတ်များထံ လွှဲပြောင်း
အဆိုးအမှားတွေ ပြင်းထန်တဲ့
အမှောင်ဘ၀များကို အရှင်လတ်လတ် ဆင်းရဲခြင်းတွင်းနက်နက်ထဲ တွန်းချနေတယ် ။
စီးပွားရေး ချောက်ထဲကျတဲ့ ခေတ်မှာ
ကတောက်ကဆတွေ မကြာကြာဖြစ်ရ
ကမောက်ကမ ဖြစ်မှုတွေ ဒုနဲ့ဒေး
အကျင့်စာရိတ္တပျက်မှုများက လျှပ်စစ်မီးလို ခဏခဏပျက်
သွေးစွန်းလက်နဲ့ဘုရားတည်
မကောင်းမှုတွေရဲ့နိဂုံးမှာ ငရဲရောက်မယ်ဆိုတာ ကြိုသိလို့
ယတြာချေတဲ့ အနေနဲ့
ငရဲနဲ့နီးနီးမှာ မြေအောက်လှိုဏ်ခေါင်းတူးပြီးနေကြတယ်။
ရုန့်ရင့်ကြမ်းတမ်းမှုများကို
ရပ်တန့်ကမရပ်ပဲ ရန်စွယ်ရန်ငြိုးများ စစ်မီးလိုမွှေးကာ
မျိုးပွားပြီး အာဏာကို စစ်သွေးနဲ့ ဆေးကြောသူတွေကြောင့်
ရုန်းရင်းဆန်ခတ်မှုများ ခေတ်အဆက်ဆက်မှာ ဖြစ်ပွားခဲ့တယ် ။
အတွေးတွေ အခြေမကျတဲ့
သွေးမြေကျခဲ့ မတ်လ
အရိုးတောင်တန်းတွေ အထပ်ထပ်
သွေးမြစ်တွေ ဖြတ်စီး
အိပ်မောကျနေတဲ့ ကမ္ဘာကြီးကို
သွေးချင်းချင်းနီစဲလက်များနဲ့ လှုပ်နှိုးခဲ့တယ်။
**အောင်ခိုင်မြင့်**
၁၃ မတ်လ ၂၀၀၉

No comments:
Post a Comment