ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 15, 2013

-ခါးသက်သက် ချိုမြ-

>
(က)

ခုတော့ ပျိုမေခင် ဒီကို တစ်ကယ်ပဲ ပြန်လာလည်ဖြစ်သွားပြီပေါ့လေ… တစ်အိမ်လုံးကို တောက်ပပြောင်လက်နေအောင် ရှင်းလင်းပြင်ဆင်နေရင်းက နှုတ်ခမ်းများကွေးလာသည်အထိ ကျွန်မ ပြုံးနေမိသည်။ အိမ်ကိုအလည်လာသော လူတိုင်းက အမြဲတမ်း လှပသပ်ရပ်နေသော၊ သန့်ရှင်းတောက်ပြောင်နေသော အိမ်ကလေးကို ချီးမွန်းကြတိုင်း ကျွန်မ ကျေနပ်ရသည်။ တစ်ဆင့်တက်လို့ “ဟင်းချက်အရမ်းကောင်းတာပဲ၊ ကိုမိုးသော်တာ မိန်းမရ ကံကောင်းလိုက်တာ”ဟု ပြောလာကြရင်ဖြင့် ကျွန်မမျက်နှာမှာ အပြုံးတွေက ရပ်မရချင်တော့။ သူမ လာလည်မယ်ဆိုတဲ့အပေါ် မောင်ကရော ဘယ်လိုများနေမှာပါလိမ့်၊ တွေ့ရသလောက်တော့ မောင်က ဟန်မပျက်ပါ။ အရမ်းကြီးလှုပ်လှုပ်ခတ်ခတ်လည်း ဖြစ်မနေ၊ သိတ်လည်း အေးစက်မနေဘဲ ပုံမှန်သာ။ ဒါကိုပင် ကျွန်မက ရိုးရိုးမှ ဟုတ်ပါလေစဟုထင်လျှင် မောင့်သိက္ခာကို စော်ကားသလိုသာ ဖြစ်တော့မည်။ “ပျို ဘာဟင်းချက်လာရမလဲဟင်”ဆိုတဲ့ သူမအမေးကို “ဟင့်အင်း ပျို ပင်ပန်းပါတယ်ကွယ်၊ လှလှလေးပဲ လာခဲ့နော်” လို့ ကျွန်မက အချိုစွက်ခဲ့သေးသည်။ သူမချက်လာတဲ့ဟင်းဟာ မောင့်အကြိုက် ဖြစ်မနေပါဘူးလို့ ဘယ်သူ ပြောနိုင်ပါ့မလဲ။ မောင့်အပေါ် ချစ်မက်မြတ်နိုးခြင်းနှင့် အချိုးညီမျှစွာ သူမနဲ့ပတ်သက်လာလျှင် ကျွန်မအတ္တက ကြီးလှပါသည်။ သူမ ခွင့်တစ်ပတ်နဲ့ မြို့ကလေးကို ပြန်လာလည်လိမ့်မယ်လို့ မောင်ပြောလာကတည်းက ကျွန်မ စိတ်တွေ လှုပ်ရှားခဲ့ရတာ။ သူမကို နှလုံးသားထဲက ထုတ်ပစ်ဖို့ မောင် အချိန်တော်တော်ကြာယူခဲ့ရတယ်ဆိုတာ သိခဲ့သူမို့ မောင့်ဘက်ကနေ နာနာကျင်ကျင် ခံစားပေးခဲ့ဖူးသည်။ ကျွန်မမှာဖြင့် မိဘတွေ အိမ်ခေါ်လာတဲ့ မောင့်ကို ခန်းဆီးကြားကနေ ခိုးခိုးကြည့်ခဲ့ရတာ၊ ကိုင်းတစ်ဝက်မျက်မှန်အနက်လေးနဲ့ ဆံပင်တိုတိုထောင်ထောင်လေးများ ဘောင်ခတ်ထားသော မောင့်မျက်နှာက နူးညံ့ရှင်းသန့်လို့။ အဲဒီကတည်းက မောင့်ကို ကျွန်မ တိတ်တိတ်ချစ်ခဲ့ရတာ။ မောင့်လိုလူတစ်ယောက်ကို ငြင်းပယ်ထားရက်ခဲ့တဲ့ မိန်းမ၊ မောင့်ဘက်က လွမ်းလွမ်းဆွတ်ဆွတ် တမ်းတနေခဲ့ရဖူးတဲ့ မိန်းမ။ ဒီမိန်းမဟာ ဘာတွေ ဘယ်လိုများ စွမ်းနေပါလိမ့်လို့ ကျွန်မ ခပ်ဆဆ တွေးမိဖူးခဲ့သည်။ ဒီကနေ့အတွက် ကြိုတင်ပြင်ဆင်နေရတာကိုက ကျွန်မအတွက် အလွန်အမင်း စိတ်လှုပ်ရှားကြေနပ်ဖွယ်။ ကျွန်မက စိတ်လှုပ်ရှားတဲ့အခါ မျက်နှာမှာ အဖုအပိန့် ထွက်လာတတ်သည်။ ဒီတစ်ခါတော့ ကံကောင်းစွာပဲ မျက်နှာမှာ ဘာအဖုအပိန့်ကလေး တစ်ခုတစ်လေမှ ထွက်မလာ။ ပြီးတော့ ကျွန်မကိုယ်လုံး၊ သားကလေးနှစ်ယောက် မွေးဖွားပြီးသည်အထိ ကျစ်လစ်သွယ်လျစွာ တစ်သားမွေး တစ်သွေးလှလို့ အများက ပြောယူကြရတဲ့ ကိုယ်လုံးလေး။ ဒီလိုပြောကြရအောင်လည်း ကျွန်မက ကိုယ့်ကိုယ်ကို ဂရုစိုက်ခဲ့သည်။ အမျိုးသမီးတစ်ယောက်ဟာ လှတစ်မျက်နှာနဲ့တင် မပြီး၊ ယဉ်တစ်ကိုယ်လုံးကလည်း အရေးကြီးသည်မဟုတ်လား၊ အချိန်နှင့်အမျှ ဂရုတစိုက် တသသရှိခဲ့ရသော အကျိုးကျေးဇူးက ကျွန်မကို အပျိုလေးတစ်ယောက်လို လှပစေတာ ဖြစ်လေသည်။ မောင်နဲ့ အိမ်ထောင်ကျစက သူမနဲ့မောင် တွဲရိုက်ထားတဲ့ပုံကို မောင်ပြလို့ မြင်ဖူးထားသည်။ သူမက ကြက်တောင်စည်းနှစ်ဘက်စည်းလို့ တီရှပ်လက်ပြတ်လေးကို စကတ်ကားကားလေးနဲ့ တွဲဝတ်ထားကာ မောင်က ရှပ်လက်တိုနဲ့ ပုဆိုးကွက်စိတ် တိုတိုလေးဝတ်လို့။ နှစ်ယောက်စလုံးက ဆယ်ကျော်သက်တွေမို့ နုနယ်ပျိုမြစ် ချစ်စဖွယ်ကလေးတွေ။ ခုရော သူမ ဘယ်လိုပုံစံများ ဖြစ်နေပါလိမ့်မလဲ။ သူမ ခုထိ အိမ်ထောင်မပြုသေးဘူးဆိုတာကိုတော့ ထူးပြီး အံ့သြမနေချင်တော့ပါ။ မောင်လို ယောက်ျားတစ်ယောက်ကိုတောင် လက်ထပ်ဖို့ရန်ငြင်းခဲ့သူပေ။ သူမဟာ တစ်ကမ္ဘာလုံးရှိ အမျိုးသားတွေဟာ သူမနဲ့ မတန်မရာလို့ ကိုယ်ရည်အသွေးလွန်သူလည်း ဖြစ်နိုင်သေးသည်ပဲ။ မီးဖိုထဲဝင်ကာ ချက်ပြုတ်ထားသော ဟင်းများကို ကြည့်မိပြန်သည်။ ငါးမြင်းဆီလည်ရေလည်ဟင်းက မောင့်အကြိုက်၊ အအီပြေအောင် ၀က်သားကို မန်ကျည်းနှစ်လေးနဲ့ နှပ်ထားတာက တစ်ခွက်၊ ပုဇွန်ထုပ်ဆီပြန်ကတော့ သားနှစ်ယောက်ရော မောင်ပါ ကြိုက်ကြသည်။ ပြီးတော့ မျှစ်သုတ်၊ မျှစ်အ၀ါနုနုလေးတွေကို ဆီချက်၊ ပဲမှုန့်နှင့် ပုဇွန်ခြောက်နိုင်းချင်းလေးထည့်ကာ သံပုရာရည်နဲ့ စားကာနီးမှ သုတ်မည်။ အရည်သောက်ကတော့ ငါးဖယ်လုံးဟင်းချို ချက်ထားသည်။ အချိုပွဲကတော့ သကြားအညိုနဲ့ ဖုတ်တားသော ကရမယ်ပူတင်း၊ လက်ဖက်နဲ့ ဂျင်ဂျာအေးဖျော်ရည်။ နောက်တစ်နာရီဆိုရင် သူမ ရောက်လာတော့မှာ။ ကလေးတွေကို မနက်ကတည်းက သူ့အဖွားတွေအိမ် ကြိုတင်ပို့ပေးထားပြီး ညနေကျမှ မောင့်ကို ကလေးတွေ သွားကြိုခိုင်းခဲ့ကာ “မ က ဟင်းတွေချက်ရ၊ အိမ်ရှင်းရနဲ့ အားမှာ မဟုတ်” ဟု ပြောထားခဲ့သည်။ ကျွန်မနောက်ကွယ်မှာ သူမနှင့်မောင် ကားတစ်စီးထဲ အတူမစီးစေချင်တာထက် သူမကို မောင် အရေးတယူကြိုဆိုရတာမျိုး မဖြစ်စေလိုပါ။ မယ်သ၀န်ကြောင်ဟု ဆိုလျှင်လည်း ခံလိုက်ရုံ။ မောင့်ဖုန်းထဲမှာ သူမနာမည်ကို ဘယ်လိုများ မှတ်ထားပါလိမ့်လို့ တွေးမိပြီး မောင့်ဖုန်းကို ခိုးအကြည့်၊ ပျို ဟု ခပ်ရိုးရိုးမှတ်ထားသော သူမနာမည်ကိုတွေ့မှ စိတ်ထဲ ပေါ့သွားရတာ၊ ဒါတောင် ဘာလို့ ပျိုမေခင်လို့ နာမည်အပြည့် မမှတ်ရတာလဲဟု မောင့်အပေါ် ကျွဲမြီးတိုချင်ချင်။ သူမနဲ့ ပတ်သက်ရင် ကျွန်မကိုက အလိုလို လောင်မြိုက်နေတော့တာကို ကိုယ်တိုင် မကျေနပ်ချင်၊ သို့သော် ကျွန်မ မတတ်နိုင်ပါ။ သူမနဲ့ ပတ်သက်ရင် စိတ်လက်အေးအေး ထားမရနိုင်တာကိုက ကျွန်မကိုယ်တိုင် စိတ်လိုလက်ရ မွေးမြူထားသော ၀ဋ်ဆင်းရဲတစ်ခုသာ ဖြစ်လေသည်။ ရေမိုးချိုးပြီး အလှပြင်ရန် မှန်တင်ခုံရှေ့ ထိုင်မိတော့ ညနေ ငါးနာရီထိုးလုပြီ။ ထူးထူးထွေထွေ အလှပြင်နေစရာတော့ မလိုပါ။ ခါတိုင်းလို မျက်နှာကို ဘီဘီကရင်မ်လေးလူးပြီး အပေါ်က ကွန်ပက်ပေါင်ဒါ ရိုက်လိုက်ရုံနှင့် ပြီးသည်။ ခုညအတွက်တော့ နှုတ်ခမ်းနီ လိမ္မော်ဝါရောင်လေး ခပ်ပါးပါး ဆိုးလိုက်ပြီး မျက်လုံးမှာ ရှဲဒိုး ရွှေအိုရောင်လေးကို ခပ်ဖျော့ဖျော့တင်သည်။ အိမ်ရှင်အနေနှင့် လွန်ကျွံသောပြင်ဆင်မှု ဖြစ်နေမှာလည်း စိုးရသေးသည်။ အင်္ကျီကို ကော်ဖီရောင်ပေါ်မှာ ပန်းဖျော့နှင့်အ၀ါ ခပ်ပြေပြေရောထားသော ဆာရီဆင်လေးနှင့် ထမီလိမ္မော်ရောင်အနုလေးကို ရွေးချယ်ဝတ်ဆင်လိုက်သည်။ အားလုံးအသင့်ဖြစ်တော့ ခန်းဆီးတွေလဲ၊ သင်းပြန့်နေသောအခန်းလေး ဖြစ်ရန်အတွက် မွှေးရနံ့ပါသော ပန်းခြောက်လေးတွေကို ပန်းစိုက်အိုးလေး၏ အပင်အောက်ခြေထဲ စီရီထည့်ရသည်။ နောက်ဆုံးမှ ပန်းကန်စုံများကို ထုတ်ကာ ဇွန်းများ၊ ဟင်းသောက်ပန်းကန်လုံးများနှင့် လက်သုတ်တစ်ရှူးလေးများ အဆင်သင့်ပြင်ရင်း စောင့်ရသည်။

 (ခ)
ဧည့်ခန်းထဲ သူမ လှမ်းဝင်လာတာကို အရင်ဆုံးမြင်သူမှာ မီးဖိုထဲက ကျွန်မဖြစ်လေသည်။ မောင်က သားနှစ်ယောက်ကို ကြိုလာကာ အ၀တ်အစားလဲပေးနေချိန်။ သူမလက်ထဲက သစ်သီးတွေကို လှမ်းယူရင်း ပြုံးပြ၊ နှုတ်ကလည်း အလိုလို လောက၀တ်စကား ပြောမိရက်သား ဖြစ်သည်။ “အို ဒါတွေ မလိုပါဘူး ပျိုရယ်၊ တို့လည်း အသီးတွေ ၀ယ်ထားပါတယ်၊ လာ ထိုင်ဦးနော်” “အော်…တည်သီးက သော်တာသိပ်ကြိုက်တာမို့ ရှာဝယ်လာတာ မစုလေးသွင်” ကြည့်၊ သော်တာ သိတ်ကြိုက်တာမို့ တဲ့၊ ဒီမိန်းမ စကတည်းက ယဉ်သကို ဆိုတာလို နှုတ်ထွက်စကားတစ်လုံးဆို ဆိုသလောက် ကျွန်မ မနှစ်သက်နိုင်အောင် ပြောပဲ ပြောတတ်သည်။ မျက်နှာကို အတတ်နိုင်ဆုံး မပျက်စေဘဲ သစ်သီးများကိုယူကာ မီးဖိုထဲက စားပွဲပေါ် သွားတင်လိုက်သည်။ မောင် အခန်းထဲကထွက်လာတော့ အမောဖြေကြရင်း ဧည့်ခန်းထဲ ထိုင်စကားပြောဖြစ်ကြသည်။ သူမကို သားနှစ်ယောက်နှင့် မိတ်ဆက်ပေးလိုက်တော့ ထင်ထားသည့်အတိုင်းပင် သားသားတို့နာမည်က ဘယ်လိုခေါ်လဲ ဆိုသည့်မေးခွန်းကို မေးလေသည်။ မောင်နှင့် ကျွန်မနာမည်တွေသာပါဝင်သော သားနှစ်ယောက်နာမည်တွေ အကြားမှာ ကျွန်မမျှော်လင့်ထားသလို သူမမျက်နှာ ပျက်မသွားခဲ့ပါ။ “သော်တာ နင် သိလား၊ ငါဝယ်ထားတဲ့ ကော်မိုဒတီမားကက်က Agriculturalအိုင်တမ်တွေလေ၊ ဈေးတက်နေပြီ သိလား။ အေးလေ နင်နဲ့တွေ့တုန်းက ငါ ပြောတယ်လေ၊ နင်ရော ၀ယ်ထားဦးမလားလို့၊ ကော်ဖီစေ့တို့ ဂျုံတို့လေ” “သော်တာ ရော့ နင်ဖတ်ချင်တဲ့ စာအုပ် Crime and Punishment အွန်လိုင်းကနေ ငါတော်တော် ရှာဝယ်လိုက်ရတယ်ဟ” “သော်တာ ဒါကကျတော့ ကဗျာဆရာကြီး Ogdan Nash ရဲ့ ကဗျာတိုလေးတွေ၊ နင် သူ့ကဗျာတွေ ဖတ် ရတာ ကြိုက်တယ် မဟုတ်လား၊ ငါ ကဗျာဝက်ဘ်ဆိုက်တစ်ခုကနေ ပရင့်ထုတ်ပြီး စာအုပ်လေး ချုပ်လာခဲ့ပေးတယ်နော်” မောင့်အတွက် မောင်ကြိုက်တာတွေ သူမ အတော်ပြင်ဆင်ယူဆောင်လာခဲ့သည်ပဲ။ သူမမျက်နှာကို အကဲခတ်ရသလောက်တော့ ဘာအရိပ်မှ ရှိမနေ။ မောင်နှင့်စကားပြောနေစဉ် တစ်လျှောက်လုံးမှာ ပကတိပွင့်လင်းသောဟန်ပန်၊ အပြောအဆိုတို့ကြောင့် ကျွန်မပင် နေရထိုင်ရတင်းကျပ် မနေတော့ဘဲ သက်တောင့်သက်သာရှိလာသည်။ ဧည့်ခန်းထဲမှာတုန်းက စကားတွေအများကြီးဆိုနေသော သူမက ထမင်းဝိုင်းမှာတော့ အသံတိတ်လို့နေသည်။ မောင်က သတိကြီးစွာ သူမပန်းကန်ထဲ ဟင်းထည့်မပေးမိအောင် နေရှာသည်။ ဒီတော့ ကျွန်မကပဲ ဦးဆောင် ဧည့်ဝတ်ကျေစေကာ သူမပန်းကန်ထဲ ဟင်းတွေ ထည့်ပေးနေဖြစ်သည်။ ပိန်လွန်းတာလည်း မပြောနဲ့ အစားမှ ကောင်းကောင်းမစားတာဟု ကျွန်မက တွေးမိတော့ သူမက ကျွန်မအတွေးကို ဖတ်မိသွားပုံနှင့် ကဗျာကသီ ဖြေရှင်းချက်ထုတ်ရှာသည်။ “ပျိုက ဒါ အများဆုံးစားတာ၊ မစုလေးသွင် ဟင်းချက်သိတ်ကောင်းလွန်းလို့၊ ကိုယ့်ဖာသာဆို ဖြစ်သလိုပဲ ပြီးလိုက်တာပဲ။ သော်တာက ဒ့ါကြောင့်ပြောတာ....” သူမက စကားကို ဒီမှာတင် ရပ်ထားလိုက်သည်။ မောင်က ကျွန်မမျက်နှာကို ဖျတ်ကနဲကြည့်ပြီး ဘာမှ မဖြစ်သလို ပြန်လွှဲသွားလေသည်။ မောင် ဘာတွေများ ပြောထားသလဲ၊ သူတို့ စကားတွေ ပြောနေကျ များလား၊ မောင့် ဂျီတော့ခ်သူငယ်ချင်းစာရင်းမှာ သူမ ရှိနေမှာ သေချာသည်။ မောင် ည ညတွေမှာ အလုပ်ကိစ္စနဲ့ဆိုပြီး ပြောပြောနေတတ်တဲ့ ဂျီတော့ခ်တွေကို နောက်ဆိုရင် စိတ်ဝင်စားစွာ စောင့်ကြည့် ရတော့မည်။ ကျွန်မသည် နောက်ကျောမလုံလို့ ကိုယ့်အမြီးကို ရှေ့ဆွဲယူထားသော ကျားနာတစ်ကောင်နှင့်ပင် တူနေသေးတော့သည်။ ကျွန်မ သူမမျက်နှာကို တစ်ချက်ငေးကြည့်မိသည်။ မောင်နှင့် စကားကောင်းနေသော သူမကတော့ သိပုံမပေါ်ပါ။ သူမမျက်နှာက ပြောင်ရှင်းနေကာ ဘာမှ လူးထားပုံ မပေါ်။ နဖူးအပြောင်သိမ်းကာ ပိုနီတေးစည်းထားသောမျက်နှာက ဘဲဥပုံမျက်နှာကျနဲ့မို့ အနည်းငယ်ကြည့်ကောင်းနေသည်။ မျက်လုံး၊ မျက်ခုံး၊ နှာတံတွေက ဘာမှ မထူးခြားလှ။ နှုတ်ခမ်းလေးတစ်ခုသာ ပြည့်ပြည့်ဖူးဖူးလေးမို့ ချစ်စရာ။ ကိုယ်လုံး ကိုယ်ပေါက်က ပြားချပ်နေကာ မိန်းမတစ်ယောက်အနေနှင့် ဘာမှ မက်မောလောက်စရာမရှိသော ကိုယ်နေဟန်ထားမျိုး ဖြစ်သည်။ ရှပ်လက်ရှည်အကွက်ကို တံတောင်ဆစ်ထိခေါက်ဝတ်ထားရာ သူမ ကိုယ်ပေါ်တွင် ဖားဖားကျလျှက်ရှိသည်။ ပြီးတော့ သူမနာရီက ယောက်ျားပတ် ဒိုင်ခွက်အကြီးကြီးနှင့်။ သူမလွယ်လာသောအိတ်သည်ပင် ဆာလာအိတ်ကို ကြိုးတပ်ထားသလို လေးထောင့်စပ်စပ် ဘာနာမည်ကြီးတံဆိပ်မှ မဟုတ်သော သာမန်ပိတ်သားအိတ်ကြီး တစ်လုံးဖြစ်လေသည်။ မောင် နိုင်ငံရပ်ခြားများကို သွားတိုင်း ကျွန်မမှာလိုက်၍ ၀ယ်လာပေးသော တန်ဘိုးကြီး လက်ကိုင်အိတ်များကို မနေ့ညကမှ ဧည့်ခန်းထဲရှိ မှန်ဘီရိုထဲတွင် စီစီရီရီပြောင်းထည့်နေစဉ် မောင်က မျက်ခုံးပင့်၍ ကြည့်နေခဲ့သေးသည်။ “မိန်းမတွေအကြောင်း မောင် နားမလည်ပါဘူးမောင်ရာ”ဟု ကျွန်မက မောင့်ကို ပြောတော့ မောင်က ပြုံး၍သာ နေခဲ့သည်။ ထမင်းစားပြီးတော့ အချိုပွဲစားရင်း စကားစမြည်ပြောကြပြန်သည်။ မောင်နဲ့ သူမမှာက ပြောစရာတွေ အတော်များသား၊ သစ်ပင်တွေ သစ်တောတွေအကြောင်း၊ ထိုင်းမြန်မာနယ်စပ်က ရွှေ့ပြောင်း အလုပ်သမားတွေ အကြောင်း၊ အမေရိကားက ရီပါ့ပလစ်ကန်တွေရဲ့ နိုင်ငံရေး ကျားကွက်တွေအကြောင်း၊ အော်ဂဲနစ်သီးနှံတွေ ခေတ်မီစိုက်ပျိုးနည်း အကြောင်း၊ အက်ပီဂရမ်ကဗျာတွေ အကြောင်း၊ မေရီအန်းမိုးရဲ့ ကဗျာတွေအကြောင်း၊ ပန်းချီကားချပ်တွေအကြောင်း၊ ပန်းချီထဲက အရောင်တွေရဲ့ သဘောသဘာဝ။ Eric Claptonရဲ့ သီချင်းတွေအကြောင်း။ သူမက သိလည်း သိနိုင်လွန်းသော မိန်းမဖြစ်သည်။ သူတို့နှစ်ယောက် ပြောနေကြသော အကြောင်းများထဲမှာ ကျွန်မ စိတ်ဝင်စားတာ ဘာတစ်ခုမှ မပါ။ စကားဝိုင်းတစ်လျှောက်လုံး ကျွန်မက ဘေးမှနားထောင်သူ သက်သက်သာ ဖြစ်လေသည်။ ယောကျာ်းတွေဟာ အားနွဲ့မှီခိုတတ်သူ မိန်းမသားတွေကိုသာ ကျတတ်ကြတာ မဟုတ်ဘူးလား။ မိန်းမတစ်ယောက်ဖြစ်ပြီး နေရာတကာ သိနေတတ်နေလွန်းတာ မိန်းမ သိပ်မဆန်သလိုပဲဟု ကျွန်မကတော့ မြင်သည်။ ကျွန်မ ကြားရသလောက် သူမပြောနေတာတွေမှာ အချက်အပြုတ်အကြောင်း၊ တက်တင်းထိုးနည်းအကြောင်း ပန်းကလေးတွေအကြောင်း၊ အ၀တ်အစား လက်ဝတ်ရတနာအကြောင်း မိန်းမဆန်ဆန်ပြောတာမျိုး တစ်လုံးမှ မပါ။ စကားပြောနေကြစဉ် ဖောက်ကနဲ ဖြည်သံနှင့်အတူ မီးမှောင်ကျသွားတော့ မောင်က “ဟာ ဖျူစ့်ပျက်ပြီကွာ” ဟုဆိုကာ စတိုခန်းထဲက အေထောင့်လှေကား သွားယူလေသည်။ မောင်က အေထောင့်လှေကား ကို ထောင်ပြီးရုံရှိသေး၊ သူမက “သော်တာ နင်က မျက်လုံးလည်း မကောင်းဘဲနဲ့” ဟု ပြောရင်းက လှေကားပေါ် ဖျတ်ကနဲတက်ကာ မီးချောင်းကို ဖြုတ်ယူ၊ ကျွမ်းသွားသော ဖျူစ့်ကိုဖြုတ်ကာ အသစ်လဲလှယ်တပ်ဆင်ခြင်းအလုပ်ကို ကျွမ်းကျင်မြန်ဆန်စွာ လုပ်ပြီးသွားလေသည်။ “ငါက ဟိုမှာ တစ်ယောက်ထဲ နေနေရတာ၊ အိမ်မှာက ငါပဲ ယောကျာ်း၊ ငါပဲ မိန်းမ” ဟုဆိုကာ တဟားဟား ရယ်မောနေပြန်သည်။ အိမ်မှာ ကျွန်မတစ်ယောက်ထဲသာဆိုလျှင် သည်အလုပ်မျိုးကို မောင်ပြန်လာတဲ့ အထိစောင့်ကာ လုပ်ရမည်ဆိုတာ သေချာလှသည်။ သူမ လှေကားပေါ်ကဆင်းပြီး ဆိုဖာပေါ်ပြန်လာအထိုင်မှာ စားပွဲပေါ်ကအအေးခွက် သားကြောင့်မှောက်ကျကာ သူမပိတ်လွယ်အိတ်ကြီးပေါ် အအေးများ ဖိတ်စင်တော့သည်။ ပိတ်လွယ်အိတ်ကြီးထဲက ပစ္စည်းတွေကို ကြမ်းပေါ် ရုတ်တရက် မှောက်သွန်ချလိုက်ကာ “တော်ပါသေးရဲ့၊ အထဲထိ မစိုလို့” ဟု သူမနှုတ်မှ တီးတိုးရေရွတ်လေသည်။ သူမ တယုတယထားနေတာတွေကို လှမ်းကြည့်လိုက်မိတော့ စာအုပ်တစ်ချို့၊ စီဒီသီချင်းခွေများနှင့် ပုဝါ တစ်ထည်ဖြစ်လို့နေသည်။ ထိုပုဝါကို ကျွန်မ ကောင်းကောင်းသိပါသည်။  

(ဂ) 
 မောင် ခရီးမှ ပြန်ရောက်ရောက်ချင်း သေတ္တာထဲက လျှော်စရာတွေကို အ၀တ်လျှော်စက်ထဲ ထည့်ဖို့ ထုတ်ယူစဉ်မှာ သေသပ်စွာထုတ်ပိုးထားသော၊ ကျွန်မနာမည်တပ်ထားသော စက္ကူအိတ်ကလေး တစ်လုံးက သေတ္တာထဲမှာ အခန့်သား။ ထိုစဉ်မှာပင် မောင့်အသံကို ကြားလိုက်ရသည်။ “မ အတွက်တဲ့ ပျိုပေးလိုက်တာ” “ဟင် မောင်နဲ့ သူ တွေ့ခဲ့ကြတယ်ပေါ့၊ မောင်ပြောတော့ သူနေတဲ့ မြို့နဲ့ ဝေးပါတယ် ဆို၊ ကျောင်းတစ်ဘက် နဲ့မို့ သူ လာနိုင်မှာ မဟုတ်ပါဘူးဆို” ကျွန်မအသံက အနည်းငယ် ချဉ်စုတ်စုတ်နိုင်လှသော်လည်း မောင်က အေးဆေးစွာပင် တုန့်ပြန်ခဲ့ပါသည်။ “အေးကွာ ပျိုက သူ ရှော့ပင်းသွားတုန်း ပုဝါတွေ ဈေးချနေတာတွေ့လို့ တန်လွန်းတာ နဲ့ နှစ်ထည်ဝယ်လာခဲ့တာ၊ ရွေးစရာကလည်း မရှိတော့ဘဲ ဆင်တူနှစ်ထည်ပဲ ကျန်တာမို့၊ တစ်ထည်ကို မအတွက် ပေးလိုက်ချင်လို့ပါ ဆိုလို့” “သွားစမ်းပါ အဲလိုအကွက်တွေ ရိုးနေပြီ” မောင့်စိတ်ပျက်လက်ပျက်အကြည့်ကို ကျွန်မ အရေးစိုက်မနေနိုင်တော့။ ပူလောင်နေသော ရင်တွင်း မီးတွေက ဟုန်းကနဲအထ ထွက်လာသမျှစကားတွေမှာ အပူလှိုင်းတွေနှင့်အတိပြီးတော့သည်။ မောင် ဆယ်မီနာတက်ဖို့ ဥရောပနိုင်ငံတစ်ခုမှ မြို့ကလေးတစ်မြို့ကို သွားရမည်ဆိုတော့ ထိုမြို့ကလေးသည် သူမရှိနေသောမြို့နှင့် ကီလိုမီတာ လေးရာကျော်ကွာဝေးကာ လေးငါးနာရီခန့် ကားမောင်းလိုက် လျှင် ရောက်နိုင်သည်ဆိုတာသိကာ ကျွန်မစိတ်နှလုံးတို့ လောင်မီးကျလေသည်။ တွေ့ဖြစ်ကြမှာ မဟုတ်ပါဘူးလေဟု ဖြေတွေးထားသော်လည်း မောင်ခရီးထွက်နေသော ညညတွေထဲမှာ ကျွန်မရဲ့ ငရဲခန်းက တာရှည်လွန်းနေခဲ့သည်။ မောင်တို့ တွေ့များ တွေ့ကြမှာလား၊ ဘယ်အချိန်တွေ့ကြမလဲ၊ ဘယ်လိုနေရာမျိုးမှာလဲ၊ ဘယ်လောက်ကြာကြာတွေ့ခဲ့ကြမလဲ။ ဟိုမိန်းမကရော မောင့်ကို ဆွဲဆောင်နိုင်ဖို့ ဘာတွေများ ပြင်ဆင်လာမလဲ။ အတွေးတွေနဲ့ ကျွန်မတစ်ကိုယ်လုံး ပြာကျနေချိန်မှာ မောင်ပြန်လာတော့ ဘာမှမဖြစ်သလို အေးအေးလူလူ၊ ပြောပြရှင်းပြဖို့တောင် မကြိုးစားခဲ့။ နောက်တော့လည်း ပုံမှန်နေ့ရက်များစွာ ကျော်ဖြတ်လာရင်း မောင်နဲ့ ကျွန်မနေ့ရက်တွေက အရင်အတိုင်း နေသားတကျ။ ထိုပုဝါလေးမှာလည်း ကျွန်မအ၀တ်ဘီရိုအောက်ဆုံးထပ်၌ ဘာမှမသိသလိုပင် ထားရာနေခဲ့ရှာသည်မှာ ဒီနေ့အထိပါပေ။ (ဃ) ထိုပုဝါကလေးမျိုး.... အခု သူမဆီမှာ တစ်ထည်၊ ကျွန်မပုဝါနှင့် တစ်ပုံစံထဲ၊ တစ်သွေးတစ်ရောင်ထဲ။ ဒါဆို သူမ မညာခဲ့ဘူးပေါ့။ သူမလက်ထဲက ပုဝါကလေးကို ကြည့်နေသော မောင့်မျက်နှာမှာ အရာင်တစ်ခုခု စွက်နေဟန်ရှိသော်လည်း ဘာသာပြန်ဖို့ ကျွန်မ မကြိုးစားချင်တော့ပါ။ သူမမျက်နှာကို မီးရောင်အောက်တွင် သေချာကြည့်မိပြန်သည်။ သူမမှာ ချစ်ခဲ့ဖူးသော ယောကျာ်းတစ်ယောက်အပေါ် တစ်ခါက ချစ်ခဲ့ဖူးသည်ဆိုတာထက် နည်းနည်းကလေးမှ ပိုပုံမပေါ်။ ကျွန်မမှာသာ လက်ရှိပိုင်ဆိုင်နေရပြီးသော်လည်း မောင့်အပေါ် ပိုင်နိုင်စိတ်ချမနေနိုင်။ ခဏနေတော့ သူမက ပြန်ဖို့ပြင်သည်။ မောင်ပဲ လိုက်ပို့ပါစေတော့။ သူတို့ ငယ်သူငယ်ချင်းတွေ အပြန်လမ်းမှာ စကားတွေ ပြောချင်ပြောကြပါစေ။ ကျွန်မစိတ်တို့ ညွတ်ပျောင်းလာကာ သူမကို ပြုံးပြလိုက်မိသလို စိတ်ကထင်သည်။ “မောင် လိုက်ပို့ပေးလိုက်ပါလား၊ သူငယ်ချင်းတွေ လမ်းမှာ စကားပြောသွားကြပေါ့” “မ ပဲမောင်းပို့လိုက်ပါကွာ၊ မောင် သားတွေကို အိပ်ရာထဲ ပို့လိုက်ဦးမယ်” “အေး သော်တာ နင်အိမ်မှာပဲ နေခဲ့၊ ညဘက်ကားမောင်းရမှာ နင့်မျက်လုံးက ကောင်းတာလည်း မဟုတ်ဘဲနဲ့၊ လာ မစုလေးသွင်” မောင်က ကားသော့ကို ကျွန်မဆီ ပစ်ပေးရင်း သူမ မတွေ့အောင် ပခုံးတွန့်ပြလေသည်။ ကျွန်မက ရုပ်တည်နှင့် မသိချင်ယောင်ဆောင်တော့ မောင်က မျက်စေ့တစ်ဘက်ကို ဖျတ်ကနဲ မှိတ်ပြရင်း “ဖြည်းဖြည်းလည်းမောင်းဦး ဒေါ်ရှပ်ပြာ”ဟု ဆိုသည်။ ကျွန်မက မျက်စေ့တစ်ဘက် ပြန်မှိတ်ပြကာ “ပိုင်ပါတယ်မောင်ရဲ့”ဟု ပြောတော့ မောင်က ခေါင်းကိုဆတ်ကာ ခပ်တိုးတိုးရယ်ရင်း သားနှစ်ယောက်ကို လက်ဆွဲပြီး အိပ်ခန်းထဲအ၀င်၊ သူမက ကျွန်မလက်ကိုဆွဲကာ အိမ်ထဲက အထွက်၊ သူမရော ကျွန်မပါ မျက်နှာမှာ အပြုံးကိုယ်စီ။ ဒီမှာ မောင်… ကျွန်မ သူမအပေါ်၊ မောင့်အပေါ် ဘယ်လောက်ပဲ သံသယရှင်းရှင်း၊ ကျွန်မဟာ မိန်းမတစ်ယောက်ဆိုတာ မမေ့ပါနဲ့မောင်။ လူတွေမှာ ပျမ်းမျှ ခြောက်မီတာကနေ ရှစ်မီတာခွဲထိ ရှည်လျားတဲ့ အူခွေတွေ ရှိကြသတဲ့။ အဲဒီလူတွေထဲမှာမှ မောင့်ဇနီးကျွန်မက အတိုဆုံးပါဆိုတဲ့ ခြောက်မီတာထက်တောင် ပိုတိုချင် တိုနေဦးမှာ မောင်ရဲ့... အူကြောင်ကြောင်အတွေးကြောင့် ကားမောင်းရင်း ပြုံးမိရပြန်သည်။ ညက မှောင်လှပြီ။ လမ်းမဘေးတစ်ဘက်တစ်ချက်မှာတော့ မှိန်ဖျော့ဖျော့ မီးရောင်တွေ။ မီးရောင်တွေကြောင့် သစ်ပင်တွေက ညမှာအရောင်ပြောင်းကာ တင့်တယ်လှပလို့နေကြသည်။ ဘာပဲဖြစ်ဖြစ် အဲဒီသစ်ပင်တွေကရော ကားနောက်မှာ တဖျတ်ဖျတ် ဝေးကျန်လို့ နေနေခဲ့ရတာပဲ မဟုတ်လား။ 

(ပါဖက်မဂ္ဂဇင်း - မေလ - ၂၀၁၃) 

Author: ချစ်ကြည်အေး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)