အရွယ်မရောက် သေးသည့်ကလေးများကို အရွယ်မရောက် တရောက်ကလေးများက ခါးထစ်ခွင်ချီရင်း လက်တို့၊ ခါးတို့ ချွဲပြစ်စကားလုံးများဖြင့် နှုတ်တိုက် ရွတ်ဆို တစာစာတောင်းရမ်းနေသည်ကို ရှောင်ရှားရသည်မှာလည်း ရှိရင်းစွဲ စေတနာ သဒ္ဓါတရားတို့ပင် ပါးလျလာစေသည်လားမသိ။ ဤသို့ မျက်ဝါးထင်ထင် တောင်းရမ်း စားသောက်နေသူများမှာ အခြေအနေမဲ့ ပလက်ဖောင်းလူတမ်းစားများတွင်သာမက အခြား မမြင်နိုင်သည့်၊ လက်လှမ်းမမှီနိုင်သည့် နေရာများတွင်လည်း ရှိနေနိုင်သည်ပဲဟု အတွေးပွားမိပြန်တော့ ကျွန်မ၏ဦးခေါင်းကို သွက်သွက်ခါယမ်းမိရပြန်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အိမ်အပြန် ပလက်ဖောင်းဈေးတွင် သာမန်လက်လုပ်လူတန်းစားများ၊ လမ်းလျှောက် ဘတ်စ်ကားစီးလူတန်းစားများအတွက် တိုလီမုတ်စစုံစီနဖာ အကုန်ရနိုင်သည်။ တနည်းဆိုရသော် ထိုသူတို့သည် ညနေခင်း၏ အလှပန်းချီကားချပ်ကို အရောင်အသွေး စိုပြေနေစေရန်၊ သက်ဝင်နေစေရန် ၀ိုင်းဝန်းအားဖြည့် အလှဆင်နေကြသူများ ဖြစ်၏။ ကျွန်မ၏ရုံး တည်ရှိရာ မြို့လည်လမ်းမကြီးမှာ အောက်ဘက်တွင် ရှိသဖြင့်၊ လမ်းမကြီးတလျှောက် အထက်ဘက်သို့ လမ်းသွယ်မှတဆင့် ကျွန်မ ဆန်တက်၍ လျှောက်ခဲ့သည်။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်အစုံအလင် ၀ယ်ယူရနိုင်သည့် ညနေဈေးလေးက ခင်ပွန်းသည်နှင့်အတူ ထုံးစံအတိုင်း ကျွန်မကို ဆီးကြို၍နေပါသည်။ ခင်ပွန်းသည်၏ အလုပ်က ဤဈေးလေးနားမှ လမ်းသွယ်ထဲတွင် တည်ရှိသည်။ ညနေခင်းတိုင်း ဈေးလေးထိပ်မှ သူက အမြဲစောင့်ကြိုနေ တတ်ပြီး နှစ်ဦးသား ညဈေးတွင် နောက်တစ်နေ့အတွက် ဟင်းလျာ အတူတူဝယ်ယူပြီးမှ အိမ်ပြန်နေကြဖြစ်၏။ ညနေဈေးလေးက မြို့လယ်ခေါင်နေရာတွင် တည်ရှိနေသဖြင့် ညနေရုံးဆင်းချိန် ဤနေရာရောက်လျှင် ကားလမ်းများ ကြပ်ညပ်ကုန်တတ်သည်။ သို့သော် ဤဈေးလေးကို အနီးအနားနေထိုင်သူများသာမက၊ အနီးတ၀ိုက် ရုံးများ၊မှ ၀န်ထမ်းများ အားထားကြရသည်။ အသား၊ ငါး လတ်ဆတ်သည်။ ဟင်းသီးဟင်းရွက်များ ဈေးချိုသည်။ ဘူတာသဘောင်္ဆိပ် နီးသဖြင့် တောသည်များ ကိုယ်တိုင်လာရောက် ရောင်းချသဖြင့် ရှားရှားပါးပါး ခြံထွက်စာလေးများ၊ ရာသီစာလေးများပါ ရရှိနိုင်လေသည်။ တစ်ခါတစ်ရံ ဤဈေးလေးအနီး ငါးကြင်းနိုင်းချင်း၊ ငရုပ်ကောင်းမှုန့်များများဖြင့် ပူပူလောလော ချက်ထားသည့် မုန့်ဟင်းခါးဆိုင်လေးတွင် ကျွန်မတို့လင်မယား အဆာပြေ၀င်စားဖြစ်သည်။ ဤဈေးလေးမှ နောက်တစ်နေ့အတွက် ဟင်းလျာများ ၀ယ်ခြမ်းပြီးချိန်တွင် ကျွန်မတို့နှစ်ယောက်၏ ခြေလှမ်းများက နောက်ထပ် တစ်ဆယ့်ငါးမိနစ်သာသာ လမ်းလျှောက်လျှင် ရောက်မည့် အိမ်သို့ ဦးတည်နိုင်လေပြီ။ အိမ်သို့ မရောက်ခင် နောက်ဆုံး ကျော်ဖြတ်ရမည့် ကုန်းတံတား၏ အောက်ဘက်တွင် လစဉ်ထွက် စာအုပ်များကို ရောင်းချသည့် စာအုပ်ဆိုင်ကြီးနှစ်ဆိုင် ဖွင့်လျှက်ရှိနေသေးသည်။ နောက်ထပ် နာရီဝက်မျှဆိုလျှင် ဆိုင်ပိတ်တော့မည်။ ဤဆိုင်ရှေ့ရောက်လျှင်ရောက်တိုင်း ကျွန်မတို့ နှစ်ယောက်သား မတိုင်ပင်ရပဲ ဆိုင်မပိတ်ခင်အချိန်လေးကို လု၍ ဆိုင်တွင်းသို့ ခြေဦးလှည့်မိကြ သည်။ အမျိုးမျိုးအထွေထွေဖြင့် နေ့စဉ်ထွက်လျှက်ရှိသည့် စာအုပ်များကို မျက်လုံး အရသာခံယုံမျှ။ ထို့ထက်ပိုလာ၍ စိတ်မထိမ်းနိုင်လျှင်တော့ အခြားတစ်နေရာရာမှာ အသုံးလျော့လိုက်ပြီး မ၀ယ်မနေ လောက်အောင် စွဲဆောင်မိသည့် စာအုပ်တစ်အုပ်အုပ်ကိုတော့ နှစ်ဦးသဘောတူညီ ချက်ဖြင့် ၀ယ်မိလိုက်စမြဲ ဖြစ်သည်။
စာအုပ်ဆိုင်မှအထွက်တွင် အိမ်ပြန်ချိန်ညနေခင်း၏ ဆည်းဆာက ပိုမို၍ ပီပြင်လာချေပြီ။ ကောင်းကင်ပြင်တွင် တိမ်အုပ်များက လေအသော့မှာ လွင့်မျောလို့နေ၏။ ကျွန်မတို့နှစ်ယောက်၏ ခြေလှမ်းများက ကုန်းတံတားသို့ စတင်တက်ရန် အားယူလိုက်လေသည်။ ခင်ပွန်းသည်က ကျွန်မထံမှ လေးလံစေမည့် ၀န်စည်စလည်မှန်သမျှ သူ့လက်ထဲသို့ လွှဲပြောင်းယူလိုက်လေသည်။ ကျွန်မတွင် ပုခုံးမှာ လွယ်ထားသည့် အိတ်မှလွဲ၍ တခြားလေးလံစရာ ဘာမျှမရှိ။ မရှိဆို ဤကုန်းကျော်တံတားသို့ စတက်မည်ဆိုသည့်အခါတိုင်း ကျွန်မ၏စိတ်များက ပေါ့ပါးလွတ်လပ်မှု၏ လွှမ်းခြုံခြင်းကို အမြဲတစေခံစားရ၏။ ချွေးများဖြင့် နှစ်ယောက်သား၏ ကျောပြင်တွင် စိုရွှဲနေလေသော်လည်း ဤကုန်းတံတားကို လက်ချင်း တင်းတင်းဆုတ်အားယူ၍တက်တိုင်း အမည်မဖော်နိုင်သည့် မျှော်လင့်ချက်ဆိုသည်က စိတ်ထဲ အမှတ်မထင် ပါးပါးလှပ်လှပ်လေး ခိုဝင်လာတတ်သည်။
အသက်ကို မှန်မှန်ရှူရှိုက်ရင်း ကုန်းပေါ်သို့ ခြေလှမ်းမှန်မှန်ဖြင့် လှမ်းတစ်လှမ်းချင်း တက်ခဲ့သည်။ ကုန်းတက်ဆိုသည်မျိုးက ရောက်ချင်ဇောကပ်၍ ဇွတ်အားထည့်ကာ အရှိန်အဟုန်ဖြင့်တက်လျှင် ကုန်းပေါ် မရောက်ခင် အမောဆို့တတ်သည်မျိုး။ ထို့အတူ မျက်နှာရှေ့တူရှူမှ ဆင်းလာသည့် သူများကို လမ်းနေရာရအောင် မိမိကိုယ်ခန္ဓာ အသာယို့၍ နေရာဖယ်ပေးရသည်မှာလည်း မဖြစ်မနေ လုပ်ဆောင်ပေးသင့်သည်ပဲ လူ့ဝတ္တရားတစ်ရပ်ပင် မဟုတ်ပေလား။
ကုန်းအတက် ကျွန်မတို့နောက်မှာ ကျန်ခဲ့သူကို ပြန်ငဲ့ကြည့်ပြန်တော့ ထိုသူ၏ ကျောတွင် ကျောပိုးအိတ်ကြီး တစ်လုံးကို လွယ်ထားလျှက်က ကုန်းပေါ်သို့ တစ်ဦးတည်း ဖြည်းဖြည်းမှန်မှန် တက်နေသည်ကို တွေ့ရ၏။ ဟင်းလျာအထုတ်အပိုးများ ဆွဲလျှက် နဘေးမှ ထပ်ချပ်မကွာပါလာသူ ခင်ပွန်းသည်ကို ငဲ့ကြည့်မိသည်။ ကိုယ်တိုင် တစ်ဦးတည်းသာ ၀န်စည်စလည် များဖြင့် ဤကုန်းပေါ်တက်ရလျှင် အမောများဆို့နေမလားမသိဟု ကျွန်မ တွေးမိပြန်၏။
ကုန်းအတက်တွင် မျက်နှာပြင်ပေါ် တိုးဝှေလာသည့် လေပြည်နုအေး၏ အရသာကို ခံယူရသည်လောက် နှစ်ခြိုက်ဖွယ် ကောင်းသည်မရှိ။ ကုန်းထိပ်ကို ရောက်ကာနီးလေလေ၊ ကုန်းပေါ် စတက်ချိန် အဝေးမှ မှုန်ပြပြအရာများအားလုံး မြင်ကွင်းတွင် ပီပီသသ ထင်ရှားလို့ လာခဲ့သည်။ ကျွန်မနဘေးတွင်မတော့ ကျွန်မ၏လက်ဖ၀ါးကို တင်းတင်းဆုတ်ကိုင်ထားပြီး ကုန်းပေါ်အရောက် အားဖြည့်တွဲ ခေါ်လာသည့် ခင်ပွန်းသည်။
ဤကုန်းတံတားသည် မြို့နယ်နှစ်ခုကို ပေါင်းကူးပေးထားသည်။ ဟိုးယခင် ဆယ်စုနှစ်နှစ်ခုစာ လောက်က ဤကုန်းတံတားနေရာတွင် လမ်းဟောင်းတစ်ခု ရှိခဲ့ဖူးသည်။ ဟိုဘက်မြို့နယ်မှ သည်ဘက်မြို့နယ်သို့ ကူးလိုလျှင် ဘူတာရုံ၏စင်္ကြံတံတားမှတဆင့် ကျွန်မတို့ကူးဖြစ်ခဲ့သည်။ ထိုစဉ်ကာလက ညအချိန် ရှစ်နာရီသာသာလောက်ဆိုလျှင် ဤနေရာတွင် လူခြေပြတ်ချင်သည်။ ယခုမူ ညဆယ်နာရီအချိန်တွင်ပင် ခေတ်မှီမီးတိုင်များ၊ နီယွန်ဆိုင်းဘုတ်ကြီးများဖြင့် ထိန်ထိန်ညီးလျှက် ချစ်သူစုံတွဲများ၊ လမ်းလျှောက်သူများ၊ ဘူတာဆင်းသူများဖြင့် စည်ကား၍နေချေပြီ။ 
အိပ်တမ်းတက် ကျေးငှက်များ၏ ကျီကျီကျာကျာ မြည်ကျူးသံများက အိမ်ပြန်ချိန်အတွက် လောကကြီး၏ သဘာဝကျကျ အချက်ပေးသံပင်။ ဆည်းဆာရောင်ရင့်ရင့်သည် အမှောင်ဘက်သို့ ကူးချင်လာသည်။ ဆည်းဆာကုန်လျှင် ညဥ့်ရောက်ပေဦးမည်။ တဖန် ညဥ့်ဦးကိုလွန်မြောက်သော် အရုဏ်သစ်ကို ကြိုဆိုရပေဦးမည်။ ထိုမှတဖန် တစ်နေ့တာကို ဖြတ်ကျော်လျှက် ဆည်းဆာသို့ တဖန် ပြန်ဆုံတွေ့ရမည်မှာ လောက၏ ဓမ္မတာပင် ဖြစ်လေသည်။ လှပသည့် ဆည်းဆာ၏ ညနေချမ်းများစွာကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အကြိမ်ကြိမ် အခါခါ ကျော်ဖြတ်နိုင်ခွင့် ရပါစေကြောင်း ပုထုဇဉ်ပီပီ ကျွန်မ၏အတ္တက ဆုတောင်းနေမိပါသည်။
(၂၀၁၃၊ မေလ၊ ရနံ့သစ်မဂ္ဂဇင်းတွင် ဖော်ပြခြင်းခံခဲ့ရသည့် ရသစာတမ်း။)
ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျကြပါစေ။
**မြသွေးနီ**
အချိန်ရာသီစက်ဝန်းများက တရွေ့ရွေ့ဖြင့် လည်ပတ်လျှက်ရှိ၏။ တစ်နေ့တာ၏ အချိန်များကား ရပ်တံ့၍ မနေပေ။ မနက်၊ နေ့၊ ည မပြတ် ပုံမှန် လည်ပတ်လျှက်ရှိနေသည်။ နွေဦးရာသီသို့ ၀င်ရောက်လာပြီဖြစ်သဖြင့် ၀န်းကျင်တစ်ခွင်လုံး သွေ့ခြောက်၍နေလေသည်။ မနက်ခင်းပိုင်းတွင် အပူရှိန်က မဆိုစလောက်ဆိုသော်လည်း၊ နေ့လည်ခင်းဘက်ဆိုလျှင် ပြင်ပအပူချိန်များကား ခံစား၍ မရနိုင်လောက်အောင် ဆိုးဆိုးရွားရွား နှိပ်စက်ကလူပြုလေသည်။ ကမ္ဘာကြီး၏ အပေါ်ယံ အိုဇုန်းအလွှာများ ပါးလျလာသည်၊ အိုဇုန်းအလွှာပေါက်ပြဲကုန်ပြီ်။ မနက်၁၁နာရီမှ နေ့လည်၂နာရီ အတွင်း ကျရောက်သည့် နေအပူရှိန်သည် ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးပါဝင်သဖြင့် အရေပြား ကင်ဆာပင်ဖြစ်နိုင်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။ ကမ္ဘာကြီးလည်း နာကျင်မောပမ်း၍ နေလေပြီ။ ကမ္ဘာနှင့်အ၀ှမ်းတွင် ရာသီဥတုများ ကမောက်ကမ ဖြစ်နေလေသည်။ အပူလွန်၊ အအေးလွန်၊ ငလျင်လှုပ်ခတ်၊ မီးတောင်ပေါက်ကွဲ၊ ရေကြီးရေလျှံ၊ မုန်တိုင်းထန်ခြင်းများ ဆိုသည်မှာ ကမ္ဘာသူကမ္ဘာသားများအတွက် အထူးအဆန်း အခြေအနေမဟုတ်၊ ကြားဘူးနားဝဖြစ်နေကြလေပြီ။ ရာသီဥတု မည်မျှပင် အေးအေး၊ အအေးဒဏ်ကို ကျွန်မ နှစ်သက်သဘောကျသည်။ ဤသည်ကလည်း ကျွန်မနေထိုင်ရာ ရန်ကုန်မြို့တော်၏ အအေးဆုံးအချိန်ကာလများအပေါ် ကြည့်၍ ကျွန်မ ပြောခြင်းပင်။ ပူပြင်းလှသည့် ဒဏ်ကိုတော့ ကျွန်မ မည်သို့မျှ မခံစားနိုင်ပါပေ။ ယခုလို နွေရာသီရောက်လာပြီဆိုလျှင် ကျွန်မအလုပ်စားပွဲ၏ ရှေ့တည့်တည့် နံရံပေါ်တွင် လေအေးပေးစက်တစ်လုံး တပ်ဆင်ထားသော်ငြား ကျွန်မခန္ဓာကိုယ်တွင် ချွေးစေးများဖြင့် ငြီးစီစီတောင် ဖြစ်နေရသည်။ အခန်းထဲတွင် တပ်ဆင်ထားသည့် လေအေးပေးစက်များက အခန်းတွင်းရှိ လူဦးရေနှင့် မလောက်ငှတော့ပေ။ ရုံးရှိလူကုန် ယပ်တောင်တဖျတ်ဖျတ်နှင့် ရှိနေကြ၏။ ရုံးဆင်းချိန် ညနေငါးနာရီခွဲဆိုလျှင် နေအတော်ပင် ညိုသွားလေပြီ။ ထိုအချိန်သည် တစ်နေ့တာကာလအတွက် ကျွန်မ အနှစ်သက်ဆုံး၊ အတောင့်တဆုံးအချိန်ဖြစ်၏။ ရုံးသို့ မနက်အလာတွင် အများပြည်သူစီး ခရီးသည်တင် လိုင်းကားများကို အသုံးပြု၍ စီးလာခဲ့သော်ငြား၊ ရုံးမှ အိမ်သို့အပြန်တွင်မူ ကျွန်မလမ်းလျှောက်၍သာ ပြန်လေ့ရှိ၏။ ကျွန်မအလုပ်က ကံအားလျော်စွာ ရန်ကုန်မြို့ထဲက လမ်းမကြီးတစ်ခုပေါ်တွင် တည်ရှိနေခြင်းနှင့် ကျွန်မ၏နေအိမ်က ရန်ကုန်မြို့ထဲနှင့် မကွာဝေးသည့်နေရာတွင် ရှိနေသည်ကလည်း ဆည်းဆာညနေကို ထိတွေ့ဖို့ရာ ကျွန်မအတွက် အခွင့်အရေး ရခဲ့လေသည်။ ကျွန်မအိမ်မှ ရုံးသို့ လေးမှတ်တိုင်မျှ ကားစီးလျှင် ရောက်၏။ သို့သော် ရုံးဆင်းတိုင်း အိမ်အပြန်ကိုမူ ကျွန်မ ခုံမင်စွာဖြင့် လမ်းလျှောက်ဖြစ်သည်။ တစ်နေ့တာလုံး မနက်ကိုးနာရီမှ ညနေငါးနာရီခွဲအထိ မထစတမ်း ရုံးတာဝန်များ ထမ်းဆောင်ခဲ့ရသဖြင့် ကျွန်မ ခန္ဓာကိုယ်က အညောင်းမိနေယုံမျှမက အလှုပ်အရှားမရှိသဖြင့် သိသိသာသာပင် ဆူဖြိုးလာချင်နေလေပြီ။ နည်းနည်းမျှ လှုပ်ရှားလျှင်ပင် မောပမ်းချင်လာပေပြီ။ သို့နှင့် ကျန်းမာရေးအတွက် ရည်စူးပြီး ညနေရုံးဆင်းချိန်တိုင်း အိမ်အထိ လမ်းလျှောက်ပြန်ရန် ခင်ပွန်းသည်၏အကြံပြုချက်ကို ခြွင်းချက်မရှိ လက်ခံဖြစ်ခဲ့သည်။ ထိုမျှမက ရုံးမှလမ်းလျှောက်ပြန်ချိန်မိနစ်သုံးဆယ်မျှလောက်သောခရီးကိုနေ့စဉ်မငြီးမငွေ့ လျှောက်ပြန်နိုင်စေ ရန်အတွက် ကျွန်မကို ဆွဲငင်ဖမ်းစားထားသည့် အကြောင်းအရာများစွာကလည်း အိမ်အပြန် လမ်းတလျှောက် ရှိနေသည်ကို ကျွန်မ သိလာရ၏။ ညနေ ငါးနာရီခွဲ။ သံမဏိဓာတ်လှေကား၏ တံခါးရွက်နှစ်ချပ် ပွင့်သွားချိန်၊ ကတ္တရာလမ်းမပေါ် ခြေချခွင့် ရလိုက်ချိန်မှစ၍ တစ်နေ့တာအတွက် လုပ်ငန်းခွင်အတွင်း ချုပ်တည်းထားရသည့် ကျွန်မ၏စိတ်များ စတင်၍ ပေါ့ပါး လွတ်လပ်သွားရသည်။ တစ်နေကုန် စက်ရုပ်တစ်ရုပ်ကဲ့သို့ လုပ်နေရသည့် ကျွန်မ၏ ချိုးနှိမ်စိတ်များသည် ယခုလို ညနေခင်း အိမ်ပြန်ချိန်ရောက်မှ ထွက်ပေါက်ရ လွတ်မြောက်လေသည်။ ညနေခင်းသည် ထင်ထင်ရှားရှား အလင်းရောင်ဖြာနေသေးသော်လည်း နေရောင်ခြည်တို့ ညှိုးကျချိန်ဖြစ်သည်။ လေပူတို့ဖြင့် ၀န်းကျင်တွင် ပူလှောင်ရစ်ဖွဲ့ခွေနေဆဲဖြစ်သည်။ တစ်နေ့တာ၏ လက်ကျန် ပြာလဲ့လဲ့ ကောင်းကင်ပြင်တွင် ကျေးငှက်အချို့ကား ဟိုသည်ပျံဝဲကာနေ၏။ အိပ်တန်းတက်ငှက်များ၏ အိမ်ပြန်ချိန်အစဖြစ်သည်။ လမ်းမတလျှောက်တွင်လည်း ရုံးဆင်းချိန် အိမ်ပြန်ကြမည့် လူအများဖြင့် စည်ကားလျှက်ရှိသည်။ အချို့က နေ့တစ်နေ့တာအဆုံးသတ် အားအင်ကုန်ခမ်းနေသည့်နှယ် တုန့်နှေးသော ခြေလှမ်းများဖြင့် နွမ်းလျလျ။ အချို့က ဇောကပ်နေသည့် အမောများ ခိုတွဲလျှက် ခြေလှမ်းများဖြင့် သုတ်သုတ်နှင်။ အချို့က ပြုမြဲ ၀တ္တရား တစ်ခု ဆောင်ရွက်နေသည့်နှယ် ခြေလှမ်းများက ဖြည်းဖြည်း ငြင်သာ။ ညနေခင်း၏ ပလက်ဖောင်းတလျှောက် အိမ်ပြန်သူများဖြင့်သာ စည်ကားနေသည်မဟုတ်။ ရုံးဆင်းချိန်ကို အမှီပြု နေကြရသည့် တ၀မ်းတခါး ဈေးသည်များကား လွတ်လွတ်လပ်လပ် ခြေချလျှောက်စရာ နေရာတော်တော်များများကို အပိုင်စိုးထားသည်။ သို့သော် ဤဈေးသည်နှင့် ညနေခင်း၏ ဈေးဝယ်သူတို့ အပြန်အလှန် အမှီသဟဲပြုနေကြရသည်ကိုတော့ သူတို့အချင်းချင်း သာမက ရန်ကုန်မြို့၏ညနေခင်းက ကောင်းကောင်းနောကျေ သိနေလေပြီ။ ဤပလက်ဖောင်း ဈေးလေးသည် စူပါမားကက်ကြီးများကဲသို့ ဈေးနှုန်းတံဆိပ် ကပ်ပြီးသား ဈေးမဟုတ်။ သာမန်ဈေးဝယ် မ၀င်ရဲလောက် အောင်လည်း အရှန်အ၀ါ ကြီးကျယ်ခမ်းနားခြင်း မရှိ။ ၀ယ်သူနောက်မှ အလိုက်ကမ်းဆိုးမသိ တကောက်ကောက် ကပ်၍လိုက်နေတတ်သည့် အရောင်းဝန်ထမ်းမရှိ။ လေအေးပေးစက် မတတ်ဆင်ထားသော်ငြား သဘာဝကပေးသည့် အတိုင်း လေကို ရှူရှိုက်၍ ရွေးချယ်နိုင်သည်။ ကြိုက်သလောက် ဈေးဆစ်နိုင်သည်။ ဈေးတည့်လျှင် ၀ယ်၊ ဈေးမတည့်လျှင် ဖယ်ခဲ့၍ရသည်။ အိမ်အပြန်လမ်းတလျောက် ဈေးသည်များကလည်း စုံလှလေသည်။ ကျွန်မ၏မျက်ဝန်းက အခါခါ ဖြတ်လျှောက် နေကျ ဖြစ်သဇြင့် လမ်းတလျှောက် ဈေးသည်များနှင့် အသားတကျ မျက်မှန်းတမ်း ရင်းနှီးနေမိနေ သလို အမြဲခံစားရ၏။ စက်ရုံမှ အပယ်ခံ အရောင်အသွေးစုံ တီရှပ်များက သာမန်သူများအဖို့ အပြစ်အနာအဆာ မမြင်နိုင်အောင်ပင် စွဲဆောင်အား ကောင်းနေသည်။ အားပါးတရ အော်ဟစ်ရောင်းရင်း ဈေးဆွယ်နေယုံမျှနှင့် ၀ယ်ယူချင်စိတ်တွေ ဖြစ်လာနိုင်သည်။ တစ်ထည်တစ်ထောင်မျှသော ဈေးကလည်း ယနေ့ခေတ်တွင် ကွမ်းစားဆေးသောက်ကျ ပျောက်သလောက်ကို တန်နေလေ သည်။ လူအများစည်ကားနေသည့် အသားတုအကင်ဆိုင်များ၊ ဒင်းမ်းဆမ်းလှည်း၊ ကြာဇံကြော်နှင့် ၀က်သား တုတ်ထိုးဆိုင်၊ ပလာတာ၊ ကြက်ကြော်၊ အီကြာကွေး၊ ရှမ်းခေါက်ဆွဲဆိုင်များ ကြားထဲတွင် ထောပတ်ဘိန်းမုန့်၊ ပြောင်းဖူးပြုတ်၊ မုန့်ဟင်းခါး လက်သုပ်စုံဆိုင်များသာမက ရှားရှားပါးပါး မုန့်လင်မယားဆိုင်၊ မုန့်အုပ်ကလေး၊ မုန့်သိုင်းခြုံ၊ ခေါက်မုန့် စသည့် မြန်မာ့ရိုးရာအစားအစာဆိုင်လေးများလည်း ကြားညပ်၍ ကြိုကြားရှိနေသေးသဖြင့် ကျေနပ်စိတ် ဖြစ်ရသေး၏။ စာပေလွတ်လပ်ခွင့်တွေ ရလာပြီးနောက်ပိုင်း ဂျာနယ်အများအပြား ထွက်ရှိလာခဲ့သည်။ အပတ်စဉ်ထုတ် ဂျာနယ်များမှတဆင့် တိုင်းပြည်၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများကို သိလာနိုင်စေသဖြင့် ပလက်ဖောင်း ဈေးကွက်တွင် ဖတ်စရာ ဂျာနယ်ဆိုင်များ ယခင်ထက်ပိုမိုများလာခြင်းက တစ်ထောင်ဘိုးသုံးခွေ အပြာရောင်ဇာတ်ကား၊ အခန်းဆက်ရှည် ကိုရီးကားဇာတ်ကားများအား ဖောဖောသီသီ လွတ်လွတ်လပ်လပ်ဖြင့် ၀ယ်ယူနိုင်သည့် အခွေဆိုင်များ မှိုလိုပေါက်လာခြင်းထက် ပို၍ဘ၀င်ကျစရာ ကောင်းနေပေသည်ဟု ကျွန်မမြင်မိသည်။ သို့သော် ဂျာနယ်တစ်စောင် ၀ယ်ဖတ်မည့် ငွေကျပ်ငါးရာအစား၊ အင်တာနက်အသုံးပြုဖို့၊ မီးဖိုချောင်စရိတ်ထဲ ဖြည့်ဖို့၊ လမ်းစရိတ်ချန်ဖို့က ပိုအရေးကြီးနေ သည့် ကာလဖြစ်နေပြန်သည်။ ထို့ပြင် ပလက်ဖောင်း လက်ဖက်ရည်ဆိုင်များကဲ့သို့ ဘီယာဆိုင် ယဉ်ကျေးမှုက ပြောင်ပြောင်တင်းတင်းဖြင့်ပင် ပလက်ဖောင်းအထိ ဈေးကွက်ချဲ့၍ နေရာယူလာသောအခါ လမ်းသွားလမ်းလာ၊ ရုံးဆင်းရုံးတက် သမီးပျို၊ သားပျိုများအတွက် ရတက်မအေး ဖြစ်ရပြန်လေသည်။ စားသုတ်သုတ်၊ သွားသုတ်သုတ်၊ လာသုတ်သုတ်ဖြင့် သုတ်သုတ်ခေတ်ကြီးတွင် လူအများက နေ့ရက်များကို စက်ရုပ်ဆန်ဆန် နိစ္စဓူဝ ဖြတ်ကျော်နေရသည်ထက်စာလျှင် ဤသို့လိုက်လျောညီထွေ ထွက်ပေါက်လေးများ ရှိနေပေး စေခြင်းကလည်း သူတို့ အတွက် ခေတ်သစ် အပမ်းဖြေခြင်းတစ်မျိုးဟုပင် အမည်တပ်ရမည်လားမသိ။ အိမ်အပြန် လမ်းတလျှောက်က စိတ်ဝင်စားစရာ ဒင်းကြမ်းပြည့်။ ပလက်ဖောင်းတလျှောက် လူတွေ၊ ဆိုင်တွေဖြင့် ကြပ်နေသည်။ ထို့အတူ ဘတ်စ်ကားဂိတ်များတွင်လည်း ကားစောင့်သူများက လူပင်လယ်ပြင်ကြီးပမာ။ မှတ်တိုင်သို့ ကမူးရှူးထိုး ဆိုက်ရောက်လာသည့် ကားများကရော ဘာများထူးပါမည်နည်း။ ငါးပိသိပ်ငါးချဉ်သိပ် နေရာကြားအလပ်မရှိအောင် ခရီးသည်များ ထိုးသိပ်ထည့်လျှက်။ ဤသည်ကပင် အသားကျနေသည့် မြို့ပြ၏ပကတိ ပြယုဂ်များပင်။ ဟိုး..ယခင်တုန်းကလို တောင်းရမ်းစားသောက်သူများ ပပျောက်ရေးစီမံကိန်း လုပ်ခဲ့သည်ဟု ကြားဖူးခဲ့သည်။ လမ်းမတလျှောက် လူစည်ကားသည့် မှတ်တိုင်များ၊ ဆိုင်များတွင် တောင်းရမ်းသူများက အုံနှင့်ကျင်းနှင့်။
အရွယ်မရောက် သေးသည့်ကလေးများကို အရွယ်မရောက် တရောက်ကလေးများက ခါးထစ်ခွင်ချီရင်း လက်တို့၊ ခါးတို့ ချွဲပြစ်စကားလုံးများဖြင့် နှုတ်တိုက် ရွတ်ဆို တစာစာတောင်းရမ်းနေသည်ကို ရှောင်ရှားရသည်မှာလည်း ရှိရင်းစွဲ စေတနာ သဒ္ဓါတရားတို့ပင် ပါးလျလာစေသည်လားမသိ။ ဤသို့ မျက်ဝါးထင်ထင် တောင်းရမ်း စားသောက်နေသူများမှာ အခြေအနေမဲ့ ပလက်ဖောင်းလူတမ်းစားများတွင်သာမက အခြား မမြင်နိုင်သည့်၊ လက်လှမ်းမမှီနိုင်သည့် နေရာများတွင်လည်း ရှိနေနိုင်သည်ပဲဟု အတွေးပွားမိပြန်တော့ ကျွန်မ၏ဦးခေါင်းကို သွက်သွက်ခါယမ်းမိရပြန်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အိမ်အပြန် ပလက်ဖောင်းဈေးတွင် သာမန်လက်လုပ်လူတန်းစားများ၊ လမ်းလျှောက် ဘတ်စ်ကားစီးလူတန်းစားများအတွက် တိုလီမုတ်စစုံစီနဖာ အကုန်ရနိုင်သည်။ တနည်းဆိုရသော် ထိုသူတို့သည် ညနေခင်း၏ အလှပန်းချီကားချပ်ကို အရောင်အသွေး စိုပြေနေစေရန်၊ သက်ဝင်နေစေရန် ၀ိုင်းဝန်းအားဖြည့် အလှဆင်နေကြသူများ ဖြစ်၏။ ကျွန်မ၏ရုံး တည်ရှိရာ မြို့လည်လမ်းမကြီးမှာ အောက်ဘက်တွင် ရှိသဖြင့်၊ လမ်းမကြီးတလျှောက် အထက်ဘက်သို့ လမ်းသွယ်မှတဆင့် ကျွန်မ ဆန်တက်၍ လျှောက်ခဲ့သည်။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်အစုံအလင် ၀ယ်ယူရနိုင်သည့် ညနေဈေးလေးက ခင်ပွန်းသည်နှင့်အတူ ထုံးစံအတိုင်း ကျွန်မကို ဆီးကြို၍နေပါသည်။ ခင်ပွန်းသည်၏ အလုပ်က ဤဈေးလေးနားမှ လမ်းသွယ်ထဲတွင် တည်ရှိသည်။ ညနေခင်းတိုင်း ဈေးလေးထိပ်မှ သူက အမြဲစောင့်ကြိုနေ တတ်ပြီး နှစ်ဦးသား ညဈေးတွင် နောက်တစ်နေ့အတွက် ဟင်းလျာ အတူတူဝယ်ယူပြီးမှ အိမ်ပြန်နေကြဖြစ်၏။ ညနေဈေးလေးက မြို့လယ်ခေါင်နေရာတွင် တည်ရှိနေသဖြင့် ညနေရုံးဆင်းချိန် ဤနေရာရောက်လျှင် ကားလမ်းများ ကြပ်ညပ်ကုန်တတ်သည်။ သို့သော် ဤဈေးလေးကို အနီးအနားနေထိုင်သူများသာမက၊ အနီးတ၀ိုက် ရုံးများ၊မှ ၀န်ထမ်းများ အားထားကြရသည်။ အသား၊ ငါး လတ်ဆတ်သည်။ ဟင်းသီးဟင်းရွက်များ ဈေးချိုသည်။ ဘူတာသဘောင်္ဆိပ် နီးသဖြင့် တောသည်များ ကိုယ်တိုင်လာရောက် ရောင်းချသဖြင့် ရှားရှားပါးပါး ခြံထွက်စာလေးများ၊ ရာသီစာလေးများပါ ရရှိနိုင်လေသည်။ တစ်ခါတစ်ရံ ဤဈေးလေးအနီး ငါးကြင်းနိုင်းချင်း၊ ငရုပ်ကောင်းမှုန့်များများဖြင့် ပူပူလောလော ချက်ထားသည့် မုန့်ဟင်းခါးဆိုင်လေးတွင် ကျွန်မတို့လင်မယား အဆာပြေ၀င်စားဖြစ်သည်။ ဤဈေးလေးမှ နောက်တစ်နေ့အတွက် ဟင်းလျာများ ၀ယ်ခြမ်းပြီးချိန်တွင် ကျွန်မတို့နှစ်ယောက်၏ ခြေလှမ်းများက နောက်ထပ် တစ်ဆယ့်ငါးမိနစ်သာသာ လမ်းလျှောက်လျှင် ရောက်မည့် အိမ်သို့ ဦးတည်နိုင်လေပြီ။ အိမ်သို့ မရောက်ခင် နောက်ဆုံး ကျော်ဖြတ်ရမည့် ကုန်းတံတား၏ အောက်ဘက်တွင် လစဉ်ထွက် စာအုပ်များကို ရောင်းချသည့် စာအုပ်ဆိုင်ကြီးနှစ်ဆိုင် ဖွင့်လျှက်ရှိနေသေးသည်။ နောက်ထပ် နာရီဝက်မျှဆိုလျှင် ဆိုင်ပိတ်တော့မည်။ ဤဆိုင်ရှေ့ရောက်လျှင်ရောက်တိုင်း ကျွန်မတို့ နှစ်ယောက်သား မတိုင်ပင်ရပဲ ဆိုင်မပိတ်ခင်အချိန်လေးကို လု၍ ဆိုင်တွင်းသို့ ခြေဦးလှည့်မိကြ သည်။ အမျိုးမျိုးအထွေထွေဖြင့် နေ့စဉ်ထွက်လျှက်ရှိသည့် စာအုပ်များကို မျက်လုံး အရသာခံယုံမျှ။ ထို့ထက်ပိုလာ၍ စိတ်မထိမ်းနိုင်လျှင်တော့ အခြားတစ်နေရာရာမှာ အသုံးလျော့လိုက်ပြီး မ၀ယ်မနေ လောက်အောင် စွဲဆောင်မိသည့် စာအုပ်တစ်အုပ်အုပ်ကိုတော့ နှစ်ဦးသဘောတူညီ ချက်ဖြင့် ၀ယ်မိလိုက်စမြဲ ဖြစ်သည်။
စာအုပ်ဆိုင်မှအထွက်တွင် အိမ်ပြန်ချိန်ညနေခင်း၏ ဆည်းဆာက ပိုမို၍ ပီပြင်လာချေပြီ။ ကောင်းကင်ပြင်တွင် တိမ်အုပ်များက လေအသော့မှာ လွင့်မျောလို့နေ၏။ ကျွန်မတို့နှစ်ယောက်၏ ခြေလှမ်းများက ကုန်းတံတားသို့ စတင်တက်ရန် အားယူလိုက်လေသည်။ ခင်ပွန်းသည်က ကျွန်မထံမှ လေးလံစေမည့် ၀န်စည်စလည်မှန်သမျှ သူ့လက်ထဲသို့ လွှဲပြောင်းယူလိုက်လေသည်။ ကျွန်မတွင် ပုခုံးမှာ လွယ်ထားသည့် အိတ်မှလွဲ၍ တခြားလေးလံစရာ ဘာမျှမရှိ။ မရှိဆို ဤကုန်းကျော်တံတားသို့ စတက်မည်ဆိုသည့်အခါတိုင်း ကျွန်မ၏စိတ်များက ပေါ့ပါးလွတ်လပ်မှု၏ လွှမ်းခြုံခြင်းကို အမြဲတစေခံစားရ၏။ ချွေးများဖြင့် နှစ်ယောက်သား၏ ကျောပြင်တွင် စိုရွှဲနေလေသော်လည်း ဤကုန်းတံတားကို လက်ချင်း တင်းတင်းဆုတ်အားယူ၍တက်တိုင်း အမည်မဖော်နိုင်သည့် မျှော်လင့်ချက်ဆိုသည်က စိတ်ထဲ အမှတ်မထင် ပါးပါးလှပ်လှပ်လေး ခိုဝင်လာတတ်သည်။
အသက်ကို မှန်မှန်ရှူရှိုက်ရင်း ကုန်းပေါ်သို့ ခြေလှမ်းမှန်မှန်ဖြင့် လှမ်းတစ်လှမ်းချင်း တက်ခဲ့သည်။ ကုန်းတက်ဆိုသည်မျိုးက ရောက်ချင်ဇောကပ်၍ ဇွတ်အားထည့်ကာ အရှိန်အဟုန်ဖြင့်တက်လျှင် ကုန်းပေါ် မရောက်ခင် အမောဆို့တတ်သည်မျိုး။ ထို့အတူ မျက်နှာရှေ့တူရှူမှ ဆင်းလာသည့် သူများကို လမ်းနေရာရအောင် မိမိကိုယ်ခန္ဓာ အသာယို့၍ နေရာဖယ်ပေးရသည်မှာလည်း မဖြစ်မနေ လုပ်ဆောင်ပေးသင့်သည်ပဲ လူ့ဝတ္တရားတစ်ရပ်ပင် မဟုတ်ပေလား။
ကုန်းအတက် ကျွန်မတို့နောက်မှာ ကျန်ခဲ့သူကို ပြန်ငဲ့ကြည့်ပြန်တော့ ထိုသူ၏ ကျောတွင် ကျောပိုးအိတ်ကြီး တစ်လုံးကို လွယ်ထားလျှက်က ကုန်းပေါ်သို့ တစ်ဦးတည်း ဖြည်းဖြည်းမှန်မှန် တက်နေသည်ကို တွေ့ရ၏။ ဟင်းလျာအထုတ်အပိုးများ ဆွဲလျှက် နဘေးမှ ထပ်ချပ်မကွာပါလာသူ ခင်ပွန်းသည်ကို ငဲ့ကြည့်မိသည်။ ကိုယ်တိုင် တစ်ဦးတည်းသာ ၀န်စည်စလည် များဖြင့် ဤကုန်းပေါ်တက်ရလျှင် အမောများဆို့နေမလားမသိဟု ကျွန်မ တွေးမိပြန်၏။
ကုန်းအတက်တွင် မျက်နှာပြင်ပေါ် တိုးဝှေလာသည့် လေပြည်နုအေး၏ အရသာကို ခံယူရသည်လောက် နှစ်ခြိုက်ဖွယ် ကောင်းသည်မရှိ။ ကုန်းထိပ်ကို ရောက်ကာနီးလေလေ၊ ကုန်းပေါ် စတက်ချိန် အဝေးမှ မှုန်ပြပြအရာများအားလုံး မြင်ကွင်းတွင် ပီပီသသ ထင်ရှားလို့ လာခဲ့သည်။ ကျွန်မနဘေးတွင်မတော့ ကျွန်မ၏လက်ဖ၀ါးကို တင်းတင်းဆုတ်ကိုင်ထားပြီး ကုန်းပေါ်အရောက် အားဖြည့်တွဲ ခေါ်လာသည့် ခင်ပွန်းသည်။
ဤကုန်းတံတားသည် မြို့နယ်နှစ်ခုကို ပေါင်းကူးပေးထားသည်။ ဟိုးယခင် ဆယ်စုနှစ်နှစ်ခုစာ လောက်က ဤကုန်းတံတားနေရာတွင် လမ်းဟောင်းတစ်ခု ရှိခဲ့ဖူးသည်။ ဟိုဘက်မြို့နယ်မှ သည်ဘက်မြို့နယ်သို့ ကူးလိုလျှင် ဘူတာရုံ၏စင်္ကြံတံတားမှတဆင့် ကျွန်မတို့ကူးဖြစ်ခဲ့သည်။ ထိုစဉ်ကာလက ညအချိန် ရှစ်နာရီသာသာလောက်ဆိုလျှင် ဤနေရာတွင် လူခြေပြတ်ချင်သည်။ ယခုမူ ညဆယ်နာရီအချိန်တွင်ပင် ခေတ်မှီမီးတိုင်များ၊ နီယွန်ဆိုင်းဘုတ်ကြီးများဖြင့် ထိန်ထိန်ညီးလျှက် ချစ်သူစုံတွဲများ၊ လမ်းလျှောက်သူများ၊ ဘူတာဆင်းသူများဖြင့် စည်ကား၍နေချေပြီ။ 
အိပ်တမ်းတက် ကျေးငှက်များ၏ ကျီကျီကျာကျာ မြည်ကျူးသံများက အိမ်ပြန်ချိန်အတွက် လောကကြီး၏ သဘာဝကျကျ အချက်ပေးသံပင်။ ဆည်းဆာရောင်ရင့်ရင့်သည် အမှောင်ဘက်သို့ ကူးချင်လာသည်။ ဆည်းဆာကုန်လျှင် ညဥ့်ရောက်ပေဦးမည်။ တဖန် ညဥ့်ဦးကိုလွန်မြောက်သော် အရုဏ်သစ်ကို ကြိုဆိုရပေဦးမည်။ ထိုမှတဖန် တစ်နေ့တာကို ဖြတ်ကျော်လျှက် ဆည်းဆာသို့ တဖန် ပြန်ဆုံတွေ့ရမည်မှာ လောက၏ ဓမ္မတာပင် ဖြစ်လေသည်။ လှပသည့် ဆည်းဆာ၏ ညနေချမ်းများစွာကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အကြိမ်ကြိမ် အခါခါ ကျော်ဖြတ်နိုင်ခွင့် ရပါစေကြောင်း ပုထုဇဉ်ပီပီ ကျွန်မ၏အတ္တက ဆုတောင်းနေမိပါသည်။
(၂၀၁၃၊ မေလ၊ ရနံ့သစ်မဂ္ဂဇင်းတွင် ဖော်ပြခြင်းခံခဲ့ရသည့် ရသစာတမ်း။)
ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျကြပါစေ။
**မြသွေးနီ**





No comments:
Post a Comment