-ပေးစရာရှိတာ ပေးထားနော်၊ မင်းတို့ မတရားလုပ်ရင် ထိုင်းအလုပ်သမားရုံးရှိတယ် အလုပ်ရှင်ရေ့-
(Photo-“မဲဆောက် စီးတီး” ဘောလုံးအသင်း က -၇ ဦး /JACBA)
ရော…. ခက်ကပြီ။ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀ လောက်ကို အိမ်တွင်းမှု လုပ်ငန်း (အိမ်တွင်း အထည်ချုပ်ရုံ) အဖြစ်နဲ့ ခိုင်းတုန်းက ခိုင်းသေးတယ်။ လစဉ်လတိုင်း လဆန်း ၅ ရက်နေ့ ရောက်တိုင်း လုပ်အားခရှင်းနေကြဥစ္စာ။ အခု အိမ်တွင်းရုံ တည်ထောင်ကာ ၄ လပဲရှိပါသေးတယ်။ ထိုင်းတရုတ်တွေရဲ့ ထုံးစံအတိုင်း ဖဲရှုံးသလား (ဂျင်ရှုံး) သလား၊ မယားအကြီး အလတ် အငယ်နဲ့ ၃ ပွင့်ဆိုင် ပြဿနာပေါ်သလား မပြောတတ်ပါဘူး။ ပြီးခဲ့တဲ့လ (ဖေဖော်ဝါရီလ ၂၀၁၃) လစာက ဒီနေ့အထိ မပေးရသေးဘူးလေ။ လုပ်ငန်းကလည်း အောင်မြင်ပါလျက်နဲ့ ခေါ်စာ (အော်ဒါ) တွေကလည်း မပြတ်ရှိပါလျက်နဲ့ အလုပ်သမားတွေကို လစာမပေးတာ တရားလွန်လွန်းအားကြီး မနေဘူးလား။
အလုပ်သမားဆိုတာ လစာထုတ်တာသာလူမြင်တာ၊ ပိုက်ဆံ တစ်လုံးတစ်ခဲတည်း ရတာသာ လူသိတာလေ။ ကော်ဖီမစ် တီးမစ်အကြွေး ကွမ်း၊ဆေးလိပ်၊ ဘီယာ၊အရက်ကြွေး၊ လပေးအထည်ကြွေး ၂ လုံး ၃ လုံး ဘောလုံး လောင်းကစား အကြွေးတွေအပြင် “အောက်” လို့ အလွယ်ခေါ်ကြတဲ့ မြန်မာပြည်တွင်းက မိဘရပ်ထံ ဆီကို ငွေပြန်ပို့ရတာလည်းရှိသေး မဟုတ်လား။ ငွေ ပြန်မပို့နိုင်သူတွေကတော့ လင်စုံ မယားဖက် သားသမိးရှိကြတဲ့ အိမ်ထောင်သည်တွေပေါ့။ ဒီကြားထဲ တစ်နေ့ တစ်နေ့ အထည်ချုပ်ရတာ များလွန်းလို့ မနာမဖျားပေမယ့် ရိုက်ထားသလို ကိုက်ခဲညောင်းညာတဲ့ နေ့တွေဆိုရင် အိမ်တိုင်ရာရောက် ဒေါက်တာ ယုကန်းတွေကိုပေးရတဲ့ ဆေးဖိုးဝါးခ အကြွေးလည်း ရှိသေးတယ်နော်။
အဲသလို အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် နင်တို့ ထိုင်းတရုတ်သူဌေးတွေဟာ အလုပ်ကို မတန်တဆ (အလုပ်ချိန် များပြားစွာ) မောင်းပြီး ခိုင်းပြီးရင်လည်း လုပ်အားခတော့ ပေးဖို့ကောင်းတာပေါ့။ နို့မဟုတ်ရင် အကြွေးရှင် အသီးသီးအသကဟာ စက်ရုံအလုပ်ရုံ အိမ်ခန်း တန်းလျားအထိကို အော်ဟစ်ပြီး လာတောင်းတတ်ကြတာလေ။ ကိုင်း…. ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့ခ်ပြည်နယ် (ခရိုင်) အလုပ်သမားကြီးကြပ်ကာကွယ်ရေး ရုံးကတော့ အလုပ်ခိုင်းစေပြီး လုပ်အားခမရတဲ့အမှု၊ ယာယီပတ်စ်ပို့ စာအုပ်ဖိုးကု အလုပ်သမားဘက်က ကြေအောင်ဆပ်ပြီးပေမယ့် အလုပ်ရှင်ဘက်က ဆက်လက်သိမ်းဆည်းထားမှု၊ အလုပ်သမားရဲ့ ကြိုတင်သဘောဆန္ဒမပါဘဲ အလုပ်နေရာ ပြောင်းရွှေ့မှု စတာတွေဟာ အခု တစ်လော အဖြစ်များနေတာ တွေ့မြင်ရပါတယ်။
သြ…. ဒီကနေ့ အမှုကတော့ “မဲဆောက် စီးတီး” ဘောလုံးအသင်း က -၇ ဦး (အဲလေ) မဲဆောက်မြို့၊ မယ်တောင်တိုက်ရပ်ကွက်က အရပ်အခေါ်- နဂါးနှစ်ကောင် စက်ရုံ (တရားဝင်အမည်မရှိ၊ အိမ်တွင်းမှု လုပ်ငန်းငယ်) ရယ်ပါ။ သူတို့ ၁၈ ယောက်က ပြီးခဲ့တဲ့ လုပ်အားခ လစာမရလို့ ဆရာမိုး (JACBA) ဆီကို ဆက်သွယ်ကြတယ်။ ဆရာမိုးက သူတို့ သူမတို့ကို ကွင်းဆင်းတွေ့ဆုံပြီး သကာလ သူတို့ ရောင်စဉ်ခုနစ်သွယ် (၇) ဦးတင်မကပဲ ၁၈ ဦးစလုံးရဲ့ လုပ်အားခမရတာကို ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့ခ်ခရိုင် အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (LPO/ ဆ၀ါဒီကန်) ကို ကိုယ်စားလှယ်၁ ဦးကို အပါခေါ်ပြီး ဆက်သွယ်တိုင်ကြားပေးလိုက်တယ်ပေါ့။ LPO ရုံးကနေ ဖုန်းဆက်လိုက်ရော အလုပ်ရှင်ဟာ မနက်ဖြန်ခါမှာ အဆင်ပြေအောင် သူကြည့်လုပ်ပေးပါမယ်လို့ ပြောရတော့တာပေါ့ဗျာ။
အဲဒါကြောင့် ပြောနေရတာပေါ့။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပေးစရာရှိတာပေးလို့ မင်းတို့ မတရားလုပ်ရင် ထိုင်းဥပဒေဆိုတာနဲ့ ထိုင်းအလုပ်သမားရုံး ဆိုတာ ရှိတယ်လေ….။
**သောင်ရင်းနဂါး**

No comments:
Post a Comment