ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 19, 2013

-ခိုနားခွင့်ပေးပါ-

>
 (၁)
တိတ်ဆိတ်သောညည့်ယံမှာ ထွက်ပေါ်လာသည့် စားပွဲတင်နာရီလက်တံ၏ ရွေ့လျားသံကို သတိပြုမိတော့မှ နွယ် ရေးလက်စအစီရင်ခံစာကို အစအဆုံးတစ်ခေါက်ပြန်ဖတ်ကြည့်ပြီး မျက်လုံးကို အနားပေးလိုက်သည်။ ဒီနေ့ညတော့ အပြီးသတ်နိုင်မည် မထင်တော့။ မနက်ဖြန်ည ဆေးရုံကပြန်လာမှ လိုအပ်နေသေးသည့် ကိန်းဂဏန်းများကို ထပ်မံဖြည့်စွက်ပြီး အချောသတ်ဖို့ ဆုံးဖြတ်လိုက်သည်။ မနက်ဖြန်အကြောင်း စဉ်းစားမိတော့ ရင်က အလိုလိုပူလာသည်နှင့် တပြိုင်နက် နွယ့် မျက်စိထဲမှာ သေးငယ်ကြုံလှီသော ခန္ဓာကိုယ်နှင့်လက်ချောင်းများကို ပိုင်ဆိုင်ထားသော ကလေးငယ်တစ်ယောက်ကို မြင်ယောင်လာသည်။ တတ်သည့်ပညာ မနေသာသော နွယ် ကြောင့် ကလေးငယ်၏ ကျန်းမာရေးအခြေအနေကို မမျှော်လင့်ဘဲ သိလိုက်ရခြင်းဖြစ်သည်။ တကယ်လို့များ နွယ်သည် ဂျွန်နှင့်စိမ်းတို့နှင့် မသိကျွမ်းခဲ့လျှင်၊ ဒါမှမဟုတ် ဂျွန်က နွယ့်ကို အားကိုတကြီး မေးမြန်းကူညီပါရန် မတောင်းဆိုခဲ့လျှင် ထိုကလေးနှင့် နွယ်သည် ဆက်စပ်ပတ်သက်စရာအကြောင်း ရှိလာမည်မဟုတ်။ ထို့ထက်ပို၍ ကလေးငယ်၏ အဆင်ပြေစွာ နားခိုရာနေရာလေးမှာ ရုတ်တရက် ပျောက်ပျက်စရာ အကြောင်းလည်း ရှိလာမည်မဟုတ်။ အကယ်၍များ မနက်ဖြန် နွယ် လုပ်ဆောင်ရမည့် ကိစ္စအ၀၀တို့ အဆင်မပြေဖြစ်ခဲ့လျှင်…. နွယ် ဆက်မတွေးရဲတော့။ ကလေးငယ်နှင့် စတင်တွေ့ခဲ့သော ထိုနေ့က အဖြစ်အပျက်တို့သည် နွယ့်အတွေးထဲ တစ်ဖန်ပြန်ရောက်လာခဲ့သည်။ ဒီညလည်း နွယ် တော်တော်နှင့် အိပ်ပျော်နိုင်မည် မထင်။

 (၂)
“ဟယ်လို…. နွယ်လား၊ ဂျွန်ပါ။ နွယ့်ကို အကူအညီတစ်ခု တောင်းချင်လို့။ ကိုယ်အခု လုပ်အားပေးအင်္ဂလိပ်စာသင်နေတဲ့ ဘုန်းကြီးကျောင်းက ကိုရင်လေးတစ်ယောက်ကို မျက်မှန်လုပ်ပေးချင်လို့၊ အဲဒါ… မျက်မှန်လုပ်ရမယ့်ဆိုင်နဲ့ ကျသင့်ငွေတစ်ချက်လောက် ပြောပြပေးလို့ ရမလား။” တစ်ဖက်သားကို နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်တိုင်ကိုယ်ကျဖြစ်စေ အမြဲကူညီလိုစိတ်ရှိသော၊ အကူအညီပေးတတ်သော နွယ်က မဆိုင်းမတွ ပြန်ဖြေသည်။ “မျက်မှန်ကတော့ လုပ်တဲ့ကိုင်းအမျိုးအစားပေါ်မူတည်ပြီး ဈေးအစားစားရှိတယ် ဂျွန်။ ဂျွန်တို့ ဘတ်ဂျက်အတိုင်းအတာနဲ့ ကြည့်ပြီး လုပ်ပေးလိုက်လေ။ ဆိုင်တွေလည်း အများကြီးရှိတယ်။ ဂျွန်တို့ ကိုယ့်ဖာသာကိုယ်သွားမယ်ဆိုရင် ဘယ်ဆိုင်မှာ လုပ်ရမှန်း သိမှာမဟုတ်ဘူး။ ဒီတော့ နွယ်တို့အိမ်ကလုပ်နေကျ မျက်မှန်ဆိုင်ကို လိုက်ပို့ပေးမယ်။ မျက်စိစစ်ဖို့ ကလေးပါ ခေါ်လာခဲ့လေ” “နွယ် လိုက်ပို့ပေးမယ်ဆို သိပ်အဆင်ပြေတာပေါ့။ ဒါဆို ဒီစနေမှာ ကိုယ်နဲ့စိမ်း ကိုရင်လေးကိုခေါ်ပြီး မြို့ထဲကို လာခဲ့မယ်” ဟု ဂျွန်က ၀မ်းသာအားရ ပြန်ပြောသည်။ တကယ်တော့ ဂျွန်နှင့်စိမ်းက မြန်မာနိုင်ငံမှာ တစ်လခွဲခန့် လာရောက်နေထိုင်ကြသော နိုင်ငံခြားသားများဖြစ်ကြသည်မို့ ယခုလို မျက်မှန်ဆိုင်ရှာဖွေသော ကိစ္စမျိုးမှာ နွယ်ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့နိုင်လျှင် သူတို့အတွက်ရော၊ ကလေးအတွက်ပါ ပိုအဆင်ပြေမည်မှန်း နွယ် ခန့်မှန်းမိသောကြောင့် ကူညီပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ပရဟိတစိတ် ထက်သန်သော ဂျွန်က ရောက်လေရာမှာ သူတတ်နိုင်သည့် နည်းလမ်းဖြင့် လုပ်အားပေးတတ်သူဖြစ်ရာ ရန်ကုန်ရောက်ခိုက် ဘုန်းတော်ကြီးသင်ကျောင်းတစ်ခုမှာ အင်္ဂလိပ်စာသွားသင်ပေးနေခြင်းဖြစ်သည်။ သူသင်ပေးရသည့် ကျောင်းသားကိုရင်အများကြီးထဲကမှ မျက်နှာနှင့် စာအုပ်ကို တအားနီးကပ်ပြီးကြည့်မှ ဖတ်ရ၊မြင်ရသော အသက်ကိုးနှစ်အရွယ်ခန့်ရှိသော ကိုရင်ပိန်ပိန်လေးတစ်ယောက်ကို ဂျွန်သတိပြု ကရုဏာသက်မိသွားခြင်းဖြစ်သည်။ ထိုကိုရင်လေးအကြောင်း ဂျွန်စိတ်ဝင်တစား စုံစမ်းမေးမြန်းကြည့်သေးသည်ဟု နွယ့်ကို ပြောသည်။ တကယ်တော့ ထိုဘုန်းကြီးကျောင်းမှ ကိုရင်လေးများ အားလုံးလိုလိုမှာ မိဘမဲ့ကလေးများ ဖြစ်ကြပြီး၊ အချို့မှာ မိဘများကိုပင် မမှတ်မိ၊ မသိကြသော အရွယ်ကပင် ဘုန်းကြီးကျောင်းသို့ ရောက်နေခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က ပြောပြသည်ဟုဆိုသည်။ ချိန်းဆိုထားသော စနေနေ့ရောက်တော့ ဂျွန်၊ စိမ်း၊ နွယ် နှင့် ကိုရင်လေးတို့ မျက်မှန်ဆိုင်ကို အတူသွား၍ မျက်စိဆရာဝန်နှင့် စမ်းသပ်စစ်ဆေးပြီး၊ ဂျွန်က မျက်မှန်နှစ်လက် လုပ်ပေးကာ လှူလိုက်သည်။ နွယ်က ကိုရင်လေး၏ဘွဲ့အမည်ကို မေးမြန်းကြည့်တော့ ရှင်ဝိဇယ ဟုသိရသည်။ “ဂျွန်… ကိုရင်လေးက သိပ်ပိန်တာပဲ၊ သူ့ကျန်းမာရေး ပုံမှန်မှဟုတ်ရဲ့လားမသိဘူး။ ဆေးခန်းပြပြီး ဆေးစစ်ကြည့်လိုက်ရင် ကောင်းမယ်” ဟု နွယ်က အကြံပြုလိုက်သည်။ နွယ်၏ဦးဆောင်မှုဖြင့် ရှင်ဝိဇယလေးကို ပုဂ္ဂလိက ဆေးခန်းတစ်ခုမှာ သွားရောက်စစ်ဆေးပေးကြသည်။ သူ့မှာအဆုတ်ရောဂါများရှိနေလား မသိဘူးနော်ဟု စိမ်းက ထင်ကြေးပေးသည်။ နွယ်က တွေးတွေးဆဆဖြင့် တို့ကတော့ အိတ်ခ်ျအိုင်ဗွီလို့ ထင်တယ်။ ဂျွန်နှင့်စိမ်းတို့နှစ်ယောက်လုံး အံ့သြတကြီးဖြင့် နွယ့်ကို လှမ်းကြည့်ကြသည်။ သွေးစစ်ထားသည့် အဖြေရလာသောအခါ နွယ်ထင်မှတ်ထားသလိုပင် ကိုရင်လေးမှာ အိတ်ခ်ျအိုင်ဗွီပေါ့စတစ်ဗ်ဖြစ်နေကြောင်း စိတ်မကောင်းစွာ သိလိုက်ရသည်။ ဂျွန်နှင့်စိမ်းတို့လည်း ထိုသတင်းကိုကြားပြီး ရှင်ဝိဇယလေးအတွက် အကြီးအကျယ် စိတ်ထိခိုက်သွားကြသည်။ ကလေးငယ်အပေါ် သံယောဇဉ်တွယ်နေပြီဖြစ်သော ဂျွန်က “နွယ်… ဒီကလေးအတွက် ကိုယ်တို့တတ်နိုင်သလောက် အထောက်အပံ့ ပေးချင်တယ်။ ကိုယ်တို့ပြန်သွားရင်လည်း ဟိုကနေ သူ့အတွက်လှမ်းပြီး လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး စရိတ်တွေ လှမ်းပို့ပေးမယ်။ အဲ့ဒီအတွက် နွယ် အကူအညီပေးနိုင်တယ် မဟုတ်လားဟင်” “အဲ့ဒီအတွက်တော့ ရပါတယ် ဂျွန်၊ တစ်ခုပဲ လောလောဆယ်… သူနေတဲ့ ဘုန်းကြီးကျောင်းကို အသိပေးအကြောင်းကြားရတော့မယ်။ ဒါမှ သူနဲ့အတူနေတဲ့ တခြားကိုရင်လေးတွေကို ကူးစက်ပျံ့ပွားမှု မဖြစ်ရအောင်”

 (၃)
 နွယ်က ဘုန်းကြီးကျောင်းသွား၍ ကျောင်းထိုင်ဆရာတော်နှင့် တွေ့ဆုံပြီး ကိုရင်လေး၏ နောက်ကြောင်းကို ထပ်မံသေချာအောင် မေးမြန်းစုံစမ်းရသည်။ ဆရာတော်အမိန့်ရှိသလောက် နွယ်သိရသည်မှာ ရှင်ဝိဇယ၏ အမည်ရင်းမှာ မောင်ဝင်းအောင်ဖြစ်ကြောင်း၊ သူ့မိခင်ရင်းမှာ ကွယ်လွန်သွားပြီး မိထွေးနှင့်အတူ လမ်းပေါ်မှာ တောင်းရမ်းစားသောက်ခဲ့ရကြောင်း၊ သူ့ဖခင်မှာ ကျန်းမာရေးမကောင်းဘဲ အိပ်ရာထဲလဲနေသည့်အတွက် မိထွေးဖြစ်သူကလည်း ကလေးကို တာဝန်မယူချင်တော့ကြောင်း၊ သူနှင့်ဆုံးသွားပြီဖြစ်သောသူ့ညီလေးကို ဆရာတော်က လမ်းပေါ်မှာတွေ့မြင်ခဲ့ရသည်မှစ၍ နောက်ဆုံးကျောင်းကိုခေါ်လာပြီး ကိုရင်ဝတ်ပေးကာ ကြည့်ရှုစောင့်ရှောက်ထားကြောင်းတို့ဖြစ်သည်။ ဆရာတော်ပြောပြသည်အရဆိုလျှင် ကလေး၏ ရောဂါလက်ခံရရှိပုံမှာ သူ့မိဘများမှဖြစ်ကြောင်း နွယ် ကောက်ချက်ချလိုက်နိုင်သည်။ နွယ်က ရှင်ဝိဇယလေးမှာ အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိနေကြောင်း ဆရာတော့်ကို အသိပေးလျှောက်ထားလိုက်သည်မှစ၍ ကိုရင်လေး၏ လုံခြုံနွေးထွေးနေသော အသိုက်မြုံမှာ ရုတ်တရက် ပျောက်ပျက်မည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွားတော့သည်။ နွယ်၏ အသိပေးအကြောင်းကြားမှုကို လွန်စွာ ကျေးဇူးတင်ရှိပါကြောင်း၊ သို့သော်... အခြားအခြားသော ကျောင်းရှိ ကလေးငယ်များ၊ ကိုရင်ငယ်များ၏ ကျန်းမာရေးလုံခြုံမှုအတွက် ရှင်ဝိဇယကို ကျောင်းမှာဆက်၍လက်သင့်ခံခြင်း မဖြစ်နိုင်တော့ကြောင်း၊ ကိုရင်လေးအတွက် နွယ်မှ အသင့်တော်ဆုံးနေရာကို အမြန်ဆုံးရှာဖွေပေးစေလိုကြောင်း ဆရာတော်ကလည်း ပွင့်ပွင့်လင်းလင်း ပြန်အမိန့်ရှိလာသောကြောင့် ဖြစ်သည်။
(၄)
ထိုနေ့ဘုန်းကြီးကျောင်းမှ ပြန်လာပြီးကတည်းက နွယ့်ရင်ထဲ လေးလံနေသည်။ သူ့ဟာသူဘုန်းကြီးကျောင်းမှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေနေတာ အကောင်းသား၊ ငါရှည်ပြီး ဆေးစစ်ပေးမိလို့ ရောဂါရှိကြောင်း သိလိုက်ရတာ။ အခုငါ့ကြောင့် သူ့မှာ ခိုနားစရာရိပ်မြုံလေး ပျောက်ရရှာပြီ။ နွယ်စိတ်မကောင်းခြင်းကြီးစွာဖြင့် ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။ ကလေးအတွက် နေရာလေးတစ်ခု ပြန်ရဖို့ နွယ် အတတ်နိုင်ဆုံး ကြိုးစားရတော့မည်။ နွယ် လက်လှမ်းမှီသမျှ၊ ကြားဖူးထားသမျှ ကလေးစောင့်ရှောက်ရေးဂေဟာတွေကို မေးမြန်းစုံစမ်းကြည့်သော်လည်း တကယ်တမ်း ကလေးတစ်ယောက် လက်ခံဖို့အရေးမှာ လက်တွေ့တွင် အခက်အခဲတွေ အများကြီးရှိနေကြောင်း သိလိုက်ရသည်။ ဒါတောင် နွယ်က ကျန်းမာရေးလောကနှင့် တိုက်ရိုက်ပတ်သက်ဆက်ဆံနေသူတစ်ယောက်။ ကလေးအား ဆိုင်ရာဂေဟာသို့ ပို့ပေးရန် သက်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းဌာနတစ်ခု၏ ထောက်ခံချက်၊ ဆေးစစ်မှတ်တမ်း၊ အခြားလိုအပ်သည့် ကျန်းမာရေးစာရွက်စာတမ်းတို့နှင့်အတူ ကလေးကိုယ်တိုင် အသိအမှတ်ပြုလက်ခံထားသည့် ကလေး၏အုပ်ထိန်းသူတစ်ယောက်လည်း ပါဝင်ရန် လိုအပ်သည်။ ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ဂေဟာကို တိုက်ရိုက်အပ်နှံခွင့် ခက်ခဲနေသည်ဖြစ်ရာ နွယ်တစ်ယောက် ခေါင်းခဲသွားတော့သည်။ ရှင်ဝိဇယလေးအတွက် ခိုနားရာနေရာလေးတစ်ခု မရမချင်း နွယ်တစ်ယောက် ရတက်မအေးနိုင်တော့။
နိုင်ငံရပ်ခြားမှာ ရောက်ရှိနေသူ နွယ့်ခင်ပွန်းလောင်း ကိုမျိုးနှင့် ခါတိုင်းလို ရွှင်ရွှင်ပျပျ ဖုန်းမပြောနိုင်သည့်အတွက် ကိုမျိုးက “နွယ်… ဘာတွေဖြစ်နေတာလဲ၊ ဘာတွေ အလုပ်များနေပြန်တာလဲ” ဟုမေးသည်ကို “ဒီလိုပါပဲ… လူနာတစ်ယောက်ရဲ့ အခက်အခဲတစ်ခု လိုက်ဖြေရှင်းနေရလို့ပါ” ဟုသာ ပြောဖြစ်ခဲ့သည်။ ကိုမျိုးက နွယ့်လိုပရဟိတစိတ် ထက်သန်သူမဟုတ်သောကြောင့် နွယ် သူများကိစ္စနှင့် မအားမလပ်ဖြစ်ပြီး စိတ်သောကရောက်နေကြောင်းကြားရလျှင် နွယ်တစ်ယောက်ကတော့ လုပ်ပြန်ပြီကွာဟု ပြောမှာစိုး၍ အသေးစိတ် မပြောပြဖြစ်ခဲ့။

 (၅)
 ကိုရင်လေးအတွက် နေရာအသည်းအသန် စတင်ရှာဖွေသည့်နေ့မှ သုံးရက်မြောက်နေ့တွင် ကံကောင်းထောက်မစွာဖြင့် အန်ဂျီအိုအဖွဲ့တစ်ခုမှာ တာဝန်ထမ်းဆောင်နေသည့် သူငယ်ချင်းတစ်ဦးနှင့် ဖုန်းပြောမိသည်။ ထိုသူငယ်ချင်းက နယ်ရုံးခွဲတစ်ခုကနေ ရန်ကုန်သို့ ပြန်ပြောင်းရွှေ့လာတာ သိပ်မကြာသေး။ နွယ်ပြောပြသည့် ကိုရင်လေးအကြောင်းကို နားထောင်ပြီး ဂေဟာသို့ အပ်နှံရန် လိုအပ်သည့် ကိစ္စအ၀၀ကို သူတို့အဖွဲ့အစည်း၏လက်အောက်မှနေ၍ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ကလေးကို သူတို့နှင့်သက်ဆိုင်ရာဆေးခန်းမှာ ထပ်မံဆေးစစ်ဖို့ လိုအပ်ကြောင်း၊ ကလေး၏ရှေ့ရေးအတွက် ကိုယ်စားဆုံးဖြတ်ပေးနိုင်ရန် အုပ်ထိန်းသူတစ်ယောက်ကို ရွေးချယ်ရန်အတွက် အင်တာဗျူးလည်း ၀င်ရမည်ဖြစ်ကြောင်း နွယ့်ကို ပြောပြတော့ အတန်ငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

 (၆)
 ညက အတွေးတွေများပြီး တော်တော်နှင့် အိပ်မပျော်ခဲ့သော နွယ်တစ်ယောက် ကြီးကြီးမြလာပြီး လှုပ်နှိုးမှပင် နိုးသွားတော့သည်။ ဒီနေ့ နွယ်၊ ကိုရင်လေးနှင့် လျာထားအုပ်ထိန်းသူအဖြစ် ဘုန်းတော်ကြီးသင်ကျောင်းက ဆရာမတစ်ဦး ဆေးခန်းသွားကြရမည်။ ဆေးစစ်ချက်၊ မှတ်တမ်းနှင့် လိုအပ်သောစာရွက်စာတမ်းများ ဖြည့်အပြီးမှာ ရှင်ဝိဇယအား အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက နာရီဝက်ခန့် အမေးအဖြေ ပြုလုပ်သည်။ နွယ်က သူငယ်ချင်းဖြစ်သူအား… “ဟင်… ကိုယ်တို့ကို ဗျူးမှာ မဟုတ်ဘူးလား” “မဟုတ်ဘူး…နွယ်၊ အဓိက ကလေးကို မေးတာ၊ ကလေးရဲ့ဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ အုပ်ထိန်းသူကို ရပြီးမှ သူတို့ခေါ်တွေ့လိမ့်မယ်။” ကိုရင်လေးက အုပ်ထိန်းသူအဖြစ်ရွေးချယ်လိုက်သူမှာ နွယ် ဖြစ်ကြောင်း ကြားရတော့ အံ့သြသွားမိသည်။ တကယ်ဆို ရှင်ဝိဇယလေးနဲ့ နွယ် သိတာမှ ရက်ပိုင်းပဲ ရှိသေးသည်။ ဂျွန်နှင့်ကမှ နွယ့်ထက်ပိုပြီး ရင်းနှီးလိုက်သေးသည်။ ထို့ထက်ပို၍ ဆရာမလေးနှင့် ကိုရင်လေး ရင်းနှီးသိကျွမ်းမှုက လပေါင်းများစွာ။ နွယ့်စိတ်ထဲ ကျောင်းကဆရာမကိုသာ သူရွေးချယ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ ခုတော့ ကလေးက အင်တာဗျူးမှာ သူယုံကြည်စိတ်ချရသူမှာ ဆရာမနွယ်နွယ်တင်ဖြစ်ကြောင်း အခိုင်အမာပြောခဲ့သည်တဲ့။ ဒီလိုနှင့် နွယ်တစ်ယောက် နေ့ချင်းညချင်း ရှင်ဝိဇယခေါ် မောင်ဝင်းအောင်၏ အုပ်ထိန်းသူဖြစ်သွားတော့သည်။ နွယ်က လိုအပ်သည့်စာရွက်စာတမ်းများပေါ်မှာ ဆိုင်းထိုးပေးပြီး ကလေးကို ဂေဟာသို့ ပို့ခွင့်ရက်ကျလာသည့်အခါ လူထွက်စေပြီး သုခရိပ်မြုံသို့ သွားရောက်ပို့ဆောင်ပေးပြီးမှပင် နွယ့်ရင်ထဲက စိုးရိမ်သောကပူပန်မှုများ ပျောက်ဆုံးသွားတော့သည်။

 (၇) 
ဂျွန်နှင့်စိမ်းတို့မှာ မောင်ဝင်းအောင် သုခရိပ်မြုံသို့ မပြောင်းရွှေ့မီကပင် သူတို့ဌာနေကို ပြန်သွားကြပြီဖြစ်၍ ကလေးငယ်၏ အခြေအနေကို အီးမေးလ်ပို့ကာ မပြတ်အကြောင်းကြားပါရန် တောင်းဆိုသွားကြသည်။ သူတို့တောင်းဆိုသည့်အတိုင်းလည်း နွယ် အကြောင်းကြားခဲ့သည်။ တကယ်တော့ နွယ်ကိုယ်တိုင်လည်း နိုင်ငံရပ်ခြားသို့သွားကာ ဘွဲ့လွန်စာမေးပွဲတစ်ခု ထွက်ဖြေရန်ရှိသည်။ ပြီးလျှင် ကိုမျိုးနှင့်လက်ထပ်ပြီး သျှောင်နောက်ဆံထုံးပါ ဟိုမှာပဲ အချိန်ကာလတစ်ခုကြာ နေဖြစ်ချင် နေဖြစ်သွားလိမ့်မည်။ မောင်ဝင်းအောင်လေး အသက်ရှင်နေသရွေ့ သူ၏အုပ်ထိန်းသူအဖြစ် နွယ် ရှိနေပေးရမည်မှာ သေချာသည်။ အခုလောလောဆယ်တော့ မောင်ဝင်းအောင်တစ်ယောက် သုခရိပ်မြုံမှာ သူ့လိုဘ၀တူ ကလေးငယ်များနှင့် ပျော်ရွှင်စွာ ပညာသင်ကြားနေပြီမို့ နွယ် စိတ်အေးသွားရသည်။ 

(၈)
 နောက်သုံးလအကြာ နွယ် နိုင်ငံခြားမထွက်ခင် တစ်ရက်အလိုမှာ သုခရိပ်မြုံကိုသွားပြီး မောင်ဝင်းအောင်နှင့် တွေ့ဆုံခဲ့သည်။ နွယ်နှင့်အတူ ဘုန်းတော်ကြီးသင်ကျောင်းက ဘုန်းကြီးနှင့် ဆရာမလေးလည်း လိုက်တွေ့ကြသည်။ ရိပ်မြုံမှ ဆရာမလေးက သား… သူတို့ဘယ်သူတွေလည်း မှတ်မိလားဟုမေးတော့၊ ကလေးငယ်က နွယ့်ကို ဆရာမဒေါက်တာနွယ်နွယ်တင်ဟု လက်ညှိုးထိုးပြောပြီး ကျန်သူများကိုတော့ မမှတ်မိဘူးဟု ပြန်ဖြေ၍ နွယ့်မှာ အံ့သြ၀မ်းသာရသေးသည်။ ကလေးအတွက် ကျောင်းစိမ်းအင်္ကျီနှင့်ဘောင်းဘီ ငါးစုံဆယ်ထည်၊ စာအုပ်၊ ဘောပင်၊ စောင်၊ အိပ်ရာခင်း၊ ခေါင်းအုံး၊ အရုပ်များ လိုလေးသေးမရှိ နွယ်ဝယ်ပြီး ပေးခဲ့သည်။ နွယ် မရှိခိုက် လိုအပ်သည်များ မှာကြားရန် နွယ့်အိမ်၏ ဖုန်းနံပါတ်ကိုလည်း ပေးခဲ့သည်။ “သား ဆရာမကို တစ်ခုခုမှာချင်ပြောချင်တဲ့အခါ ဒီဖုန်းနံပါတ်ကို ဆက်လိုက်နော်။ သားပြောတာတွေ ဆရာမအိမ်ကတစ်ဆင့် ဆရာမကို လှမ်းအကြောင်းကြားပေးလိမ့်မယ်။ တကယ်လို့ တစ်ခုခုအရေးတကြီး လိုတာရှိရင်လည်း အိမ်ကို လှမ်းပြောလို့ရတယ်နော်။” မောင်ဝင်းအောင်က မျက်မှန်အောက်က မျက်ဝန်းမှာ မျက်ရည်တို့ ရစ်ဝဲလျက် ခေါင်းညိတ်ပြသည်။ နွယ်က အားလုံးကိုနှုတ်ဆက်ပြီး ပြန်ထွက်ခါနီးမှာ “ဆရာမနွယ်နွယ်ရေ… မောင်ဝင်းအောင်လေးက အရမ်းမှတ်ဉာဏ်ကောင်းတယ်၊ စာလည်းတော်တယ်” ဟု ရိပ်မြုံက ဆရာမလေးက ပြောတော့ နွယ့်မှာကြည်နူးရသည်။ ဂျွန့်ဆီမှလည်း ကိုရင်လေးက bright ဖြစ်တယ်ဟူသော မှတ်ချက်ပေးဖူးသည်ကို ပြန်အမှတ်ရသည်။ နွယ်နှင့် ကလေးငယ်တွေ့ဆုံမှုသည် ရေစက်ကြောင့်ပဲလို့ ပြောရမလား၊ နွယ့်ကြောင့် သူ့ခမျာ အသိုက်မြုံပျောက်ခါနီး ဖြစ်ရသေးသည်။ ခုတော့လည်း သူ့အတွက် အေးချမ်းစွာ ခိုနားရာနေရာလေးတစ်ခု ရှာတွေ့ခဲ့ပြီ။ နွယ် ကောင်းကင်ကို အမှတ်မထင် လှမ်းမော့ကြည့်လိုက်တော့ ငှက်တစ်အုပ် ပျံသန်းသွားကြသည်။ အသိုက်မဲ့ငှက်လေးတွေ မဖြစ်ကြပါစေနဲ့ဟု နွယ် ဆုတောင်းမိသည်။ သာမန်မိဘမဲ့ကလေးတစ်ယောက်ထက် ကူးစက်ရောဂါဝေဒနာ ခံစားနေရသော ခိုကိုးရာမဲ့ကလေးတစ်ယောက်အတွက် နားခိုရာ နေရာလေးတစ်ခုရရှိဖို့ရာ မည်မျှခက်ခဲကြောင်း နွယ်သဘောပေါက်ခဲ့ရသည်။ ကလေးအသက် မည်မျှရှည်သည်ဖြစ်စေ၊ သူ့အသက်ရှင်ခွင့်ရသော အခိုက်အတန့်လေးမှာ နွယ် အတတ်နိုင်ဆုံး ကူညီဖေးမနိုင်ခဲ့ပြီဖြစ်၍ ၀မ်းသာမိသည်။ ကိုမျိုးကိုတော့ ဒီအကြောင်းတွေ နောက်မှပဲ အေးအေးဆေးဆေး အချိန်ယူကာ ပြောပြရဦးမည်။ ဖုန်းထဲမှာ အမှတ်တရ ရိုက်ယူခဲ့သော မောင်ဝင်းအောင်၏ ဓာတ်ပုံလေးကို ကြည့်မိသော နွယ့်မျက်ဝန်းမှာလည်း မျက်ရည်စတွေနှင့်…။ 

**ဇွန်မိုးစက်** 

 (ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို အခြေခံပြီး ရေးထားတာမို့ ပါဝင်သူဇာတ်ကောင်တွေရဲ့ နာမည်ကို ဆီလျော်အောင် ပြောင်းလဲထားပါတယ်။ ကလေးငယ်အတွက် ခိုလှုံရာနေရာတစ်ခု ရရှိဖို့ အပင်ပန်းခံ ကြိုးစားပေးခဲ့ရုံမျှမက လိုလေးသေးမရှိဝယ်ယူဖြည့်ဆည်းပေးခဲ့တဲ့ သူငယ်ချင်းနွယ်၊ ကလေးအတွက်ရော သုခရိပ်မြုံအတွက်ပါ ငွေကြေးပံ့ပိုးလှူဒါန်းခဲ့တဲ့ ညီမ၀မ်းကွဲစိမ်းနှင့် လက်တွဲဖော်ဂျွန်တို့ရဲ့ မေတ္တာစေတနာကို အသိမှတ်ပြု ကျေးဇူးတင်သောအားဖြင့် ဒီစာလေးကို ရေးဖွဲ့မိပါတယ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)