ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 16, 2013

-ညမိုးညို.....(အစ)-

>
“ရော့…..” သူမရှေ့ကိုရောက်လာတာက အဖြူဆွတ်ဆွတ်ပုဝါတစ်ထည်….ပြီးတော့ အဲဒီမွှေးပွပုဝါလေးကိုကိုင်ထားတဲ့ လက်….။ အကြောစိမ်းစိမ်းတွေခက်ဖြာထိုးထောင်နေတဲ့ မွှေးညှင်းနုနုတွေနဲ့ အညိုရောင်အသားအရေ ပိုင်ရှင်ရဲ့ လက်ဖမိုး….။ သူမ မျက်နှာနဲ့ ပုဝါလေးက တော်တော်နီးကပ်လွန်းလို့သာ မြင်ကွင်းဝိုးဝါးကြားက သူမသေချာမြင်လိုက်ရတာပါ…။ ပုဝါကိုယူပြီး သူမပါးပြင်ပေါ်ကစိုစွတ်နေတဲ့ မျက်ရည်တချို့ကို ခပ်ဖွဖွသုတ်နေချိန်မှာ… ပုဝါပိုင်ရှင်က ခွင့်မတောင်းတော့ဘဲ သူမရှေ့က ခုံပုလေးကိုဆွဲထိုင်လိုက်တယ်…။ ခပ်တိုးတိုးတစ်ချက် သူမရှိုက်လိုက်ရင်း သူ့ကိုခုမှကြည့်မိတယ်….။ အသားညိုညို မျက်ခုံးထူထူ မျက်လုံးအရောင်တွေက သိပ်အတောက်ပကြီးမဟုတ်ပေမယ့် မျက်တောင်နက်နက်တို့ကြောင့် အင်အားကောင်းတဲ့ မျက်ဝန်းတစ်စုံလို့ ထင်သယောင်ယောင်ရှိစေတယ်…။ နှာတံစင်းစင်း မျက်နှာကျ တောင့်ကျကျနဲ့ သေသပ်ပိရိတဲ့ မထူမပါးနှုတ်ခမ်းတစ်စုံက စီးကရက်ဒဏ်ကြောင့်အညိုရင့်ရောင် သန်းနေကြတယ်….။ သူ့ဆီကရနေတဲ့ စီးကရက်အနံ့ကြောင့်လည်း သူမက သူ့နှုတ်ခမ်းကို စီးကရက်ဒဏ်သင့်ထားတာလို့ မှတ်ချက်ချမိတာပါ..။ အသက်အရွယ်ထက် ရုပ်ရည်ကလေးနဲနဲပိုရင့်နေပေမယ့် သူမထက်တော့…..သူ အသက်တော်တော်လည်း ငယ်ဦးမှာပါ…။

ပုခုံးနီးနီးရှည်လျားပျော့ပျောင်းတဲ့ စတပ်ပုံစံဆံပင်နက်နက်တွေက ငယ်ရွယ်တဲ့လူငယ်တစ်ယောက်ရဲ့ ဂုဏ်ကိုပေါ်လွင်စေနေပါတယ်…။ စက္ကန့်အနည်းငယ် သူမသူ့ကိုကြည့်နေချိန်မှာ သူကလည်း သူမကိုကြည့်နေပါတယ်….။ သူမ မျက်ဝန်းတစ်ဝိုက်စိုစွတ်နေတော့မှာပဲလို့ စိတ်ထဲကြိတ်ပြီး ရှက်သွားမိပေမယ့်လည်း မရှက်တော့ပါဘူး.. သူပေးတဲ့ပုဝါနဲ့တောင်သုတ်ပြီးမှပဲကိုး….။ ဒါပေမယ့် သူကတော့ သူမရဲ့ ရှက်ရိပ်တွေကိုများဖမ်းမိသွားမလား မသိ..။ “ခင်ဗျား သီချင်းတစ်ပုဒ်ရေးတာ အဲဒီလောက်ပဲခံစားပြီးရေးသလားဗျာ… ဒါကြောင့်မို့ထင်တယ် ခင်ဗျားက လူငယ်ကြိုက် သီချင်းရေးဆရာမဖြစ်နေတာ…” သူ့စကားကြောင့် သူမ မျက်လုံးတွေ အံ့အားသင့်မှုတချို့နဲ့အရောင်တောက်သွားရတယ်…။ သူမနှုတ်ခမ်းကလေး ခပ်ဖျော့ဖျော့အပြုံးတစ်ခုနဲ့ သူ့ရဲ့ မှတ်ချက်ချမှုတစ်ခုကို ပြန်တုန့်ပြန်ဖို့ပြင်နေဆဲမှာပဲ….။ “ခင်ဗျားက ပြုံးအလှပိုင်ရှင်လည်းဟုတ်တာပဲ….” ယောကျာ်းတစ်ယောက်ဆီက ခုလိုတည့်ကြီး ချီးမွန်းတဲ့စကားကို ကြားနေကျမဟုတ်လို့ သူမဘာပြန်ပြောရမှန်းမသိ ဆက်ပြီးသာပြုံးနေမိတော့တယ်…။ ပိုပြီးထူးဆန်းတာက သူမကို တေးရေးဆရာမ ညမိုးညိုအဖြစ် အပြင်မှာသိတဲ့သူသိပ်နည်းပါတယ်….။ သူမရေးတဲ့ သီချင်းတွေ အောင်မြင်ပေမယ့် လူငယ်အဆိုတော်တက်သစ်စလေးတွေကို ရေးပေးတယ် အရေအတွက်နည်းတယ် ဒါပေမယ့် တစ်ပုဒ်တစ်ပုဒ်ဆိုသလို လူငယ်တွေနားထဲစွဲတဲ့ အချစ်သီချင်းချိုချိုတွေကြောင့် သူမအကြောင်းတွေ စာနယ်ဇင်းတွေမှာ မဂ္ဂဇင်းတွေမှာပါတတ်တယ် သူမရုပ်ကိုတော့ တစ်ခါမှမဖော်ပြခဲ့ဖူးပါ….။ “ကျေးဇူးတင်ပါတယ်…. ပုဝါကို တို့ပြန်လျှော်ပြီးမှပေးတော့မယ်နော်.. ဒီဆိုင်မှာလာထိုင်နေကျမဟုတ်လား” “ရပါတယ် ကျွန်တော်ဒီတိုင်းပဲပြန်ယူပါ့မယ် မလျှော်ပါနဲ့…” “ဟာ မဟုတ်တာ…အားနာစရာ တို့မျက်ရည်တွေသုတ်ထားတာ..” “ကျွန်တော်ခင်ဗျားမျက်ရည်ကို သိမ်းထားချင်လို့ပါ….” “ရှင်….” သူမ မျက်လုံးတွေအ၀ိုင်းသားဖြစ်သွားမလား…. သူကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ သူမကို ကြည့်ပြီးပြောတယ်…။ “အော်…နာမည်ကြီး သီချင်းရေးဆရာမရဲ့ သီချင်းတစ်ပုဒ်စပ်နေတုန်း ရင်းထားတဲ့ မျက်ရည်ကိုသုတ်ထားတဲ့ ပုဝါလေဗျာ တန်ဖိုးကြီးတယ်…” “ဟာ….မင်းကလည်း တို့ကို အဲလောက်ကြီးမချီးကျူးပါနဲ့ တို့မနေတတ်တော့ဘူး….” “ဟဟ…ခင်ဗျား ရှက်သွားတာ ကျွန်တော်နှစ်ခါမြင်လိုက်ရပြီ…. ကဲပါဗျာ ခင်ဗျားကို မနှောက်ယှက်တော့ပါဘူး… သီချင်းရေးနေတာမဟုတ်လား…. ကျွန်တော်ခင်ဗျား ဒီဆိုင်ထဲစ၀င်လာကတည်းက ကြည့်နေမိတာ ခင်ဗျားတေးရေးဆရာမ ညမိုးညိုလို့ သူငယ်ချင်းတစ်ယောက်ကပြောလို့သိလိုက်တာ… ခင်ဗျားက စာရေးရင် ခဲတံပဲသုံးတာလား…” ကြည့်စမ်း သူမရဲ့ လှုပ်ရှားမှုတွေကို အစအဆုံး တနေရာကထိုင်ကြည့်နေတဲ့ သူတစ်ယောက် ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးဖူးခဲ့…။ “တကယ်တော့ တို့က ဒီလိုနေရာမျိုးမှာ သီချင်းရေးလေ့မရှိပါဘူး….ခုက မိုးအေးအေးနဲ့ပျင်းပျင်းရှိတာနဲ့ လက်ဖက်ရည်ဆင်းသောက်တာ… မိုးရွာတာကြည့်ရင်း အတွေးရလာလို့ ချရေးနေမိတာပါ… အင်း ခဲတံသုံးတာကတော့ ကြိုက်လို့… ခဲတံနဲ့ဆို ရေးရတာပိုပြီးသက်ဝင်တယ်လို့ခံစားမိလို့….” “ဒီလိုလား… ကျွန်တော့်နာမည်ကိုလည်းမှတ်ထားပါ… ညီစေမင်း… ခင်ဗျားရဲ့ သီချင်းတွေကို နားထောင်ဖြစ်နေတဲ့ ပရိတ်သတ်တစ်ယောက်ထဲကပေါ့…တွေ့ရတာဝမ်းသာပါတယ်…” “ကျေးဇူးတင်ပါတယ်….နောက်လည်းတို့ကို လမ်းမှာတွေ့ခေါ်နိုင်ပါတယ်… ညီစေမင်း… နာမည်လေးလှတယ်..” “အိုခေ…စီယူးနော်… ညမိုးညို…… နာမည်လေးလှတယ်….” သူက သူမပြောသလိုလေသံမျိုးနဲ့ပြောပြီး ပြုံးပြနှုတ်ဆက်သွားတယ်….။ သူ့နှုတ်ခမ်းတစ်ဖက်တစ်ချက်က ပြုံးလိုက်ရင်ထွက်လာတဲ့အချိုင့်သေးသေးလေးနှစ်ခုကို အမှတ်မထင်သူမမြင်လိုက်မိသေးတယ်….။ သူထသွားတော့မှ အရပ်တော်တော်ရှည်တဲ့ ကောင်လေးတစ်ယောက်ဆိုတာသိလိုက်တယ်…။ ခုခေတ်လူငယ်တော်တော်များများ ဂျင်းဘောင်းဘီတို့ ရိုက်ဒါတို့ဝတ်နေချိန်မှာ ကွက်စိပ်နက်ပြာရောင်ပုဆိုးနဲ့ ရှပ်ဖြူဖြူကိုဝတ်ထားတဲ့ သူ့ကို သူမပိုသဘောကျမိသွားခဲ့တယ်…..။

@@@@@@@

 ညီစေမင်းဆိုတဲ့ ကောင်လေးကို သူမဒုတိယအကြိမ်ဆုံမိတာက နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ တစ်ကိုယ်တော်လိုက်ဖ်ရှိုးပွဲမှာပါ….။ ပိုပြီး အံ့သြဖို့ကောင်းတာက…သူ့ခုံနံပါတ်နဲ့ သူမနဲ့က ကပ်လျက်လေ…။ တကယ်တော့ ဒီရှိုးပွဲလက်မှတ်က သူမမေတ္တာလက်ဆောင်ရခဲ့တာပါ….သူကရော….။ သူမက အရင်ရောက်နင့်နေပြီး… သူကနောက်မှရောက်လာခဲ့တာ…ပထမတော့ အမှောင်ကျနေလို့ သူ့မှန်းလည်း သူမ မသိသေး….။ မတော်တဆ ထိုင်ခုံလက်တန်းပေါ်တင်ထားတဲ့ သူမလက်ကိုထိမိတော့မှ သိလိုက်တာ…။ သူမက အဲလိုပဲ ပတ်ဝန်းကျင်လေ့လာမှုနည်းတယ်… ဘယ်နေရာရောက်ရောက် တစ်ယောက်တည်းလို့ ထင်နေတတ်တာက ခေါက်ရိုးကျိုးနေပြီ…။

 “ဆောရီးနော်….” အဲဒီချိန်ထိ သူ့အသံကိုတောင်မှသူမသတိမထားမိသေး…. သူကသာ စပြီး သူမမှန်း သိလိုက်တာ…။
 “ဟာ…ညမိုးညို…”
“အော်……”
သူက သူမဘေးကိုတစ်ချက်ကြည့်ပြီး “တစ်ယောက်ထဲလား….” “ဟုတ်တယ်….” “ကျွန်တော်က အစ်ကိုတစ်ယောက်ဆီကလက်မှတ်နှစ်စောင်ရလို့ သူငယ်ချင်းနဲ့လာကြည့်တာ…. ဒီအဆိုတော်ကို ကျွန်တော်ငယ်ငယ်ကတည်းကရူးသွပ်တာ… သူ့သီချင်းအားလုံးကိုကြိုက်တယ်…” “ဟုတ်လား… တို့လည်းသူ့သီချင်းတွေကြိုက်တယ် သူ့ဆိုဟန်ဆိုပေါက်တွေကိုလည်းကြိုက်လို့လေ…” တကယ်ဆို သူ့အသက်အရွယ်နဲ့ လူငယ်အဆိုတော်တွေကို နှစ်သက်ရူးသွပ်ဖို့ အခွင့်အရေးအများကြီးရှိပေမယ့် သူ့အရွယ်နဲ့ တော်တော်ကွာဟနေတဲ့ တစ်ခေတ်တစ်ခါက အဆိုတော်ကြီးကိုကြိုက်တတ်တယ်ဆိုတာ ရှားပါးတဲ့ လူငယ်လို့တောင်ပြောလို့ရတယ်…..။ သီချင်းစဆိုတော့ သူနဲ့သူမ စကားစပြတ်သွားကြတယ်…..။ သီချင်းထဲကိုပဲ အာရုံစူးစိုက် စီးမျောနေကြတယ်…။ စုစုပေါင်းသီချင်းအပုဒ်နှစ်ဆယ်ဆိုမယ်လို့ကြေငြာထားပေမယ့် တကယ်တမ်း ပရိတ်သတ်တွေရဲ့ တောင်းဆိုမှုကြောင့် အပုဒ်နှစ်ဆယ်ကျော်သွားတယ်…။ အဆိုတော်ကြီးက သီချင်းတစ်ပုဒ်ဆိုခါနီးမှာ အခုလိုစကားပြောရင်း သူဆိုမယ့် သီချင်းအသစ်တစ်ပုဒ်ကို မိတ်ဆက်ပါတယ်….။

“ခုကျွန်တော်ဆိုမယ့် သီချင်းတစ်ပုဒ်ဟာ…. တစ်ခါမှမဆိုဖူးသေးတဲ့ အသစ်စက်စက်သီချင်းတစ်ပုဒ်ပါ…. ဒီသီချင်းကို ကျွန်တော်ယူကျုကနေသိလိုက်ရတာပါ….တေးရေးဆရာမ ညမိုးညိုရဲ့ “မေ”ဆိုတဲ့ သီချင်းလေးပါဗျာ..။ ယူကျုမှာ သူကိုယ်တိုင် ဂီတာတီးပြီး ဆိုထားတဲ့ အဲဒီသီချင်းလေကို နှစ်သက်လွန်းလို့ ကျွန်တော်သူ့ဆီကနေ ဒီည “မေ”ကိုဆိုခွင့်ရဖို့ ခွင့်တောင်းထားတာပါ….“မေ”ဆိုတာ မိခင်တစ်ယောက်ကို ကိုယ်စားပြုတာပါ… မိခင်မေတ္တာကိုမွေးကတည်းက ဘာမှန်းမသိလိုက်ရတဲ့ သားသမီးတွေရဲ့ မေတ္တာငတ်မွတ်မှုကို ဂရုဏာသက်စဖွယ် စကားလုံးလေးတွေနဲ့ လှလှပါ့ပါ့ရေးထားတဲ့ သီချင်လေးတစ်ပုဒ်ပါ… နားဆင်ကြည့်ပါခင်ဗျာ…” အဆိုတော်ကိုယ်တိုင် အဲလိုမိတ်ဆက်နေချိန်မှာ သူက သူမကိုလှည့်ကြည့်လိုက် အဆိုတော်ကြီးကိုကြည့်လိုက်နဲ့ အံ့အားသင့်ဟန်ပြုလျက်…သူမကို ကွန်ဂရက်ကျူရေးရှင်းဆိုပြီး လက်ဆွဲနှုတ်ဆက်သေးတယ်….။ သူမဘယ်မှာထိုင်နေပါတယ်လို့ စင်ပေါ်ကနေမကြေငြာလို့သာ သူမသက်ပြင်းလေးချဝံ့တော့တယ်…။ အင်ထရိုစ၀င်လိုက်တဲ့ ပီယာနိုအသံနဲ့တင်…တစ်ရုံလုံးမှာရှိတဲ့ ပရိတ်သတ်တွေက တိတ်ဆိတ်ငြိမ်ကျသွားတော့တာ…။ သီချင်းအစအဆုံးကို piano only နဲ့တီးခတ်ထားတာ…..။ သီချင်းတစ်ဝက်မရောက်ခင်မှာပဲ သူမ မျက်ရည်တို့မထိန်းနိုင်တော့အောင် ပိုးပိုးပေါက်ပေါက် ကျလာတော့တာ…။ သူက သူမကိုလှည့်မကြည့်ဘဲ သူမလက်ထဲကို စက္ကူလက်ကိုင်ပုဝါထုပ်လေး ထည့်ပေးလိုက်တယ်…။ သီချင်းမပြီးခင်မှာပဲ သူမ သူ့ကိုမနှုတ်ဆက်ဘဲနေရာကနေ ထပြန်သွားတယ်……။ အထဲမှာ လူငွေ့တွေနဲ့မွန်းကျပ်မှုကြောင့် သူမအသက်ရှူမရချင်တော့လို့ပါ…..။ သူမရပ်ထားတဲ့ ကားပါကင်က ကားဆီရောက်တော့မှ…ကားကိုမှီရပ်ရင်း အသက်ကိုတ၀ကြီးရှူနေလိုက်တယ်….။ တကယ်ဆို သူမဒီပွဲကိုလာကြည့်ဖို့စိတ်ကူးမရှိပါဘူး…..။ ကိုယ်တိုင်ရေးထားတဲ့ ဒီသီချင်းတစ်ပုဒ်ကို ဘယ်သူ့မှမရောင်းခဲ့ဘဲ ကိုယ့်ဘာသာဆိုပြီး ယူကျုမှာတင်ထားတာ…ဒါတောင်မှသူမရုပ်မပါဘဲ ဂီတာတီးကွက်လေးကိုပဲ ရိုက်ပြထားတာပါ…။ ဟူးးး သူမသက်ပြင်းမောကိုပဲ သွင်သွင်ချနေမိတော့တယ် ရင်ထဲမှာလဲနာကျင်မွန်းကျပ်လို့…။ မေ့ပစ်ဖို့ကြိုးစားတိုင်း ပိုပိုသတိရမိလာတတ်တဲ့ အတိတ်အကြောင်းတွေက ခါးသီးမှုတွေ….။ “ညမိုးညို….ခင်ဗျားအဆင်ပြေရဲ့လား…..” ဘယ်ချိန်ကသူရောက်နေမှန်းသတိမထားမိလောက်အောင် သူမစိတ်တွေထွေပြားနေတာ….။ “ရပါတယ် အထဲမှာ ငြီးစီစီနဲ့မို့ အပြင်မှာလေထွက်ရှူနေတာ…တအောင့်နေရင်တို့ပြန်တော့မယ်…” “ခင်ဗျားတကယ်ဖြစ်ရဲ့လား… တစ်ယောက်တည်းကားမောင်းပြန်လို့မဖြစ်ရင် ကျွန်တော်လိုက်မောင်းပေးပါ့မယ်” “ရတယ် ရတယ် တို့က ဖြစ်နေကျပါ အကျင့်ရနေပါပြီ…” သူမက အတင်းလက်ကာပြီး သူ့ကိုငြင်းတယ်..။ “ဒုက္ခပါပဲ… ကျွန်တော်က ခင်ဗျားကိုစိတ်ပူလို့ဗျ… တော်ကြာ ကားမောင်းရင်းလမ်းမှာတစ်ခုခုဖြစ်မှာစိုးလို့…” “ဆောရီးနော်…တို့ကမင်းနဲ့တစ်ခါပဲတွေ့ဖူးတာ မင်းအကြောင်းလဲတို့သေချာမသိဘူး… တို့တစ်ယောက်တည်းပြန်တာက ပိုအန္တရာယ်ကင်းပါတယ်..” ဒီတော့မှ သူက သူ့နဖူးသူရိုက်လိုက်တော့တယ်….“ဟောဗျာ….ခင်ဗျားက ကျွန်တော့်ကိုမယုံကြည် ဖြစ်နေတာကိုး….. စိတ်ချ ခင်ဗျားဘာမှမဖြစ်စေရဘူး ကျွန်တော်ခင်ဗျားကို အိမ်အထိကားလိုက်မောင်းပေးမယ်.. ပြီးတော့ ခင်ဗျားပုံစံကြည့်ရတာလဲ နေသိပ်မကောင်းချင်သလိုပဲ..” ဘယ်လိုမှရိုက်ထုတ်လို့မရတော့မယ့်သူပုံစံကိုကြည့်ရင်း သူမအရှုံးပေးလိုက်ပါတော့တယ်……။ ကြည့်လေ…စတိတ်ရှိုးလာကြည့်တဲ့ ခေတ်လူငယ်တစ်ယောက်က ခုလို ပုဆိုးနဲ့ရုပ်အဖြူနဲ့တဲ့…။ “ရော့…သော့” သူက နှုတ်ခမ်းဒေါင့်က အချိုင့်ကလေးတွေပေါ်အောင် ပြုံးလိုက်ပြီး သူမကမ်းပေးတဲ့သော့ကို ယူလိုက်တော့တယ်..။ ပြီးတော့သူမထိုင်မယ့်ဘက်က တံခါးကိုအရင်ဖွင့်ပြီး သူမကိုအရင်ထိုင်စေပါတယ်….။ အဲဒီညက သူမနေတဲ့ ကွန်တိုအောက်ထိသူကားမောင်းလိုက်ပို့ပေးခဲ့တယ်…။ တလမ်းလုံးသူမ စိတ်မကြည်လို့ စကားသိပ်မပြောဖြစ်ခဲ့ သူလည်း အလိုက်တသိနဲ့ တိတ်တဆိတ်ကားမောင်းလိုပို့ပေးခဲ့ပါတယ်…။

 @@@@@@@@ 

ညကသိပ်လှနေခဲ့တယ်……။ လေညှင်းတသွဲ့သွဲ့ကလဲ ညအလှကိုလူးလူးလွန့်လွန့်ကလေး ဖေးမပေးနေပြန်တယ်…။ ကြယ်မှုန်မွှားတွေကြားမှာ ဆန်းသစ်စလခြမ်းကွေးလေးက ခပ်ပါးပါးနဲ့ မပီမပြင် မခို့တရို့လေး…..။ ဒီနေရာလေးက သူမ အတွက် ကောင်းဆုံးစိတ်ရောကိုယ်ပါ အနားရတဲ့နေရာကလေးဖြစ်တဲ့အပြင်… သူမ သီချင်းသံစဉ်တွေကိုရှာရာ သူမရဲ့ ကိုယ်ပိုင် ဘုံလေးဖြစ်သေးတယ်..။ ကျောမှီပါတဲ့ ကြိမ်ခုံဝိုင်းဝိုင်းထဲမှာ သူမခန္ဓာကိုယ်ကလေးကို နှစ်မြှုပ်ထားရင်း ကောင်းကင်ကြီးကို တ၀ကြီးမော့ကြည့်နေရတာ အရသာရှိလိုက်တာ….။ လောကကြီးထဲမှာ သူမရယ် ကြယ်ကလေးတွေရယ် လခြမ်းကွေးလေးရယ်ပဲရှိတာ…ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလိုက်သလဲ……။ ဘေးနားက စားပွဲခုံဝိုင်းကလေးပေါ်မှာ ဖွင့်လျက်သားစာအုပ်တစ်အုပ်နဲ့ ခဲတံတစ်ချောင်း အေးစက်နေပြီဖြစ်တဲ့ ကော်ဖီတစ်ခွက်…။ ကြယ်တွေနဲ့သူမသီချင်းဆိုချင်စိတ်ပေါက်လာလို့ စားပွဲကလေးကိုမှီထားတဲ့ သူမရဲ့လက်ဆွဲတော် ဂီတာကိုကောက်ကိုင်ပြီး ကြိုးတွေကို ခတ်နေမိတယ်…..။ “ကြယ်တွေစုံပြီလား….. ………” ထူးအိမ်သင်သီချင်းကို သူမခပ်တိုးတိုးကလေး တစ်ပိုဒ်တီးပြီး ဆိုလိုက်တယ်…..။ အနောက်ဖက် လက်ခုပ်တီးသံကြားရလို့ သူမ စိတ်အနှောက်ယှက်ဖြစ်စွာ ကျွတ်ခနဲစုတ်သတ်လိုက်ရင်း လှည့်ကြည့်လိုက်တော့… “ညနဲ့ခင်ဗျားနဲ့အတူ ကျွန်တော်လဲပါဝင်ခွင့်ရချင်တယ် ဖြစ်မလား ညမိုးညို……” “မင်းက ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ တို့နောက်ကိုများ တမင်လိုက်နေတာလား….” ခုတခါတော့ သူက ကာကီရောင်ချည်သားဘောင်းဘီတိုနဲ့ တီရှပ်အဖြူဆွတ်ဆွတ်လေးဝတ်ထားတယ်….။ ခါတိုင်းမြင်ဖူးတာထက်ပိုပြီး နုပျိုလတ်ဆတ်တဲ့လူငယ်သဏ္ဍာန်ပီပြင်နေတယ်…။ “ဟာ မဟုတ်ရပါဘူးဗျာ…. ဒီလသာပြင်က ကျွန်တော်ဆေးလိပ်သောက်တဲ့နေရာပါဗျာ…. ခင်ဗျားက ဒီနေရာလေးကို ကိုယ်တစ်ယောက်တည်းပိုင်တယ်မှတ်နေတာကိုး…” “ဘယ်လို….မင်းဆိုလိုတာက….” သူမက ဂီတာကိုဘေးချလိုက်ရင်း ထိုင်ရာက မတ်တပ်ထရပ်လိုက်ရင်း ကွန်ဂရစ်ဘောင်လေးကို တံတောင်နှစ်ဖက်ထောက်ပြီး ကျောမှီလိုက်တယ်…။ “ဟုတ်တယ်လေ… ဒီကွန်ဒိုမှာနေတဲ့သူတစ်ယောက်အနေနဲ့ ဒီနေရာလေးကို အချိန်မရွေးပိုင်တာပဲလေ မဟုတ်လား…” “နေစမ်းပါဦး… ” သူမဆက်ပြောမယ်လုပ်တော့ သူက လက်ကာပြရင်း စကားကိုဆက်တယ်..။ “ကျွန်တော် ကွန်ဒိုရဲ့ ခုနှစ်ထပ်က အခန်းမှာနေနေတာ တစ်လခွဲရှိပြီဗျ…ခင်ဗျားက ပတ်ဝန်းကျင်လေ့လာမှုနည်းတာကိုးး ဘယ်သိပါ့မလဲ…” “ ဒါဆို တို့နဲ့လက်ဖက်ရည်ဆိုင်မှာဆုံကတည်းက မင်းကဒီမှာရောက်နေပြီးသားပေါ့…” “ရက်စ်…. ကဲပါ ထားပါတော့ ခုတော့ သဘောပေါက်ပြီမဟုတ်လား….” သူက ပြောရင်း သူမကော်ဖီခွက်ကိုယူပြီး ဒေါင့်တနေရာက အမှိုက်ပုံးထဲကိုသွားသွန်ပစ်လိုက်တယ်…။ သူ့လုပ်ရပ်ကမြန်ဆန်လွန်းလို့ သူမဘာမှပြောချိန်မရလိုက်…။ “ခင်ဗျား….ကော်ဖီအေးနေတာကို ကော်ဖီပူပူလေးပြန်ထည့်ပေးမလို့ ” ဒီတော့မှ သူ့လက်ထဲက သတ္တုရောင်ဗူးရှည်ရှည်လေးက ကော်ဖီဓါတ်ဗူးလေးမှန်းသဘောပေါက်လိုက်တယ်…။ သူက သူ့ရဲ့သောက်လက်စ စီးကရက်ကို နှုတ်ခမ်းမှာတေ့ထားရင်း သူမရဲ့ အညိုရင့်ရောင် ပန်းကန်လုံးပုံစံ ကော်ဖီခွက်ဝိုင်းဝိုင်းကြီးကြီးထဲကို သူ့ဓါတ်ဗူးလေးထဲက ကော်ဖီတွေထည့်လိုက်တာ တစ်ခွက်ကွက်တိပဲ တစ်ဗူးက…။ “ တို့ကို ညအိပ်မပျော်အောင်လုပ်နေတာများလား….” “ခင်ဗျားညတိုင်းသောက်နေကျမဟုတ်လား…. ကျင့်သားရရောပေါ့…”တဲ့.. သူက အပိုင်ကိုပြောတော့တာ…။ “ကျေးဇူး….ညီ… မင်းကိုယ်တိုင်နှပ်ထားတဲ့ ကော်ဖီလား မွှေးနေတာပဲ….တို့က ကော်ဖီမစ်တော့မသောက်ဘူး ကိုယ့်ဘာသာကိုယ်နှပ်သောက်တာကိုတော့ အသေကြိုက်တယ်…” ခွက်ကလေးကိုကိုင်မြှောက်အနှံ့လေးကိုမွှေးကြည့်နေတဲ့ သူမပုံစံကို သူတခဏငေးမောဖြစ်သွား သေးတယ်… သူမလည်းမရိပ်မိအောင်…လေထဲမှာသူမှုတ်ထုတ်လိုက်တဲ့ စီးကရက်မီးခိုးငွေ့တွေကြားထဲကပေါ့…။ 

(အဆုံးပိုင်းမျှော်) 

 **မိုးငွေ့**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)