-မြန်မာသံရုံး အကျိုးဆောင်ကော်မတီမှ ထိုင်းနိုင်ငံရောက် မြန်မာစိုက်ပျိုးရေးလုပ်သား ၆ ဦး၏ မူလစိုက်ထုတ်ငွေပြန်ရအောင် ဆောင်ရွက်-
**(မတ်လ ၁၉ ရက် ၂၀၁၃- သောင်ရင်းနဂါး)**ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီမှ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ဖယ်ဖက်ခရိုင်ရောက် မြန်မာစိုက်ပျိုးရေးလုပ်သား ၆ ဦး၏ မူလစိုက်ထုတ်ငွေ ကျပ် ( ၃ သိန်း ၂ သောင်း x၆) ပြန်ရစေရန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဘန်ကောက်မြို့ အခြေစိုက် မြန်မာသံရုံး၏ မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း၏ စီစဉ်ညွှန်ကြားမှုနှင့် အကျိုးဆောင် ကော်မတီဝင် ဦးကျော်သောင်း၊ ဦးအေးမင်းတို့၏ ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်မှုများအရ မဲဆောက်ဒေသမှ ကော်မတီဝင် ဦးမိုးကြိုး (ခေါ်) ဆရာမိုးသည် ယနေ့ မနက်ပိုင်းမှ ညပိုင်းအထိ ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ၊ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ကျောက်လုံးကြီးစခန်း)၌ ကန်ဖယ်ဖက်ခရိုင်ရောက် မြန်မာစိုက်ပျိုးရေးလုပ်သား ၆ ဦးအားအနီးကပ်ကူညီလှုပ်ရှားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ကန်ဖယ်ဖက်ခရိုင်၊ မူဘန့်စမူကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရန် မြန်မာပြည်ဘက်ခြမ်းမှ “ဆွေဆွေစံ”ကုမ္ပဏီက ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလထဲတွင် မြန်မာစိုက်ပျိုးရေးလုပ်သား ၉၅ ဦးအား နေ့စားခ ဘတ် ၃၀၀ ရရှိစေရန် စာချုပ်ချုပ်ဆိုခဲ့သည်။ သို့ရာတွင် ကန်ဖယ်ဖက်ခရိုင်တွင် ကြံခုတ်လုပ်ငန်းကို စတင်လုပ်ကိုင်ရာ၌ မိုးလေ၀သဆိုးရွားမှုနှင့် ကြုံကြိုက်ရသဖြင့် လုပ်ရတစ်ရက်၊ ပျက်တစ်ရက်ဖြင့် အနေအထားဆိုးခဲ့ကြသည်။ ဤအခြေအနေအောက်တွင် “ဆွေဆွေစံ”ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား အကျိုးအကြောင်း ပြောကြားခဲ့ကြသော်လည်း တစုံတရာတာဝန်ယူမှု မရှိသဖြင့် မဲဆောက်မြို့မှ တဆင့် မြ၀တီမြို့သို့ မြန်မာအလုပ်သမား (၇) ဦးတို့သည် ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့၌ ပြန်လည်ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။၁ ဦးကမြန်မာပြည်-လက်ပတန်းမြို့နယ်သို့ ပြန်သွားသည်။ ၆ ဦးကဘန်ကောက်မြို့ အခြေစိုက် မြန်မာသံရုံး၏ မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ ဆီ အကူအညီတောင်းသည်။
၂ နိုင်ငံနားလည်မှု စာချွန်လွှာ (MOU)ဖြင့် မူလသဘောတူညီချက်အတိုင်း မဟုတ်သော လုပ်ငန်းခွင်အခြေအနေကြုံတွေ့ရမှုအပေါ် နောင်လာလတ္တံ့သော မြန်မာရွှေ့ပြောင်းအလုပ်သမားများ သတိထားဘွယ်ဖြစ်ကြောင်း ဤ အမ်အိုယူပြဿနာကြုံရသည့် အလုပ်သမား ၆ ဦးက သက်သေဖြစ်ပါသည်။

No comments:
Post a Comment